News

စွန့်ပစ်လူနာတွေ များလာလို့ စိတ်ကျန်းမာရေး ဆေးရုံ ဆက်လက် ရပ်တည်ဖို့ ခက်ခဲ

http://www.luckymyotaw.com

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)သို့ လစဉ်လာရောက် စွန့်ပစ်သည့် လူနာများ များပြားလာသောကြောင့် ထိုသို့ စွန့်ပစ်လူနာများပြားလာပါက ဆေးရုံအနေဖြင့် ဆက်လက်၍ ရပ်တည်နိုင်တော့မည် မဟုတ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်စိုးက ဇူလိုင်လ ၂၉ရက်နေ့က ပြောကြားသည်ဟု သိရပါသည်။

အဆိုပါ စိတ်ကျန်းမာရေးဆေးရုံတွင် လက်ရှိလက်ခံထားသည့် လူနာများအပြင် ဆေးရုံသို့ လာရောက်စွန့်ပစ်သည့် လူနာများမှာ တစ်လလျှင် ၁၅ယောက်မှ ၂၀ဝန်းကျင်ခန့် အထိ ရှိပြီး လစဉ်နှိုင်းယှဉ်ပါက တစ်လတစ်လ ပိုမို များပြားလာသည်ဟု ဆိုသည်။

“စွန့်ပစ်လူနာဆိုတာ ဆေးရုံကို လာပို့ပြီးတော့ လာပို့တဲ့ မိသားစုက ပြန်လာမကြည့်တော့တာမျိုးတွေ တစ်လထက်တစ်လ ပိုများလာတယ်။ ကျွန်တော်တို့ ဆေးရုံက ကြာရင် ဆေးရုံမဟုတ်တော့ပဲ လူနာပြုစုရေးဂေဟာ ဖြစ်တော့မယ်။ ဆေးရုံဆိုတာ အတက်အဆင်း ရှိရတယ်။ အခုဟာက အတက်ပဲ ရှိပြီး အဆင်းမရှိဘူး ဖြစ်နေတယ်။ ၂၀၁၂ခုနှစ်တုန်းကဆို စွန့်ပစ်လူနာ စုစုပေါင်း ၃၆၀ကျော်လောက် ရှိရာကနေ ဒီနှစ်ဧပြီလအထိဆိုရင် အယောက် ၆၀လောက် ထပ်တိုးလာတယ်”ဟု ဒေါက်တာ ဦးကျော်စိုးက ပြောသည်။

ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် လက်ရှိခွင့်ပြုခုတင် ၇၀၀ခန့်ရှိပြီး ဆေးရုံသို့ တက်ရောက်နေသည့် လူနာများမှာ ၁၁၀၀ဝန်းကျင်ခန့်ရှိကြောင်း၊ စွန့်ပစ်လူနာများ လစဉ်များပြားလာခြင်းကြောင့် နေရာအခက်အခဲများစွာ ဖြစ်နေကြောင်း၊ လက်ရှိဆေးရုံတွင် လူနာ ၁၁၀၀ကျပ်အတွက် နေ့စဉ်ကုန်ကျငွေကျပ် ၆သိန်းခန့် ရှိနေပြီး ပြည်တွင်း အလှူရှင်များ၏ အလှူငွေများဖြင့်သာ ရပ်တည်နေရကြောင်း သိရပါသည်။

“ဆေးရုံအတွက်က နိုင်ငံတော်က ချထားပေးတဲ့ ဘတ်ဂျက်တွေ ရှိပေမယ့် လုံလောက်မှု မရှိပါဘူး။ ပြည်တွင်း၊ ပြည်ပ NGOတွေလည်း လာရောက်လှူဒါန်းတာမျိုး မရှိဘူး။ ပြည်တွင်း အလှူရှင်တွေဆီက ပုံမှန်တစ်လကို ကျပ်သိန်း ၂၀၀လောက်ရတယ်။ ဒါနဲ့ပဲ ရပ်တည်နေရတယ်။ အခုလို စွန့်ပစ်လူနာတွေ တစ်လထက် တစ်လ ပိုများလာမယ်ဆိုရင်တော့ ရေရှည်မှာ မလွယ်ဘူး”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်စိုးက ဆက်လက် ပြောကြားပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စိတ်ကျန်းမာရေး ကုသပေးနေသည့် ဆေးရုံမှာ ရန်ကုန်နှင့် မန္တလေးတွင်သာ ရှိကြောင်း၊ ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံအား ၁၉၁၂ခုနှစ် သူရူးအက်ဥပဒေအရ ၁၉၂၈ခုနှစ်တွင် တံတားကလေး အရူးထောင်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၄၈တွင် ပြည်သူ့စိတ္တဇဆေးရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့တာ ၁၉၆၅ခုနှစ်တွင် စိတ်ရောဂါ အထူးကု ဆေးရုံကြီးအဖြစ် တိုးမြှင့်ခဲ့ကြောင်း၊ ၂၀၀၂ခုနှစ်မှ စ၍ လက်ရှိစိတ်ကျန်းမာရေး ဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

Ref: ပြည်မြန်မာနေ့စဉ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *