News

၂၀၀၈မော်ဒယ် အထက်ကား တင်သွင်း ရောင်းချခွင့် ကုမ္ပဏီ ၄၀သာ ရရှိ

ပြည်တွင်းကား အရောင်းစင်တာများအား ၂၀၀၈ခုနှစ်မော်ဒယ်နှင့်အထက် ကားများတင်သွင်းခွင့် ပေးလိုက်သော်လည်း သတ်မှတ်နှုန်းထားနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ကားအရောင်းစင်တာကုမ္ပဏီ ၄၀သာ တင်သွင်းခွင့် ရရှိကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားလိုက်သည်။ ၂၀၀၈ကားများအား တင်သွင်းရောင်းချခွင့် စည်းမျဉ်းသတ်မှတ်မှုတွင် ကားဟောင်းပါမစ်ဖြင့် အစီးတစ်ရာကျော် တင်သွင်းရောင်းချပြီးသည့် ကုမ္ပဏီများသာ ၂၀၀၈မော်ဒယ်နှင့် အထက်ကားများ တင်သွင်းခွင့် ပေးမည်ဟူသော အချက် ပါ၀င်သည်။

သို့ဖြစ်ရာ ကားအရောင်းစင်တာဖွင့်လှစ်ရောင်းခွင့် မှတ်ပုံရရှိထားသော ကုမ္ပဏီ ၁၄၀အနက် သတ်မှတ်စည်းမျဉ်းနှင့် ကိုက်ညီသည့်ကုမ္ပဏီ ၄၀သာရှိခြင်းကြောင့် ကျန်အရောင်းစင်တာကုမ္ပဏီ ၁၀၀မှာ တင်သွင်းခွင့် မရရှိခဲ့ခြင်းဖြစ်သည်။ Farmer Auto Car Show Roomလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “၂၀၀၈ မော်ဒယ်အထက်ကားတွေကို တင်သွင်းခွင့် ပေးတယ်ဆိုပေမယ့် အစီး ၁၀၀ ပြည့်တဲ့ ကားကုမ္ပဏီတွေကိုသာ ခွင့်ပြုမယ်လို့ စည်းမျဉ်းနဲ့ သတ်မှတ် ထားတော့ ကုမ္ပဏီ ၄၀သာ ရတာဖြစ်ပါတယ်”ဟု ပြောသည်။

ယခင်က ကားအရောင်းစင်တာများ အနေဖြင့် ၁၉၉၇မှ ၂၀၀၇ မော်ဒယ်အထိ ကားများကိုသာ တင်သွင်းခွင့် ရရှိခဲ့သော်လည်း သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ စီပွားကူးသန်းရုံးတွင်ကျင်းပသော စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းနှင့် မော်တော်ယာဉ် တင်သွင်းရောင်းချသည့် ကုမ္မဏီများ တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ် မော်ဒယ်နှင့် အထက်ကားများကိုပါ တင်သွင်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ စည်းမျဉ်းများတွင် ကားအရောင်းစင်တာ ကုမ္ပဏီတစ်ခုသည် တစ်ကြိမ်လျှင်အနည်းဆုံး ကားအစီးရေ ၅၀ တင်သွင်းရမည်ဖြစ်ကာ တိုင်းဒေသကြီးခွင့်ပြုချက်၊ စည်ပင် ခွင့်ပြုချက်များအပြင် ဘဏ်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းထားရှိသည့် အထောက်အထားများရှိရန်စသော အချက်များ ပါ၀င်သည်။

ထိုသို့ တင်တွင်းခွင့် ပြုရာတွင် ကားအရောင်းစင်တာများအနေဖြင့် ကားတင်သွင်းရောင်းချပြီးမှသာ အခွန်ငွေပေးချေသည့် Consignment စနစ်ဖြင့် တင်သွင်းခွင့်ရရခဲ့သည်။ အောင်သိန်းသန်း ကားအရောင်းစင်တာ လုပ်ငန်းရှင် ဦးထွန်းအေးက “တကယ်တမ်း လုပ်ငန်းတွေအပေါ်မှာ စီစစ်ပြီးမှ တင်သွင်းခွင့်ပေးလိုက်တော့ တကယ်အလုပ်လုပ်တဲ့ သူတွေအတွက်ကောင်းတာပေါ့။ တစ်ချို့ကျတော့ Show Room မှတ်ပုံတင်တော့ရှိတယ်။ ဒါပေမယ့် အရောင်းနေရာသီးသန့်မရှိဘဲ လုပ်နေတဲ့သူတွေ လည်းရှိတော့ တကယ်လုပ်တဲ့သူတွေ နစ်နာတာတွေအတွက် ကောင်းသွားတာပေါ့”ဟု ပြောကြားလိုက်သည်။ လက်ရှိ ကားမူဝါဒများအရ တစ်ဦးချင်းတင်သွင်းသူများသည် ကန်ဒေါ်လာငါးထောင် ဘဏ်စာရင်းဖွင့်ကာ တင်သွင်းရပြီး ကားအရောင်းစင်တာပါမစ်ဖြင့် တင်သွင်းပါက တိုက်ရိုက်တင်သွင်းခွင့်ရရှိမည်ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *