Health, Opinion

မိုးနှင့်လူ

“မိုးတွင်းပဲ မိုးရွာတာ ဘာဆန်းလဲ
မိုးရွာတုန်း လေတိုက်တာကရော ထူးဆန်းလို့လား”
ဂွကျကျ အသံစာစာ စကားတစ်ခွန်းသည် ဒေါက်တာပီတိ၏ နားအတွင်းသို့ သံရည်ပူလောင်းသည့်နှယ် ဝင်လာသဖြင့် အသံလာရာသို့  လှမ်းကြည့်မိသည်။ ၁၅နှစ် ၁၆နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက သူ့အနားရှိ ကောင်လေးတစ်ယောက်ကို ဆူပူကြိမ်းမောင်းနေခြင်းတည်း။ မိုးသည်းချိန်တွင် လေပါတိုက်၍ ဆောင်းလာသော ချာလီထီးပင် လန်သွားသဖြင့် မိုးရေထဲ ရွှဲရွဲစိုနေသော မောင်နှမနှစ်ဦး ဖြစ်ဟန်တူသည်။

“ဒီကလေးတွေတော့ ဖျားတော့မှာပဲ၊ လာလာအမိုးအောက်ကိုဝင် အနီးအနားရှိ ကုန်စုံဆိုင်မှ အဒေါ်ကြီး၏ အသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။ ပြောနေဆိုနေတုန်းပင် မိုးကတိတ်သွားသည်။ စောစောက သူမဟုတ်သည့်နှယ် ပကတိ မိုးစဲသွားသည်။ ဒေါက်တာပီတိလည်း သွားရမည့် ခရီးကို ခရီးဆက်ခဲ့သည်။ ကောင်းကင်မှ မိုးမသွန်းဖြိုးတော့သော်လည်း မြေပြင်၌ ထင်ကျန်ရစ်ခဲ့သော မိုးရေများက စိုစွတ်နေဆဲ။ ချိုင့်ခွက်များက ပြည့်လျှံနေသကဲ့သို့ မြောင်းများ၌လည်း ရေများက တသွင်သွင် စီးနေသည်။
“ဟေး…ဟေး…ပျော်တယ်ဟေး…..ပျော်တယ်ဟေး…အသက်ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးတစ်စု မြောင်းရေထဲ၌ ရေကူးနေၾကသည်။

“ဟဲ့ ကလေးတွေ ရေထဲမျောပါသွားလို့ သေကုန်တော့မယ်။ အခု တက်စမ်း” အဒေါ်ကြီးတစ်ဦးက တုတ်တစ်ချောင်းကို ကိုင်ကာ အော်ပြောနေသော်လည်း ကလေးများကား အဆော့မပျက်။ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းနည်းသေးသော ကလေးဘဝ၌ ကောင်းသည်ထင်၍ လုပ်မိသည်များသည် အဆိုးများ ဖြစ်နေတတ်သည်ကို လူကြီးဘဝရောက်မှ သိတတ်မြဲ မဟုတ်ပါလော။ “ကြီးမေက ဘယ်လိုဖြစ်နေတာလဲ သားတို့က အခုမှစ ဆော့ရသေးတာ။ မျောမပါနိုင်ပါဘူး။ ရေက တိမ်တိမ်လေးကို”

“ဟင်း”

ဒေါက်တာပီတိတစ်ယောက် သက်ပြင်းသာချပြီး ရှေ့ဆက်လျှောက်ခဲ့မိသည်။

“ဂိုး” “မဂိုးဘူးကှ မင်းလူကျွံနေတာ”

လမ်းဘေးမြေကွက်လပ်ငယ်တွင် စမောဂိုး ကန်နေကြသော ဘောလုံးသမား လူငယ်တစ်စု၊ အင်္ကျီဘောင်းဘီ ခြေစွပ်နှင့် ဖိနပ်ဝတ်စုံပြည့်ဖြင့် ကန်နေကြသူများ။ မြန်မာလူငယ်လက်ရွေးစင် ဘောလုံးသမားဘဝကို ရည်မှန်းထားသူများလား။ ငြင်းကြခုံကြနှင့် ရန်ဖြစ်ကြတာ့မည်။ ဤသည်လည်း လူငယ်ဘဝ၏ သဘာဝတစ်ခု။ မိမိတို့ငယ်စဉ်ကလည်း မိုးရွာထဲ ဘောကန်ခဲ့ဖူးသည်။ ဘောကန်ပြီး ဖျားခဲ့နာခဲ့လားတော့ မမှတ်မိ။

မေတ္တာလမ်းချိုးလေးထဲကို ကွေ့ဝင်လိုက်တော့။ ကောင်းကင်က အလွန်ပင် သာယာစပြုနေပြီ။ မိုးကင်းစင်ရုံ သာမက ပြာလဲ့သောကောင်းကင်ပေါ်၌ အဖြူရောင် တိမ်လိပ်များက ဂွမ်းစိုင်များနှယ်၊ အစုလိုက် အစုပ်လိုက် မေတ္တာလမ်းဟု နာမည်ပေးထား၍လားတော့ မသိ။ လမ်းတစ်လျှောက် ဝဲယာတစ်ဖက်တစ်ချက်၌ စိမ်းလန်းစိုပြည်စွာ ရှိနေသော ရေတမာပင်များ၏ အောက်ဝယ် ဖြူနီပြာဝါ ရောင်စု ထီးတစ်လက်စီ တွေ့ရသည်။ လမ်း၏ တစ်ဖက်တွင် ကြည်လင်စိမ်းမြနေသော ကန်သာယာကန်ကြီး၏ အလှကို ငေးမောကြည့်ရင်း ချစ်ခြင်းဝေသီ စကားစမြည် ပြောနေကြသူ လူငယ်မောင်မယ် အတွဲလေးများတည်း။ ထို့ကြောင့်လည်း မေတ္တာလမ်းဟု ခေါ်ခြင်းဖြစ်မည်။ စာရေးသူ ဆေးကျောင်းစတက်စဉ်က (၈)မိုင်၊ ပန်းခြံနားရောက်တိုင်း ဘတ်စကား စပယ်ယာများက
“ရင်ခွင်နန်းတော်”ပါလားဟု မေးလေ့ရှိခဲ့သည်ကို အစက သဘောမပေါက်ခဲ့။ ယခုလည်း ထိုနာမည်လေးကို သတိရခဲ့မိသည်။ “သြော် ရင်ခွင်နန်းတော်ထဲ ရောက်နေကြပါလား”

ဤဒေသဤလမ်း ခရီးသည်ကား စာရေးသူ တစ်ပတ်လျှင် နှစ်ကြိမ်မျှ ဖြတ်ရသော လမ်းတည်း။ “…..” ကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ ဆရာဝန်အဖြစ် တစ်ပတ်လျှင် နှစ်ရက်မျှ တာဝန်ဆေးကုခွင့်ရသောကြောင့် ဖြစ်သည်။ လူဦးရေ ထူထပ်ပြီး ကျပန်းအလုပ်သမား အများစု နေထိုင်ရာ ဆင်းရဲသား ရပ်ကွက်လေးဟုဆိုလျှင် မမှားပေ။ ဆင်းရဲသား လူတန်းစားဟူသည် အမှန်တကယ်ရှိကြောင်း ထိုဆေးခန်းများက သက်သေထူထားပါသည်။ ဆေးဖိုးဝါးခ မပြောနှင့် အစာအာဟာရဖိုးပင် မတတ်နိုင်သူများ ရှိနေသည်ကို စာဖတ်သူတို့ ယုံကြည်ချင်မှ ယုံလိမ့်မည်။ မယုံမရှိပါနှင့်။ တကယ်ရှိပါသည်။ ဆင်းရဲသား လူနာများကို မချမ်းသာသော ဒေါက်တာပီတိတို့ အဖွဲ့က တတ်နိုင်သမျှ ကုသပေးသည်။

“ဆရာ အိမ်က မလုံတော့။ မိုးရွာရင် နေစရာ မရှိဘူး။ ကလေးငယ်လေးကို ကျွန်မရင်ခွင်ထဲ ဖက်ထားပြီး အကြီးကောင်နဲ့ သူ့အဖေက ဒီလိုပဲ မိုးဆဲမှ စောင်ချုံအိပ်ရတာ”

“ဆရာတို့က အလကား ကုပေးမှန်းတော့ သိပါတယ်။ ဒါပေမယ့် ဆေးခန်းကို ထလာနိုင်ဖို့ အင်အား မရှိလို့ပါ”

“ဆရာ တစ်ခါတည်း ကောင်းအောင် ကုပေးလိုက်ပါ။ ရက်ပျက်ရင် စက်ရုံက လခဖြတ်ရုံမက ဒဏ်ကြေးပါဆောင်ရလို့ပါ”

“ဆရာက ဆေးရုံမှာ ကုမှရမယ့် ရောဂါလို့ ပြောပေမယ့်။ ဆေးရုံမသွားနိုင်ပါဘူးဆရာ၊ ဆရာ တတ်နိုင်သလောက်သာ ကုပေးပါ၊ ကျန်တာက ကျွန်တော့်ကံပေါ့”
နောက်ဆုံးတော့ “ကံ”ကိုပင် လွှဲချရတော့မည်။ အတိတ်ကံ မကောင်းခဲ့သူများတည်း။ ပစ္စုပ္ပန်ကံလည်း နိုင်မည် မထင်။ သံသရာ ဝဲဂယက်ထဲ လည်နေရဦးမည်။ မည်သူမျှ ကယ်တင်နိုင်မည် မဟုတ်။

လူနာအများစုသည် ဆေးရုံကြောက်ကြသည်။ ဆေးရုံမှ ဆေးဝါးနှင့် ကုသမှု၊ ဓာတ်ခွဲ စမ်းသပ်မှုများ အခမဲ့ (FOC)ပေးနိုင်ပြီ ဖြစ်သော်လည်း ဆေးရုံစောင့်မည့်သူ၊ ထမင်းပို့မည့်သူမရှိ၍ ဆေးရုံမတက်နိုင်သူများ ရှိကြသည်။ စာရေးသူ၏ ကျေးဇူးရှင် ပါမောက္ခ ဆရာကြီးများ၏ နိုင်ငံခြား အတွေ့အကြုံအရ ထိုနိုင်ငံတို့တွင် မိသားစုမှ ထမင်းပို့စရာမလို၊ ဆေးရုံစောင့်စရာမလို၊ Socion Serviceနှင့် Health Snsuranceမှ တာဝန်ယူ၍ ဆေးရုံမှ စောင့်ရှောက်ပေးသည်။ မိသားစုက တစ်နေ့တစ်ကြိမ်မျှ ပန်းစည်းကလေး လက်က ကိုင်လာပြီး “အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်” “အဖေ/အမေ နေကောင်းမယ်လို့ ယုံကြည်ပါတယ်” အစရှိသဖြင့်သာ နှုတ်ခွန်းဆက်စကားဖြင့် ဧည့်တွေ့သဘောလာကြရန်သာ လိုကြောင်း၊ အံ့သြဖွယ်ရာကြားသိရသည်။ နွမ်းပါးသူများ ဆေးရုံတက်ရ၍ အလုပ်ပျက်လျှင်လည်း အလုပ်ပျက်စဉ်ကာလနှင့် ရောဂါအတိမ်အနက်ပေါ် မူတည်ပြီး အနားယူရန်လိုသည့်ကာလတစ်လျှောက် ထောက်ပံ့ကြေးပေးထားသည်ဟူ၍လည်း ကြားရသည်။

“သြော်…ဒါကြောင့်လည်း နိုင်ငံခြားဆိုတာကို သွားချင်ကြတာပေါ့” “စနစ်တစ်ခုကောင်းရင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေး ဘက်စုံတိုးတက်လာမှာပဲ” ဆရာပြောလေ့ရှိသော အားကျဖွယ်ရာ စကားများ။

ယခုတစ်ပတ်အဖို့ ထိုကုသိုလ်ဖြစ် ဆေးခန်းလေးတွင် လေးရက်ဆက်တိုက် တာဝန်ယူ ကုသပေးရသည်။ နောက်ဆုံးနေ့ လူနာများသည်ကား စာရေးသူအတွက် တစ်စိမ်းမဟုတ်သော ရင်းနှီးနေသော တွေ့နေကြ၊ မြင်နေကြ ပုဂ္ဂိုလ်များတည်း။

“ဆရာရယ် နဂိုလည်း မိုးရွာထဲ ဘောကန်တာပဲ၊ ဒီတစ်ခေါက် ဘယ်လိုဖြစ်လဲ မသိဘူး။ ဖျားမယ့် ဖျားတော့ ကျွန်တော်တို့ လေးယောက်စလုံး”
လမ်းဘေးမြေကွက်လပ်၌  ကစားလေ့ရှိသော ဘောလုံးသမား လူငယ်တစ်စု။

“အခုတော့ ဖျားပြီလေဆရာ၊ မိုးရွာတာနဲ့ လစ်ခနဲပျောက်သွားပြီ မြောင်းထဲ ရေဆင်းကူးကြတဲ့ ညီအစ်ကို သုံးယောက်လေ”

“ကြီးဒေါ်ကို နိုင်လို့ ရပေမယ့် ရောဂါကိုတော့ နင်တို့ မနိုင်နိုင်ဘူး သိရဲ့လား”မြောင်းထဲ၌ ရေဆင်းကူးနေသော ကလေးတစ်စု။

“ဟတ်ချိုး၊ ဟတ်ချိုး” လူငယ်လေးနှစ်ဦး။ လူကို မမှတ်မိပေမယ့် ထီးကိုတော့ တရင်းတနှီး ရှိလှသည်။
“သြော်…မေတ္တာလမ်းကြားမှ အတွဲလေးတွေကိုး”

“မောင်လေးက ထီးကို ဘယ်တော့မှ သေချာမဆောင်းဘူး။ ထီးပါရဲ့သားနဲ့ မိုးမိပြီး ဖျားတာ မေမေရဲ့” အရွယ်နှင့် ထီးနှင့် မမျှ၊ မိုးနှင့်လေ၏ ခွန်အားကို မတွန်းလှန်နိုင်ခဲ့သူ ကလေးလေး။

“သြော်…….မိုး……မိုး…..မိုး……”

မိုးတွင်းတွင် လူအများစု ဖျားတတ်ကြသည်။ မဖျားလျှင်တောင် နှာစေးချောင်းဆိုး ဖြစ်တတ်ကြသည်။ စာရေးသူလည်း ယခုမိုးသည်းတုန်း လမ်းလျှောက်ပြန်ရဦးမည်။ မိုးမိလျှင် ဆရာဝန်လည်း လူသားတစ်ဦးပေမို့ ဖျားဦးမည်။ သို့သော် မိုးကို ကြောက်၍ အိမ်မှာ ကွေနေ၍မဖြစ်။ လူနှင့် မိုး ခွန်အား ပြိုင်ရပေဦးတော့မည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *