Opinion

အပိုင်း- ၄ ( နိုင်ငံခြားသားနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် )

ယခင်အပတ်မှ အဆက်

အော်စကာ – ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) ကမကထပြုသူသည် စီးပွားရေး လုပ်ဖို့ မြေငှားတဲ့အခါ လုပ်ထုံး လုပ်နည်း ဘယ်လိုရှိလဲဆိုတာ ရှင်းပြပါလား ဘကြီးဖြိုး။
ဘကြီးဖြိုး – မြေငှားရမ်းခွင့် ရရှိဖို့အတွက် မြေငှားရမ်းပုံစံ (၁၂)မှာ ဖြည့်သွင်းပြီး၊ မြေ ငှားရမ်းခွင့် ရှိသူ (သို့မဟုတ်) မြေ အသုံးပြုခွင့် ရသူကလည်း ငှားရမ်းရန် သဘောတူကြောင်း အထောက်အထားတွေ ပူးတွဲပြီး ကော်မရှင်ကို လျှောက်ရမယ်။

အော်စကာ – အသုံးပြုလိုတဲ့ မြေက အစိုးရဌာန၊ အဖွဲ့အစည်းကပိုင်တဲ့ မြေဖြစ်ရင်ရော။
ဘကြီးဖြိုး – သက်ဆိုင်တဲ့ အစိုးရ ဌာန၊ အဖွဲ့အစည်းက ငှားရမ်းရန် သဘောတူကြောင်း ကော်မရှင်ကို လိပ်မူ ပေးပို့တဲ့ စာတစ်ပါတည်း ပါရမယ်။

အော်စကာ – ကော်မရှင်က လျှောက်တာနဲ့ ခွင့်ပြုမှာလား။
ဘကြီးဖြိုး – ကော်မရှင်က လျှောက်ထားသူ အသုံးပြုလိုတဲ့မြေနဲ့ စပ်လျဉ်းပြီး လုပ်ငန်းဆောင်ရွက်မယ့် နေရာပေါ် မူတည်ပြီး နေပြည်တော် ကောင်စီ (သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့ (သို့မဟုတ်) ပြည်နယ် အစိုးရ အဖွဲ့ထဲက သဘောတူ ခွင့်ပြုနိုင်ခြင်းရှိ၊ မရှိ သဘောထား ယူရမယ်။

အော်စကာ – ကော်မရှင်က ခွင့်ပြုရင် ဘာဆက်လုပ်ရမလဲ။
ဘကြီးဖြိုး – ကော်မရှင်နဲ့ ခွင့်ပြုချက် ရပြီးရင် မြေငှားရမ်းခွင့်ရှိသူ (သို့မဟုတ်) မြေအသုံးပြုခွင့်ရသူနဲ့ ရင်းနှီးမြှုပ်နှံသူတို့က မြေငှားစာချုပ် ချုပ်ရမယ်။ အဲဒီစာချုပ်ကို ကော်မရှင်ကို ပေးပို့ရမယ်။

အော်စကာ – မြေငှားခနှုန်းကို ဘယ်လို သတ်မှတ်ရမလဲ။
ဘကြီးဖြိုး – အစိုးရဌာန၊ အဖွဲ့အစည်း ပိုင်တဲ့ မြေဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက အတည်ပြု ထားတဲ့ မြေငှားရမ်းခအတိုင်း ခွင့်ပြု နိုင်တယ်၊ လိုအပ်ရင် ပြည်ထောင်စု အစိုးရ အဖွဲ့ကိုတင်ပြ ဆောင်ရွက်နိုင်တယ်။

အော်စကာ – မြေငှားရမ်းခွင့်ရှိသူ (သို့မဟုတ်) မြေအသုံးပြုခွင့်ရသူ နိုင်ငံသားထံက ငှားတဲ့ မြေဆိုရင်ရော။
ဘကြီးဖြိုး – နိုင်ငံသားထံမှ ရင်းနှီးမြှုပ်နှံသူက ငှားရမ်းတဲ့ မြေငှားရမ်းခ နှုန်းထားနဲ့ ငှားရမ်းကာလအလိုက် ကာလ ပေါက်ဈေးနဲ့ အညီ နှစ်အလိုက် စာချုပ် ချုပ်ဆိုခြင်းကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း သတ်မှတ်နိုင်တယ်။ သဘောတူညီတဲ့ မြေငှားရမ်းခ နှုန်းထားကိုတော့ ကော်မရှင်ကို တင်ပြရမယ်။

အော်စကာ – ငှားတဲ့အခါ လအလိုက် တွက်ရမယ်၊ နှစ်အလိုက် တွက်ရမယ်။
ဘကြီးဖြိုး – စတင် ငှားရမ်းမယ့် နေရက်က စပြီး ၃၆၅ရက်အတွက် တစ်ကြိမ် ပေးချေရမယ့် နှုန်းထားကို အခြေခံ တွက်ချက်ပြီး ငှားရမ်းမယ့် ကာလအတွက် မြေငှားရမ်းခ နှုန်းထား သတ်မှတ်ရမယ်။

အော်စကာ – မြေအသုံးပြုမှု ပရီမီယံ ကြေးရော တောင်းနိုင်လား။
ဘကြီးဖြိုး – အစိုးရဌာန၊ အဖွဲ့အစည်း ပိုင်မြေဆိုရင် မြေအသုံးပြုမှု ပရီမီယံကြေးကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက ရင်းနှီးမြှုပ်နှံသူထံက တောင်းနိုင်တယ်။

အော်စကာ – ဘယ်လို အခြေအနေ တွေမှာ မြေငှားရမ်းမှုနဲ့ ခွင့်ပြုတဲ့ လုပ်ငန်းကို ရပ်ဆိုင်းနိုင်မလဲ။
ဘကြီးဖြိုး – (က) ရင်းနှီးမြှုပ်နှံသူက မြေငှားရမ်းခတွေကို စာချုပ်ပါ ကတိအတိုင်း ပေးချေရန် ပျက်ကွက်ရင် စာချုပ်မှာပါတဲ့ အခြား ကတိကဝတ်တွေကိုလည်း လိုက်နာရန် ပျက်ကွက်ရင် (ခ) ငှားရမ်း ထားတဲ့ မြေပေါ်မှာ ရင်းနှီးမြှုပ်နှံသူက တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ရင် (ဂ) ရင်းနှီးမြှုပ်နှံသူကို အမည်ပျက်စာရင်း ကြေညာရင်း တည်ဆဲဥပဒေကို ချိုးဖောက် လို့ ဥပဒေအရ တရားစီရင်ခံရပြီး လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းကို ပိတ်သိမ်းရန် တရားရုံး (သို့မဟုတ်) အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်က ဆုံးဖြတ်ရင် ကော်မရှင်က မြေငှားရမ်းမှုနှင့် ခွင့်ပြုတဲ့ လုပ်ငန်းကို ရပ်ဆိုင်းနိုင်တယ်။

အော်စကာ – ရင်းနှီးမြှုပ်နှံသူက တွက်ခြေ မကိုက်လို့ပဲဖြစ်ဖြစ်၊ အရှုံးပေါ်လို့ပဲ ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် လုပ်ကိုင်ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းကို ရပ်ဆိုင်းချင်ရင် ဘယ်လို လုပ်မလဲ။
ဘကြီးဖြိုး – ကော်မရှင်ကို အနည်းဆုံး (၆)လ ကြိုတင် တင်ပြရမယ်။

အော်စကာ – စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း (သို့မဟုတ်) အစိုးရက ခွင့်ပြုထားတဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ ခွင့်ပြုထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေမှာ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကို ဖြစ်စေ၊ ရှေးဟောင်း ဝတ္ထုပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံကို ဖြစ်စေ၊ ရတနာသိုက်ကို ဖြစ်စေ တွေ့ရှိရင် ဘယ်လိုလုပ်ရမလဲ။
ဘကြီးဖြိုး – တွေ့ရှိတဲ့အချိန်က ၂၄နာရီ အတွင်း ကော်မရှင်ကို သတင်းပေးပို့ တင်ပြ ရမယ်။

အော်စကာ – မြေငှားရမ်းမှု ပြီးဆုံးတဲ့ အခါ ဘယ်လိုလုပ်ရမလဲ။
ဘကြီးဖြိုး – မြေငှားစာချုပ်ပါ ကတိအတိုင်း လိုက်နာဆောင်ရွက်လို့ ငှားရမ်းမှု ပြီးဆုံးတဲ့အခါ ငှားရမ်းထားတဲ့ မြေကို မြေငှားရမ်းခွင့်ရှိသူ (သို့မဟုတ်) မြေအသုံးပြုခွင့်ရသူထံ နှစ်ဦးနှစ်ဖက် စာရင်း ရှင်းလင်းပြီးတဲ့နေ့က (၇)ရက်အတွင်း ပြန်လည် လွှဲပြောင်းပေးအပ်ရမယ်။

အော်စကာ – ငှားရမ်းစာချုပ်ပါ ကာလ မပြည့်မီ လုပ်ငန်းရပ်ဆိုင်းရင် မြေငှားရမ်းခွင့်ရှိသူ နစ်နာမှာလား။
ဘကြီးဖြိုး – အကြောင်းတစ်ခုကြောင့် ငှားရမ်းစာချုပ် ကာလမပြည့်မီ လုပ်ငန်း ရပ်ဆိုင်းရရင် မြေငှားရမ်းခွင့်ရှိသူ (သို့မဟုတ်)မြေအသုံးပြုခွင့်ရသူ နစ်နာမှု မရှိစေရေးအတွက် စာချုပ်ပါအတိုင်း ငှားရမ်းခတွေ ပေးရမယ်။

အော်စကာ – မြေငှားရမ်းခွင့်ရှိတဲ့သူ (သို့မဟုတ်) မြေအသုံးပြုခွင့်ရသူက မြေပြန် ရပြီးရင် ဘာလုပ်ရမလဲ။
ဘကြီးဖြိုး – မိမိ ငှားရမ်းထားတဲ့ မြေပြန်ရပြီးကြောင်းကို ပြန်ရတဲ့နေ့က (၇)ရက်အတွင်း ကော်မရှင်ကို အသိပေး တင်ပြရမယ်။

အော်စကာ – ရင်းနှီးမြှုပ်နှံတဲ့ လူက မြေငှားရမ်းခွင့် ရပြီးရင် ကြိုက်သလို အသုံး ပြုနိုင်ပြီပေါ့။
ဘကြီးဖြိုး – အဲဒီလိုလည်း မဟုတ်ဘူးလေ၊ ရင်းနှီးမြှုပ်နှံသူ အဆိုပြုထားတဲ့ စီးပွားရေးလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိပါဘူး။ ကော်မရှင်က ခွင့်ပြုထားတဲ့ လုပ်ငန်းမှအပ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းတွေ ထုတ်ယူခြင်း မပြုရဘူး။

အော်စကာ – မြေအနိမ့် အမြင့် မညီတာ တွေကိုတော့ ကိုယ့်ဘာသာ ပြုပြင်လို့ ရတယ်မလား။
ဘကြီးဖြိုး – ရင်းနှီးမြှုပ်နှံသူ ငှားရမ်းခွင့် ရတဲ့ မြေရဲ့ သဘာဝမြေမျက်နှာသွင်ပြင်၊ မြေအနိမ့်အမြင့် အနေအထားကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနနဲ့ မြေငှားရမ်းခွင့်ရှိသူ (သို့မဟုတ်) မြေအသုံးပြုခွင့် ရသူ၏ သဘောတူညီချက် ဖြင့်သာ ပြုပြင်ပြောင်းလဲ ပြင်ဆင် အသုံး ပြုခွင့် ရှိတယ်။

အော်စကာ – ရင်းနှီးမြှုပ်နှံသူက မူလ အဆိုပြုချက်နဲ့ မကိုက်ဘဲ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ လုပ်ငန်းဆောင်ရွက်မယ် (သို့မဟုတ်) ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက် မထားဘူး၊ အသံ ဆူညံမှုကြောင့် (သို့မဟုတ်) ယဉ်ကျေးမှုအရ ယင်းနေရာ တစ်ဝိုက် နေထိုင်သူတွေကို အနှောင့်အယှက် ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
ဘကြီးဖြိုး – ပတ်ဝန်းကျင်က ကန့်ကွက်ရင် ကော်မရှင်က စစ်ဆေးပြီး ဆက်လက် ခွင့်ပြုရန် မသင့်ရင် ငှားရမ်းခြင်း (သို့မဟုတ်) အသုံးပြုခွင့် ပေးခြင်းကို ရပ်ဆိုင်းနိုင်တယ်။

အော်စကာ – ရင်းနှီးမြှုပ်နှံသူက လယ်ယာမြေတွေကို ငှားပြီး အခြား လုပ်ငန်းတွေ လုပ်ခွင့်ရှိလား။
ဘကြီးဖြိုး – နိုင်ငံသားတွေ လုပ်ကိုင်ခွင့် ရရှိထားတဲ့ လယ်ယာမြေတွေကို ရင်းနှီး မြှုပ်နှံသူက ငှားပြီး လယ်ယာသီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများမှအပ အခြားမည်သည့် လုပ်ငန်းကွဲမျှ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်မရှိဘဲ လုပ်ကိုင်ခွင့် မရှိပါဘူး။

အော်စကာ – ရင်းနှီးမြှုပ်နှံသူတွေကို ငှားရမ်းခွင့်မပြုတဲ့ မြေတွေရော ရှိသေးလား။
ဘကြီးဖြိုး – အောက်ပါမြေတွေကို ရင်းနှီးမြှုပ်နှံသူက စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ် လုပ်ကိုင်ရန် ငှားရမ်း ဆောင်ရွက်ခွင့် မရှိပါဘူး။

  • သာသနာ့မြေများ။
  • သက်ဆိုင်ရာ ဝန်ကြီးဌာနများက သတ်မှတ်ထားသော ယဉ်ကျေးမှု အမွေ အနှစ် ဒေသများ၊ သဘာဝအမွေအနှစ် ဒေသများ။
  • နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ်ထားသည့် မြေများ။
  • အမှုအခင်း ဖြစ်ပွားလျက်ရှိသော မြေများ။
  • နိုင်ငံတော်က အခါအားလျော်စွာ ကန့်သတ်တားမြစ်သည့် မြေများ။
  • ရင်းနှီးမြှုပ်နှံသူ၏ စီးပွားရေး လုပ်ငန်းကြောင့် မြို့ပြလူနေထိုင်ရာ ရပ်ဝန်း အတွင်း၊ အများပြည်သူ၏ ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း၊ အသံဆူညံမှု ဖြစ်စေခြင်း၊ ယဉ်ကျေးမှု ထိခိုက်စေခြင်းစသည့် အခြေအနေ ဖြစ်ပေါ်နိုင်မည့် အရပ်ဒေသ (သို့မဟုတ်) အဆောက်အအုံ တည်ရှိသည့် မြေများ။

အော်စကာ – လုပ်ငန်းဆောင်ရွက်မယ့် မြေပေါ်မှာ လူနေအိမ်မြေတွေ၊ အဆောက် အဦးတွေ၊ လယ်ယာဥယျာဉ် ခြံမြေ၊ သီးပင် စားပင်တွေရှိရင် ဘယ်လိုလုပ်မလဲ။
ဘကြီးဖြိုး – အဲဒါတွေကို ပြောင်းရွေ့ ရှင်းလင်းရန် လိုအပ်ရင် ပြောင်းရွေ့ နေရာ ချထားပေးရမယ်။ မိမိ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းမှာ အလုပ်အကိုင်တွေပေးရမယ်၊ ဒေသန္တရ ကာလပေါက်ဈေးနဲ့ ပေးချေတာ၊ လျော်ကြေး ပေးတာကို သက်ဆိုင်ရာ ပိုင်ဆိုင်သူ၏ သဘောတူ ကျေနပ်ကြောင်း ဖော်ပြချက်နှင့်အတူ လုပ်ငန်းဆောင်ရွက်မယ့် ဒေသအပေါ် မူတည်ပြီး နေပြည်တော် ကော်စီတိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာ အစိုးရဌာနတို့ရဲ့ ခွင့်ပြုချက် ရယူ ညှိနှိုင်းဆောင်ရွက်ရမယ်။

အော်စကာ – အများပြည်သူက ရွေ့ပြောင်း ဖယ်ရှားပေးလိုခြင်း မရှိတဲ့ နေရာတွေမှာ ဘယ်လိုလုပ်မလဲ။
ဘကြီးဖြိုး – အဲဒီလို နေရာတွေမှာ မြေငှားရမ်းပြီး ရင်းနှီးမြှုပ်နှံခွင့် မရှိဘူး။

အော်စကာ – ရင်းနှီးမြှုပ်နှံသူက မိမိ ငှားရမ်းခွင့် ရထားတဲ့ မြေကို သတ်မှတ်ထားတဲ့ သက်တမ်း ကာလ အတွင်း အခြားပုဂိ္ဂုလ်တစ်ဦးဦးကို တစ်ဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာ လွှဲပြောင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်း လုပ်ချင်တယ်ဆိုရင် ကိုယ့်သဘောအတိုင်း လုပ်လို့ ရပါသလား။
ဘကြီးဖြိုး – မြို့ပြ တည်ဆောက်ခြင်း၊ ဟိုတယ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေ အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ၊ လမ်း၊ တံတား၊ ဆက်သွယ် ပို့ဆောင်ရေးအခြေခံ၊ အဆောက်အအုံ တည်ဆောက်မယ််ဆိုရင် ဘယ်လိုလုပ်ရမလဲ။
ဘကြီးဖြိုး – အဲဒီလုပ်ငန်း ဆောင်ရွက်မယ့် ဒေသအပေါ်မူတည်ပြီး နေပြည်တော် ကောင်စီ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီနဲ့ အစိုးရ အဖွဲ့အစည်းက ရေးဆွဲထားတဲ့ မြို့ပြ ဖံွ့ဖြိုးရေး အစီအမံများနဲ့ ကိုက်ညီပြီး ယင်းတို့က ခွင့်ပြုမှ ကော်မရှင်ကို တင်ပြ ဆောင်ရွက်ရမယ်။

အော်စကာ – ရင်းနှီးမြှုပ်နှံသူသည် မိမိ ငှားရမ်းထားတဲ့ မြေပေါ်မှာ မိမိ အဆိုပြုထားတဲ့ စီးပွားရေးလုပ်ငန်းကို ရပ်ပြီး အခြား စီးပွားရေးလုပ်ငန်း ပြောင်းလဲ လုပ်ကိုင်ချင်တယ် မူလ စီးပွားရေးလုပ်ငန်း အပြင် အခြား စီးပွားရေးလုပ်ငန်း တိုးချဲ့ လုပ်ကိုင်ချင်တယ် ဆိုရင်ရော။
ဘကြီးဖြိုး – ကော်မရှင်ရဲ့ ခွင့်ပြုချက် ရရှိမှ ဆောင်ရွက်ရမှာ ဖြစ်တယ်။

အော်စကာ – မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီသည် ခွင့်ပြုထားပြီးတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း တွေကို ပြန်ယူခွင့် ရှိပါသလား။
ဘကြီးဖြိုး – (က) ခွင့်ပြုထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ၊
(ခ) နိုင်ငံတော်အကျိုးအတွက် အခြေခံ အဆောက်အအုံ စီမံကိန်းလုပ်ငန်း (သို့မဟုတ်) အထူးစီမံကိန်း လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ရင်။
(ဂ) ခွင့်ပြုထားတဲ့ ဓာတ်သတ္ထု အမျိုးအစားမှ တစ်ပါး အခြားသယံဇာတ ပစ္စည်းတွေရှိရင် လိုအပ်တဲ့ အနည်းဆုံး မြေဧရိယာကို ပြန်လည်ရယူခွင့် ရှိတယ်။

အော်စကာ – ဒါဆို မြေငှားရမ်းခွင့် ရရှိထားသူက နစ်နာတာပေါ့နော်။
ဘကြီးဖြိုး – ခွင့်ပြုထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို ပြန်ရယူခြင်းအတွက် ငှားရမ်းခွင့် (သို့မဟုတ်) အသုံးပြုခွင့်ရှိသူ၊ အမှန်တကယ် ရင်းနှီးမြှုပ်နှံထားတဲ့ ကုန်ကျစရိတ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ကာလတန်ဖိုး တွက်ချက်ပြီး သင့်လျော်တဲ့ ကာလအတွင်း လျော်ကြေးရရှိအောင် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမှာ ဖြစ်လို့ မနစ်နာ စေရပါဘူးကွာ။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *