Opinion

အပိုင်း- ၃ ( နိုင်ငံခြားသားနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် )

ယခင်အပတ်မှ အဆက်

အော်စကာ – စီးပွားရေး လုပ်ငန်းကို ခွင့်ပြုမိန့် ရပြီးရင် အာမခံထားရမယ် ပြောတယ်။ ဘယ်လို အာမခံမျိုးလဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – တို့နိုင်ငံမှာ အာမခံ ထားတဲ့ အလေ့အကျင့်က နည်းသေးတယ်။ တကယ်တော့ အာမခံ ထားတယ်ဆိုတာ လူအတွက်၊ ပစ္စည်းအတွက် လုံခြုံစိတ်ချမှု ရှိတာပေါ့ကွယ်။

  • စက်ပစ္စည်း အာမခံ
  • မီးအာမခံ
  • ရေကြောင်း အာမခံ
  • ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံ
  • သဘာဝ ဘေးအန္တရာယ် အာမခံ
  • အသက်အာမခံနဲ့ လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အခြား အာမခံတွေကို ထားရမယ်။

အော်စကာ – အမှုထမ်းတွေနဲ့ အလုပ်သမားတွေကို ဘယ်လို ခန့်ထားရမလဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ကျွမ်းကျင်မှု မလိုတဲ့ လုပ်ငန်းဆိုပြီး ရှိတယ်လေ။ ကျွမ်းကျင်မှု ဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံသား ကျွမ်းကျင်သူတွေကို လုပ်ငန်း စတင်သည့် နှစ်မှ ပထမ (၂)နှစ်အတွင်း အနည်းဆုံး ၂၅ရာခိုင်နှုန်း၊ ဒုတိယနှစ် နှစ်အတွင်း အနည်းဆုံး ၅၀ရာခိုင်နှုန်း၊ တတိယနှစ် နှစ်အတွင်း အနည်းဆုံး ၇၅ရာခိုင်နှုန်းခန့်ထားပြီး ဖြစ်ရမယ်။ ကျွမ်းကျင်မှု မလိုတဲ့ လုပ်ငန်း တွေမှာတော့ နိုင်ငံသား တွေကိုပဲ ခန့်ထားရမယ်။

အော်စကာ – နိုင်ငံခြားသား ဝန်ထမ်းနဲ့ နိုင်ငံသား ဝန်ထမ်းတွေကို လုပ်ခ အဆင့်တွေ ခွဲခြားဦးမှာလား။
ဘကြီးဖြိုး – ပညာရှင်အဆင့် အချိုးကျ ခွဲဝေမှုအဖြစ် နိုင်ငံခြားသား ဝန်ထမ်းများ နည်းတူ မြန်မာနိုင်ငံသား ဝန်ထမ်းတွေကို ခန့်ထားရာမှာ လုပ်ခအဆင့် ခွဲခြားမှု မရှိစေဖို့ အခွင့်အရေးတွေ စီမံ ဆောင်ရွက်ပေးရမယ်။

အော်စကာ – အနိမ့်ဆုံး လုပ်ခက ဘယ်လောက် ရှိမလဲ။
ဘကြီးဖြိုး – သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ အမိန့် ကြော်ငြာစာနှင့် ညွှန်ကြားချက် တွေမှာ ထုတ်ပြန်သတ်မှတ် ထားတဲ့ အနိမ့်ဆုံး လုပ်ခ နှုန်းထားအောက် လျော့နည်းခြင်း မရှိစေရဘူး။

အော်စကာ – အလုပ်ခန့်တဲ့ နေရာမှာ လွယ်လွယ်ကူကူ ခန့်ပြီး မကြိုက်ရင် လွယ်လွယ် ကူကူ ဖြုတ်နိုင်တာမျိုးတွေ ရှိဦးမှာလား။
ဘကြီးဖြိုး – မြန်မာနိုင်ငံသားပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲ ဖြစ်ဖြစ်၊ အလုပ်ခန့်မယ်ဆိုရင် အဲဒီလို ခန့်တဲ့နေ့က ရက်ပေါင်း (၃၀)အတွင်း အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန သတ်မှတ်ချက်များနှင့် အညီ ချုပ်ဆိုရမှာ ဖြစ်တဲ့အတွက် စိတ်ပူဖို့ မလိုပါဘူး။

အော်စကာ – ကျွန်တော်တို့ နိုင်ငံသားတွေက လုပ်ငန်း ကျွမ်းကျင်မှုပိုင်းမှာ အားနည်း တယ်၊ အဲဒီအတွက်ရော ဘယ်လို စီစဉ်ထားသလဲ။
ဘကြီးဖြိုး – ရင်းနှီးမြှုပ်နှံသူဟာ နိုင်ငံသား ဝန်ထမ်းတွေ လုပ်ငန်းကျွမ်းကျင်မှု တိုးတက် လာစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်း ပေးခြင်းတွေကို လုပ်ပေး ရမယ်။

အော်စကာ – နိုင်ငံခြားသား အလုပ်သမားတွေ၊ အမှုထမ်း တွေကရော ဘာခွင့်ပြုချက်မှ မလိုဘဲ ဒီအတိုင်း လာလုပ်လို့ ရလား။
ဘကြီးဖြိုး – ခွင့်ပြုမိန့်နဲ့ လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာ အလုပ်လုပ်မယ့် နိုင်ငံခြားသား အမှုထမ်းတွေ၊ အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့် လက်မှတ်ကို ကော်မရှင်ရဲ့ ထောက်ခံချက်နဲ့ နိုင်ငံခြားသား အလုပ်သမား ဆိုင်ရာ ဥပဒေနှင့်အညီ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှာ ရင်းနှီး မြှုပ်နှံသူက လျှောက်ထား ရမယ်။ ပြည်တွင်း နေထိုင်ခွင့့် လက်မှတ်ကို ကော်မရှင် ရုံးမှာ လျှောက်ထားရမယ်။

အော်စကာ – နိုင်ငံခြားသား အမှုထမ်းတွေ၊ အလုပ်သမား တွေရော လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ ရနိုင်လား။
ဘကြီးဖြိုး – လူမှုဖူလုံရေး ဥပဒေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ မြန်မာကျပ်ငွေနဲ့ ဖြစ်ဖြစ်၊ နိုင်ငံခြားငွေနဲ့ ဖြစ်ဖြစ် အလုပ်လုပ်ကိုင်သူ အားလုံးကို လူမှုဖူလုံရေး ဥပဒေပါ ခံစားခွင့်တွေ ရရှိစေဖို့ ရင်းနှီးမြှုပ်နှံသူက လူမှုဖူလုံရေး အဖွဲ့မှာ မှတ်ပုံတင်ထား ရမယ်လို့ ပြဋ္ဌာန်းထားတယ်။

အော်စကာ – အလုပ်ရှင်နဲ့ အလုပ်သမားတွေ ကြားမှာ အငြင်းပွားမှုတွေ မကြာခဏ ဖြစ်တတ်တယ်လေ၊ အဲဒီလို ဖြစ်ရင် ဘယ်လို ဖြေရှင်း ကြမှာလဲ။
ဘကြီးဖြိုး – အလုပ်ရှင် (သို့မဟုတ်) အလုပ်ရှင် အဖွဲ့အစည်းများနဲ့ အလုပ်သမား (သို့မဟုတ်) အလုပ်သမား အဖွဲ့အစည်းတွေ အကြား ပေါ်ပေါက်လာတဲ့ အငြင်းပွားမှုတွေ ရှိရင် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ဖြေရှင်းရမယ်။

အော်စကာ – ရင်းနှီးမြှုပ်နှံသူတွေဟာ ဘယ်လို ကင်းလွတ်ခွင့်တွေ၊ သက်သာခွင့်တွေ ရနိုင်လဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – နိုင်ငံတော်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အားပေး အထောက်အကူပြုတဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံသူကို အောက်မှာ ဖော်ပြထားတဲ့ အခွန်ကင်းလွတ်ခွင့်တွေ၊ သက်သာခွင့်တွေအနက် အပိုဒ် (က)ပါ အခွန် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်ကို ခွင့်ပြုရမယ်။ ကျန်တဲ့ ကင်းလွတ်ခွင့်တွေ၊ သက်သာခွင့်တွေ လျှောက်ထားရင်လည်း ခွင့်ပြုနိုင်တယ်။

  • ကုန်ထုတ်လုပ်ငန်း (သို့မဟုတ်) ဝန်ဆောင်မှု လုပ်ငန်း တစ်ခုခု စီးပွားဖြစ် စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း ငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ ထို့ပြင် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိလျှင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှုပေါ် မူတည်၍ သင့်လျော်သော ကာလအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်။
  • လုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို ပြန်လည် ရင်းနှီးမြှုပ်နှံရန်အတွက် သီးသန့် ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌ ပြန်လည် ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေ အပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်။
  • ဝင်ငွေခွန် စည်းကြပ်ရန် ကိစ္စအလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ (သို့မဟုတ်) လုပ်ငန်းသုံး အခြား မတည်ပစ္စည်းများ အပေါ်တွင် နိုင်ငံတော်က သတ်မှတ်ထားသည့် ပစ္စည်းတန်ဖိုး လျှော့တွက်နှုန်းများ အတိုင်း တွက်ချက်ပြီး ပစ္စည်းတန်ဖိုး လျှော့တွက်ငွေကို အမြတ်ငွေထဲမှ နုတ်ပယ်ခွင့်။
  • ကုန်ထုတ်လုပ်ငန်း တစ်ခုခုက ထုတ်လုပ်သည့် ပစ္စည်းကို ပြည်ပသို့ တင်ပို့ရောင်းချလျှင် ထိုသို့ တင်ပို့ ရောင်းချ၍ ရရှိသော အမြတ်ငွေအပေါ်တွင် ၅၀ရာခိုင်နှုန်းအထိ ဝင်ငွေခွန် သက်သာခွင့်။
  • နိုင်ငံခြားသားများ၏ ဝင်ငွေပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန် နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ခွင့်။
  • နိုင်ငံတော်အတွင်း အမှန်တကယ် လိုအပ်၍ ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖံွ့ဖြိုးရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန် စည်းကြပ်ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်။
  • လုပ်ငန်း တစ်ခုချင်းအလိုက် ပုဒ်မခွဲ (က)ပါ ဝင်ငွေခွန် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် ခံစားပြီး တစ်ဆက်တည်း နှစ်နှစ်အတွင်း အမှန်တကယ် ပေါ်ပေါက်သည့် အရှုံးငွေကို ယင်းသို့ အရှုံးပေါ်ပေါက်သည့် နှစ်မှစ၍ တစ်ဆက်တည်း သုံးနှစ်ကာလ အထိ သင်ယူခုနှိမ်ခွင့်။
  • လုပ်ငန်းတည်ဆောက်မှု ကာလအတွင်း အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန် ဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်။
  • လုပ်ငန်းတည်ဆောက်မှု ပြီးစီး၍ ပထမ သုံးနှစ်အတွက် ကုန်ထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းများအပေါ်တွင် အကောက်ခွန် ဖြစ်စေ၊ အခြား ပြည်တွင်းအခွန် အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်။
  • ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ပြီး မူလ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့ တိုးချဲ့သည့် လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်။
  • ပြည်ပသို့ တင်ပို့ရန် ထုတ်လုပ်သည့် ပစ္စည်းများအပေါ် ကုန်သွယ် လုပ်ငန်းခွန်၊ ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်။
  • ကော်မရှင်က ရင်းနှီးမြှုပ်နှံသူရဲ့ လျှောက်ထားမှုအပေါ် အခြေခံပြီး စီးပွားဖြစ် စတင်လုပ်ကိုင်တဲ့ နေ့ရက်နဲ့ အခွန် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် အမျိုးအစားနဲ့ ခံစားခွင့် ကာလကို သတ်မှတ်ပေးရမယ်။

 

အော်စကာ – ရင်းနှီးမြှုပ်နှံတဲ့လူက မြေအသုံးပြုခွင့် ဘယ်လို ရရှိနိုင်မလဲ။
ဘကြီးဖြိုး – ကော်မရှင်က ခွင့်ပြုတဲ့ စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ဖို့ အောက်ပါမြေတွေကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ ကြိုတင် သဘောတူညီချက်နဲ့ ငှားရမ်းခွင့် ပြုနိုင်တယ်။

  • အစိုးရက စီမံခန့်ခွဲခွင့် ရှိသောမြေ
  • အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း ပိုင်မြေ
  • နိုင်ငံသားပိုင် ပုဂ္ဂလိကမြေ

အော်စကာ – မြေလွတ် မြေလပ်၊ မြေရိုင်းတွေမှာ စီးပွားဖြစ် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ လုပ်ချင်ရင် ဘယ်လို လုပ်ရမလဲ။
ဘကြီးဖြိုး – ရင်းနှီးမြှုပ်နှံသူက မိမိငှားရမ်းလိုတဲ့ မြေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနဲ့အညီ ငှားရမ်း ဆောင်ရွက်ခွင့် ရှိပါတယ်။
အော်စကာ – ငှားရမ်းဆောင်ရွက်ရင် ဘယ်နှစ်နှစ်လောက် ငှားရမ်းခွင့် ရနိုင်မလဲ။
ဘကြီးဖြိုး – စီးပွားရေး လုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်ပြီး ကနဦး နှစ် (၅၀)ထိ ငှားရမ်းခွင့် ပြုနိုင်တယ်။

အော်စကာ – ခွင့်ပြုသက်တမ်း ကုန်လို့ ဆက်လုပ်ချင်တယ် ဆိုရင်ရော။
ဘကြီးဖြိုး – မြေငှားရမ်းခွင့် ရှိသူ (သို့မဟုတ်) မြေအသုံးပြုခွင့်ရသူက သဘောတူရင် ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီး သက်တမ်းတိုးခွင့်ကို (၁၀)နှစ်အထိ တစ်ဆက်တည်း နှစ်ကြိမ် တိုးမြှင့်ခွင့် ပြုနိုင်တယ်။

အော်စကာ – မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေမှာ စိုက်ပျိုးရေး မွေးမြူရေး လုပ်ရင် အသုံးပြုခွင့်ကာလ ဘယ်လောက်ရနိုင်သလဲ။
ဘကြီးဖြိုး – မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့် အညီ စိုက်ပျိုးရေး လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်ပြီး ကနဦး နှစ် (၃၀)အထိ ခွင့်ပြုနိုင်တယ်။ သက်တမ်းကုန်ရင်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနဲ့အညီ ထပ်ပြီး ခွင့်ပြုနိုင်တယ်။

အော်စကာ – နိုင်ငံသားတွေ လုပ်ကိုင်ခွင့် ရရှိထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများမှာရော ဖက်စက်လုပ်လို့ မရဘူးလား။
ဘကြီးဖြိုး – စိုက်ပျိုးရေး လုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေကို နည်းပညာနဲ့ အရင်းအနှီး သင့်လျော်ရာ အချိုး၊ နိုင်ငံသားနဲ့ ရင်းနှီးမြှုပ်နှံသူ ဖက်စပ် လုပ်ကိုင် ဆောင်ရွက်ခွင့် ရှိပါတယ်။

အော်စကာ – မြေငှားရမ်းခွင့် (သို့မဟုတ်) အသုံးပြုခွင့်ရရှိသူဟာ သူရရှိထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို ရောင်းလို့ မရဘူးလား။
ဘကြီးဖြိုး – ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ရောင်းချခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) အခြားနည်း လွှဲပြောင်းခြင်း ဆောင်ရွက်ခွင့် ရှိပါတယ်။

အော်စကာ – နိုင်ငံသားတွေ လုပ်ကိုင်ခွင့်ရထားတဲ့ လယ်ယာမြေတွေမှာ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ စီးပွားရေး လုပ်ငန်း ဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဘယ်လို စနစ်နဲ့ လုပ်ကိုင်ခွင့် ရှိပါသလဲ။ ဘကြီးဖြိုး – သီးနှံရာသီအလိုက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့ ကန်ထရိုက် လယ်ယာ စနစ်ကို နိုင်ငံသား ရင်းနှီးမြှုပ်နှံသူနဲ့ ဖက်စပ်စနစ်နဲ့ ဆောင်ရွက်ခွင့် ရှိပါတယ်။

အော်စကာ – နိုင်ငံသားတွေ လုပ်ကိုင်ခွင့် ရရှိထားတဲ့ မြေယာမှာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းတွေကို နည်းပညာနဲ့ အရင်းအနှီး ဘယ်လို အချိုးနဲ့ ဆောင်ရွက် ခွင့်ရှိလဲ။
ဘကြီးဖြိုး – နည်းပညာနဲ့ အရင်းအနှီး သင့်လျော်ရာ အချိုးနဲ့ ရင်းနှီးမြှုပ်နှံသူဟာ နိုင်ငံသားနဲ့ ဖက်စပ်စနစ် ဆောင်ရွက်ခွင့် ရှိတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *