Opinion

အပိုင်း- ၁ ( နိုင်ငံခြားသားနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် )

အော်စကာ – မင်္ဂလာပါ ဘကြီးဖြိုး။
ဘကြီးဖြိုး – မင်္ဂလာပါ အော်စကာ၊ ဒီနေ့ရော ဘာအကြောင်း ထူးသေးလဲကွဲ့။

အော်စကာ – နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွေ ထုတ်လိုက်ပြီ ကြားလို့ ဘကြီးဖြိုး။
ဘကြီးဖြိုး – ဟုတ်တယ်လေ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖံွ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက (၃၁.၁.၂၀၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၁/၂၀၁၃ အရ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘော တူညီချက်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွေ ထုတ်ပြန်လိုက်ပြီလေ။

အော်စကာ – ကျွန်တော့်မိတ်ဆွေ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံချင်တဲ့လူက နည်းဥပဒေ ထွက်တာ စောင့်နေတာ ဘကြီးဖြိုးရ၊ သူက ဘယ်လို စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလို့ ရမလဲ ဆိုတာ သိချင်နေတာ။
ဘကြီးဖြိုး – မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က (၃၁.၁.၂၀၁၃) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃နဲ့ ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်း၊ နိုင်ငံသားနှင့် ဖက်စပ် စနစ်ဖြင့်သာ ဆောင်ရွက် ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်းနှင့် သီးခြား ပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းများ စာရင်းကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ထားပြီပဲ အော်စကာရဲ့။ (၄.၂.၂၀၁၃)နေ့ထုတ် နေ့စဉ်သတင်းစာတွေမှာ ပါတယ်လေကွယ်။

အော်စကာ – ဥပဒေတွေက မြန်မာစာနဲ့ ရေးထားတာတော့ ဟုတ်ပါတယ်။ ဖတ်ရင်းနဲ့ ရှင်းသလို၊ မရှင်းသလို ကျွန်တော်က သိပ်မဖတ်တတ်လို့ ထင်ပါတယ်။
ဘကြီးဖြိုး – အော်စကာက ဘာကို မရှင်းတာလဲ၊ ရေးထားတာက တိကျပါတယ်ကွဲ့။

အော်စကာ – နိုင်ငံခြားသားက သူ့ရဲ့ ငွေရင်း အပြည့်နဲ့ လုပ်ကိုင်ရမှာလား၊ ဘယ်လောက်အချိုးပဲ လုပ်ကိုင်ခွင့်ရှိသလဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – ခုနက ပြောသလို မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အမိန့် ကြော်ငြာစာ အမှတ် ၁/၂၀၁၃နဲ့ ခွင့်မပြုတဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်း နိုင်ငံသားနှင့် ဖက်စပ် စနစ်ဖြင့်သာ ဆောင်ရွက်ခွင့် ပြုမည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်းနှင့် သီးခြား ပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့် ပြုမည့် စီးပွားရေးလုပ်ငန်း အမျိုးအစား စာရင်းပါ လုပ်ငန်းတွေမှအပ၊ အခြား ကျန်လုပ်ငန်းတွေမှာ နိုင်ငံခြားသားက နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်း အပြည့်နဲ့ ဆောင်ရွက်နိုင်တယ်လို့ နည်းဥပဒေ ၁၇(က)အရ ဆိုရမယ် ထင်တယ်။

အော်စကာ – နိုင်ငံခြားသားက သူတစ်ဦးတည်း မလုပ်ချင်ဘူး။ နိုင်ငံသားနဲ့ ဖက်စပ် လုပ်မယ်ဆိုရင် ဘယ်လိုအချိုးနဲ့ လုပ်နိုင်မလဲ။
ဘကြီးဖြိုး – နိုင်ငံခြားသားနဲ့ နိုင်ငံသား (သို့မဟုတ်) သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတို့ ဖက်စပ် လုပ်မယ်ဆိုရင် နိုင်ငံခြား မတည်ငွေနဲ့ နိုင်ငံသား မတည်ငွေ အချိုးကို နှစ်ဦးသဘောတူ သတ်မှတ်နိုင်ပြီး ပဋိညာဉ် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင် ပါတယ်ကွဲ့။

အော်စကာ – နိုင်ငံခြားသားက နိုင်ငံသားနဲ့ အချိုးတစ်ခုနဲ့ ဖက်စပ်လုပ်ဖို့ သဘောတူတယ်ဆိုရင် ဘယ်မှာ၊ ဘယ်လို လျှောက်ရမှာလဲ။
ဘကြီးဖြိုး – မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် အဆိုပြုချက် တင်ပြီး၊ နိုင်ငံခြား ကုမ္ပဏီ အဖြစ်၊ ဖွဲ့စည်း တည်ထောင်ခွင့် (သို့မဟုတ်) မှတ်ပုံတင်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ တစ်ပြိုင်တည်း လျှောက်ထားရမယ်။

အော်စကာ – ကျွန်တော့် မိတ်ဆွေ နိုင်ငံခြားသားက နိုင်ငံခြား ကုမ္ပဏီ အဖြစ် ဖွဲ့စည်း တည်ထောင်ခွင့် (သို့မဟုတ်) မှတ်ပုံတင်ခွင့်ကို ကြိုတင် လျှောက်ထားရင်ရော မရဘူးလား။
ဘကြီးဖြိုး – ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပိုမို လွယ်ကူ ချောမွေ့စေရေးအတွက် ကြိုတင် လျှောက်ထားလာတာ ရှိရင်လည်း ဖွဲ့စည်း တည်ထောင်ခွင့် (ယာယီ) (သို့မဟုတ်) မှတ်ပုံတင်ခွင့် (ယာယီ)ကို ကြိုထုတ် ပေးနိုင်တယ်။

အော်စကာ – ဖွဲ့စည်း တည်ထောင်ခွင့် (ယာယီ) (သို့မဟုတ်) မှတ်ပုံတင်ခွင့် (ယာယီ) ကြိုတင် ထုတ်ပေးပြီးရင် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုတာနဲ့ အတူတူပဲလား။
ဘကြီးဖြိုး – မတူဘူးကွဲ့၊ ဖွဲ့စည်း တည်ထောင်ခွင့် (ယာယီ) (သို့မဟုတ်) မှတ်ပုံတင်ခွင့် (ယာယီ) ကြိုတင် ထုတ်ပေးတာကို ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးခြင်းအဖြစ် မှတ်ယူခြင်း မရှိစေရလို့ အတိအကျ ပြဋ္ဌာန်းထားတယ်ကွဲ့။

အော်စကာ – ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်တင်တာနဲ့ နိုင်ငံခြား ကုမ္ပဏီ အဖြစ် ဖွဲ့စည်းတည်ထောင်ခွင့် တစ်ပြိုင်တည်း လျှောက်ထားတဲ့ ကိစ္စ မှာရော။
ဘကြီးဖြိုး – ဒီလိုဆိုရင်တော့ အဆိုပြုချက်ကို ကော်မရှင်က လက်ခံပြီး ခွင့်ပြုမိန့် ထုတ်ပေးတဲ့အခါ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက နိုင်ငံခြား ကုမ္ပဏီအဖြစ် ဖွဲ့စည်း တည်ထောင်ခွင့် (သို့မဟုတ်) မှတ်ပုံတင်ခွင့်ကို တစ်ပြိုင်တည်း ထုတ်ပေးရ မယ်လေ။

အော်စကာ – အဆိုပြုချက်ကို ကော်မရှင်က လက်ခံဖို့ အရေးကြီးတာပေါ့။
ဘကြီးဖြိုး – မှန်တာပေါ့ကွယ်။

အော်စကာ – တားမြစ်သည့် လုပ်ငန်း (သို့မဟုတ်) ကန့်သတ်သည့် လုပ်ငန်းတွေကို နိုင်ငံခြားသားက နိုင်ငံသား နဲ့ ဖက်စပ် လုပ်ကိုင်ရင်ရော နိုင်ငံခြား မတည်ငွေရင်း အချိုးကို နှစ်ဦး သဘောတူ သတ်မှတ်နိုင်တာပဲလား။
ဘကြီးဖြိုး – ဒီလိုလည်း မဟုတ်သေးဘူး ထင်တယ်။ တားမြစ်သည့် လုပ်ငန်း (သို့မဟုတ်) ကန့်သတ်သည့် လုပ်ငန်း တွေကို နိုင်ငံခြားသားက နိုင်ငံသား နှင့် ဖက်စပ် လုပ်ကိုင်ရင် နိုင်ငံခြား မတည်ငွေရင်း အချိုးဟာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၈၀) ရာခိုင်နှုန်းထက် မကျော်စေရဘူး။

အော်စကာ – ကော်မရှင်ကို အဆိုပြုချက် တင်တဲ့အခါမှာရော ဘယ်လို အချက်တွေ ထည့်ရေးရမလဲ။ ဘယ်သူက လက်မှတ်ထိုး တင်ရမလဲ။
ဘကြီးဖြိုး – အဆိုပြုချက် ပုံစံ (၁)ပါ အတိုင်းဖြည့်ရမယ်၊ ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) ကမကထပြုသူကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြရမယ်။

အော်စကာ – ဘယ်လို အချက်တွေ ဆိုတာ အတိုချုပ် ပြောပြပေးပါလား ဘကြီးဖြိုးရဲ့။
ဘကြီးဖြိုး – ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) ကမကထပြုသူ၏ အမည်၊ နိုင်ငံသား၊ နေရပ်လိပ်စာ၊ လုပ်ငန်း အမျိုးအစား၊ လုပ်ငန်းရှိတဲ့ အရပ်ဒေသ၊ ဖက်စပ် လုပ်ငန်းမှာ ပါတဲ့လူနဲ့ ပတ်သက်တဲ့ အချက်တွေ၊ လုပ်ငန်းပိုင်းနဲ့ ငွေရေး ကြေးရေး အထောက်အထားတွေ၊ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်တွေ သက်တမ်းကာလ၊ အသုံးပြုမယ့် နည်းပညာစနစ်၊ သုံးစွဲလိုတဲ့ စွမ်းအင် အမျိုးအစား ပမာဏ၊ လုပ်ငန်းမှာ အသုံးပြုမယ့် စက်ပစ္စည်းတွေနဲ့ တန်ဖိုး၊ လိုအပ်မယ့် မြေနေရာနဲ့ အကျယ်အဝန်း၊ ထုတ်လုပ်မယ့် ပမာဏနဲ့ တန်ဖိုး၊ ဝန်ဆောင်မှု ဆိုရင်လည်း ပမာဏနဲ့ တန်ဖိုး၊ နှစ်စဉ် လိုအပ်မယ့် နိုင်ငံခြား သုံးငွေနဲ့ ရနိုင်တဲ့ နိုင်ငံခြား သုံးငွေ၊ နှစ်စဉ် ပြည်တွင်း ပြည်ပ ရောင်းနိုင်တဲ့ ကုန်ပစ္စည်း ပမာဏ၊ တန်ဖိုးနဲ့ ကာလ၊ စီးပွားရေး တွက်ခြေကိုက်မှု အခြေအနေ၊ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ လူမှုရေး ထိခိုက်မှု ထိမ်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မယ့် အစီအစဉ်တွေ၊ ရင်းနှီးမြှုပ််နှံတဲ့ ဖွဲ့စည်းပုံ၊ အစုစပ်လုပ်ငန်း ဆိုရင် စာချုပ်မူကြမ်း အစုငွေ အမျိုးအစား ပမာဏ၊ အကျိုးအမြတ် ခွဲဝေမယ့် အချိုးအစား အစုဝင်တွေရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့် လီမီတက်ကုမ္ပဏီဆိုရင် ပဋိညာဉ် စာချုပ်မူကြမ်း၊ သင်းဖွဲ့ မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်း မူကြမ်း၊ ကုမ္ပဏီ ခွင့်ပြု မတည်ငွေရင်း၊ အစုရှယ်ယာ အမျိုးအစားနဲ့ ပမာဏ စီမံခန့်ခွဲသူရဲ့ အမည်၊ နိုင်ငံသား နေရပ်လိပ်စာ၊ ရာထူး၊ ရင်းနှီးမြှုပ်နှံမယ့် အဖွဲ့ရဲ့ စုစုပေါင်း မတည်ငွေရင်း၊ ပြည်တွင်း ပြည်ပက ထည့်ဝင်တဲ့ အချိုး၊ နိုင်ငံတော်ကို ယူလာတဲ့ နိုင်ငံခြား မတည်ငွေရင်း စုစုပေါင်း တန်ဖိုးကာလတွေ ပါတယ်ပေါ့ကွယ်။

အော်စကာ – တော်တော် စုံတာပဲနော်။
ဘကြီးဖြိုး -ဒါတင် မကသေးဘူး၊ အဆို ပြုချက်နဲ့ အတူ မြေငှား စာချုပ်မူကြမ်း၊ ဖက်စပ်လုပ်ငန်း စာချုပ်မူကြမ်းတွေ ပူးတွဲ တင်ရမယ်။

အော်စကာ – အဆိုပြုချက်တွေကို ကော်မရှင်တွေကိုပဲ တင်ရမှာလား။
ဘကြီးဖြိုး – သဘာဝ အရင်းအမြစ်ကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေနဲ့ အကျုံးဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ရင် ကော်မရှင်ရုံးကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက တစ်ဆင့် တင်ရမယ်။ ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှု တွေကိုတော့ ကော်မရှင်ရုံးကို တိုက်ရိုက် တင်နိုင်တယ်။

အော်စကာ – အဆိုပြုချက် တင်ပြီး ခွင့်ပြုလား၊ မပြုလားဆိုတာ ဘယ်လိုသိရမလဲ။
ဘကြီးဖြိုး – အဆိုပြုချက်ကို ကော်မရှင်ရုံးက စိစစ်ပြီး ပြည့်စုံရင် လက်ခံမယ်၊ မပြည့်စုံရင် ပြန်ပြင်ခိုင်းမယ်။ ပြီးရင် အဆိုပြုချက် စိစစ်ရေး အဖွဲ့က စိစစ်မယ်၊ စိစစ်ရေး အဖွဲ့က စိစစ်ပြီး လက်ခံသင့်တဲ့ အဆိုပြုချက်တွေကို ဆောင်ရွက် ခွင့်ပြုဖို့ ကော်မရှင်ကို တင်ပြမယ်။ ကော်မရှင်က ခွင့်ပြုရင် အဆိုပြုချက် လက်ခံကြောင်း၊ ငြင်းပယ်ရင် မည်သည့် အကြောင်းကြောင့် ငြင်းပယ် ကြောင်း၊ ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) ကမကထပြုသူထံ စာဖြင့် ဖြစ်စေ၊ အခြား ဆက်သွယ်ရေး နည်းစနစ်ဖြင့် ဖြစ်စေ ပြန်ကြားမယ်လေ။

အော်စကာ – စိစစ်ရေးအဖွဲ့က ဘယ်လို စိစစ်လဲဆိုတာ လျှောက်ထားတဲ့လူက ဘယ်သိနိုင်မလဲနော်။
ဘကြီးဖြိုး – ဒီလို မဖြစ်စေရအောင် အဆိုပြုချက် စိစစ်ရေး အဖွဲ့က အစည်း အဝေး ကျင်းပရင် ကမကထ ပြုသူ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူကို ကိုယ်တိုင် ဖြစ်စေ၊ တာဝန် လိုအပ်သူကို ဖြစ်စေ တက်ရောက်စေရတယ်။

အော်စကာ – ဒါဆိုရင်တော့ ပွင့်လင်း မြင်သာမှု ရှိတာပေါ့နော်။ ဆက်ရှင်းပါဦး ဘကြီးဖြိုး။
ဘကြီးဖြိုး – စာဖတ်သူလည်း မောရောပေါ့ကွယ်၊ နောက်အပတ်မှ ဆက်မယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *