News

တစ်နေ့ ကော်ဖီသုံးခွက် အထက် သောက်သည့် ကိုယ်ဝန်ဆောင်များ သန္ဓေသား ပျက်စီးနိုင်

ကိုယ်ဝန်ဆောင်များ တစ်နေ့လျှင် ကော်ဖီ သုံးခွက်မှ ခုနှစ်ခွက်အထိ သောက်သုံးခြင်းဖြင့် ကော်ဖီတွင် ပါဝင်သော ကဖင်းဓါတ်ကြောင့် နှလုံးခုန်နှုန်းနှင့် သွေးတိုးနှုန်းကို ပိုမို လျင်မြန်စေရုံသာမက သန္ဓေသားကိုပင် ပျက်စီးစေနိုင်သည်ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ဝင်းဝင်းမြင့်က ပြောသည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကော်ဖီကို တစ်နေ့လျှင် ပုံမှန် နှစ်ခွက်ထက်ပို၍ သောက်သုံးမိပါက ကိုယ်ဝန်ပျက်ကျနိုင်စေရုံသာမက သံဓါတ်လျော့ကျစေခြင်းများပါ ဖြစ်လာစေနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ကော်ဖီကို တစ်နေ့ နှစ်ခွက်ထက် ပို၍ သောက်သုံးမိပြီ ဆိုရင် ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓါတ်ဟာ သားအိမ်ကို သွားတဲ့ သွေးကြောလေးတွေကတစ်ဆင့် သန္ဓေသားဆီကို ရောက်ရှိသွားတဲ့ အတွက်ကြောင့် သွေးအားနည်းပြီး သံဓါတ်လျော့ကျ စေရုံသာမက ကိုယ်ဝန်ပျက်ကျစေတဲ့အထိပါ ဖြစ်ပွားစေနိုင်တယ်”ဟု ဒေါက်တာ ဝင်းဝင်းမြင့်က ထပ်မံပြောကြားသည်။

၄င်းအပြင် ကော်ဖီတွင် ကဖင်းဓါတ် ပါဝင်သောကြောင့် စွဲလမ်းစေသည့် ဂုဏ်သတ္တိရှိစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြင်းတို့နှင့် အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြင်းတို့ကြောင့် အိပ်မပျော်သော ရောဂါ ရရှိနိုင်သည်ဟု သိရသည်။ “အချိန်လွန် ညဖက်ကြီးမှာ ကော်ဖီသောက်မယ်ဆိုရင် အာရုံကြောတွေ ကမောက်ကမဖြစ်ပြီး အိပ်မပျော်တဲ့ရောဂါကို ရစေနိုင်တယ်။ အထူးသဖြင့် Instant Coffeeတွေက ကိုလက်စထရော အရမ်းမြင့် တက်စေတယ်။ သွေးတိုးနှုန်း ပိုမို မြင့်နိုင်တယ်။ နှလုံးခုန်နှုန်း မြန်လာတတ်တယ်”ဟု ဆရာဝန်မကြီးက ဆိုသည်။ ကော်ဖီ အမျိုးအစားအရ ခြောက်မျိုးရှိသည်ဟု ဆိုပြီး ယင်းတို့မှာ Espresso, Long Black, Filtered, Flat White, Latteeနှင့် Cappuccinoတို့ ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *