News

ကမ္ဘာ့ဓါတု လက်နက်စောင့်ကြည့်ရေးအဖွဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိ

ဆီးရီးယား ပြည်တွင်း စစ်အတွင်း ဆီးရီးယားတို့၏ ဓါတုလက်နက်များကို ဖျက်သိမ်းရန် ကြီးကြပ်ဆောင်ရွက်နေသည့် ကမ္ဘာ့ဓါတုလက်နက် စောင့်ကြည့်ရေး အဖွဲ့သည် အောက်တိုဘာ ၁၁ရက် (သောကြာနေ့)က ချီးမြှင့်သော ၂၀၁၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဆွတ်ခူးရရှိသွားကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရသည်။

ဓါတုလက်နက်တားဆီးရေးအဖွဲ့ (OPCW)သည် ငွေကြေးဘတ်ဂျက် အတန်အသင့်သာရှိသော အဖွဲ့ငယ်လေးတစ်ဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့ငယ်လေးသည် သြဂုတ်လအတွင်း ဆီးရီးယား နိုင်ငံ၌ ဆာရင်းဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူပေါင်း ၁၄၀၀ကျော် သေဆုံးခဲ့ပြီးနောက် ၎င်း၏ ကျွမ်းကျင်သူများကို ဆီးရီးယားသို့ စေလွှတ်ခဲ့သည်။

ကုလသမဂ္ဂ၏ အထောက်အပံ့ဖြင့် အဆိုပါ ကျွမ်းကျင်သူများ ဆီးရီးယားသို့ စေလွှတ်ဖြန့်ကြက်နိုင်ခဲ့မှုကြောင့် အမေရိကန်က သမ္မတ ဘာရှားအယ်လ်အာဆတ်ကို တိုက်မည့် အန္တရာယ်မှ ရှောင်လွဲနိုင်ခဲ့သည်။ အဆိုပါဆုသည် ဆီးရီးယားကဲ့သို့ အလားတူနိုင်ငံများ ကြီးမားသော ဓါတုလက်နက်များ တားဆီးပေးရန် သတိပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆု ကော်မတီအကြီးအကဲ Thorb Joernက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလို အဖျက်စွမ်းအားကြီးမားတဲ့လက်နက်တွေကို ဖယ်ရှားနိုင်ဖို့ အခွင့်အလမ်းရှိပါတယ်။ ဆီးရီယားမှာ လုပ်နေတဲ့ ဓါတုလက်နက်ဖယ်ရှားရေး အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်မယ်ဆိုရင်တော့ သမိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါလိမ့်မယ်”ဟု သူကဆိုသည်။

အဆိုပါ အိုစီပီဒဗလျု မစ်ရှင်အဖွဲ့သည် လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်သော ဆီးရီးယား ပြည်တွင်းစစ်အတွင်း ပါဝင်လာခဲ့သည်။ ဟာဂျုးမြို့တွင် အခြေစိုက်သော OPEW အဖွဲ့ဝင်များသည် သြဂုတ် ၂၆ရက်က ဆီးရီးယား နိုင်ငံအတွင်း၌ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရသည်။ သို့သော်လည်း အဖွဲ့ဝင်များ အနေဖြင့် ဆက်လက် ကြိုးစား အားထုတ်မှုကြောင့် ဆီးရီးယားတာဝန်ရှိသူများ ဓါတုလက်နက်ဖယ်ရှားရေးတွင် ယခုသီတင်းပတ်အတွင်း ပူးပေါင်း ဆောင်ရွက်လာပြီ ဖြစ်ကြောင်း OPCW အကြီးအကဲ အာမက်အူဇမ်ကူးက ပြောသည်။

အဆိုပါဆုသည် ပြီးခဲ့သည့် နှစ်က ဥရောပသမဂ္ဂနှင့် ၂၀၀၉ခုနှစ်က အမေရိကန်သမ္မတ ဘာရတ်အိုဘားမားတို့အား ချီးမြှင့်ခဲ့ပြီးနောက် ဓါတုလက်နက် ဖြုတ်သိမ်းရေးအတွက်ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းဆုအတွက် ရရှိမည့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅သန်းကို ဒိုင်းနမိုက် တီထွင်ပညာရှင် ဆွီဒင် စက်မှုပညာရှင် အဲဖရက်နိုဘယ်လ် ( Al Fred Nobel)ကွယ်လွန်ခဲ့ခြင်း နှစ်ပတ်လည်နေ့ ဖြစ်သည့် ဒီဇင်ဘာ ၁၀ရက်တွင် အော်စလိုမြို့၌ ချီးမြှင့် ပေးအပ်သွားမည်ဟု ဆိုသည်။

၎င်းအိုစီပီ ဒဗလျူ အဖွဲ့သည် နယ်သာလန်နိုင်ငံ ဟာဂျူး၌ အခြေစိုက်ကာ ဝန်ထမ်းအင်အား ၅၀၀ခန့်ရှိပြီး နှစ်စဉ် ဘတ်ဂျက်ဒေါ်လာ သန်း၁၀၀ဖြင့် လည်ပတ်လျက်ရှိသည်။ ၂၀၁၄ခုနှစ် နှစ်လယ်တွင် ဆီးရီးယားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်း၏ ဓါတု လက်နက်များကို ဖယ်ရှားနိုင်လိမ့်မည်ဖြစ်ကြောင်း အဖွဲ့ဝင် ၁၈၉နိုင်ငံရှိ OPCWအဖွဲ့က ပြောသည်။

ဆီးရီးယားနိုင်ငံသည် အကြမ်းအားဖြင့် ဆာရင်း၊ မတ်စတ်ဒ်နှင့် VXဓါတ်ငွေ့ တန်ချိန် ၁၀၀ပိုင်ဆိုင်ထားကြောင်း ဓါတုလက်နက်ကျွမ်းကျင်သူများက ယုံကြည်ထားသည်ဟု သိရသည်။ အချို့ ဓါတုအဆိပ်ငွေ့များသည် ဒုံးကျည်များ၊ ဒုံးပျံထိပ်ဖူးများတွင် ထည့်ပစ်ရန် အသင့်အနေအထား ရှိသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *