News

နိုင်ငံ့ဝန်ထမ်းများ အပြောင်းအရွှေ့ကာလ တစ်ပြေးညီ သတ်မှတ်ပေးရန် မဖြစ်နိုင်

ဝေးလံခေါင်သီသည့် ဒေသများတွင် တာဝန်ထမ်းဆောင်ကြသည့် ပြည်မမှ နိုင်ငံ့ဝန်ထမ်းများကို တာဝန်ထမ်းဆောင်ကာလနှင့် အပြောင်းအရွှေ့အတွက် ဝန်ကြီးဌာနများ၏ မတူညီသော ဝိသေသများကြောင့် သတ်မှတ်ပေးရန် ခက်ခဲကြောင်း သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အမျိုးသားလွှတ်တော်  အဌမမြောက် ပုံမှန်အစည်အဝေး သတ္တမနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။

“ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာန သုံးခုက နှစ်ဘယ်လောက် တာဝန်ထမ်းဆောင်ပြီးရင် ပြောင်းရွှေ့ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်ကာလ မထားရှိပါဘူး။ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတွေကတော့ တစ်နှစ်ကာလ သတ်မှတ်ထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနတို့မှာ သုံးနှစ် သတ်မှတ်ထားပြီး ကျန်ဝန်ကြီးဌာန ၁၇ခုမှာ တာဝန်ထမ်းဆောင်ကာလ နှစ်နှစ်စီ သတ်မှတ်ထားကြောင်း သိရသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၌ ဝန်ကြီးဌာန ၃၆ခု ဖွဲ့စည်းထားရှိပြီး ဝန်ကြီးဌာန လုပ်ငန်းတာဝန်တူညီမှု မရှိသည့်အတွက် လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ လုပ်ငန်းအဆင်ပြေစေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ချင်းပြည်နယ် အမတ် ဦးဟာရှိန်းဘွေက ဝေးလံသီခေါင်ဒေသများတွင် တာဝန်ထမ်းဆောင်ကြသည့် ပြည်မမှ နိုင်ငံဝန်ထမ်းများကို တာဝန်ထမ်းဆောင်သတ်မှတ်ကာလ နှစ်နှစ်အတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုပြီးဆုံးပါက အမြန်ဆုံး ပြောင်းရွှေ့ရေးအတွက် ဝန်ကြီးဌာနများက တစ်ပြေးညီ စည်းမျဉ်းသတ်မှတ်ပြီး တိကျ မှန်ကန်စွာ ကျင့်သုံး ဆောင်ရွက်သွားရန် အစီအစဉ် ရှိမရှိ မေးခွန်းကို သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *