News

ရုပ်သံလွှင့် မီဒီယာ လုပ်ငန်းများအတွက် Broadcasting Law ရေးဆွဲနေ

ရုပ်သံလွှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများ၊ တိုင်းရင်းသားအစုအဖွဲ့များနှင့် NGO, INGOများ အနေဖြင့် Broadcasting Law ရေးဆွဲပြဋ္ဌာန်းပြီးပါက စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ဇူလိုင်လ ၁၇ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်ဟု သိရသည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ ဦးပေါလ်ထန်တိုင်း၏ နိုင်ငံခေတ်မီ ဖံွ့ဖြိုးတိုးတက်စေရန် သတင်း မီဒီယာနှင့် သတင်းအချက်အလက်ကို သိခွင့်မှာလည်း အရေးပါလာပြီ ဖြစ်သဖြင့် တိုင်းရင်းသား အများစုရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့တော်များတွင် တိုင်းရင်းသား ဘာသာစကားဖြင့် အသံလွှင့်ဌာနနှင့် ရုံးများ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ မရှိ ဆိုသည့် မေးခွန်းအပေါ် ပြန်ကြားရေး ဒုတိယ ဝန်ကြီးက ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ “လက်ရှိမှာတော့ Broadcasting Law ရေးဆွဲနေပါ တယ်။ ရေးဆွဲ ပြဋ္ဌာန်းပြီးရင်တော့ ရုပ်သံလွှင့် မီဒီယာလုပ်ငန်းကို လုပ်ကိုင်လိုသူတွေ အနေနဲ့ သတ်မှတ်စည်းကမ်းများနဲ့အညီ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိမှာပါ”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် သတင်းဗျူရိုများ ဖွဲ့စည်းပြီး သတင်းများ ရယူလျက် ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သတင်းဗျူရိုများ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း၊ ၂၀၁၃ခုနှစ် သြဂုတ်လမှစ၍ တိုင်းရင်းသားဘာသာ ၁၁မျိုးဖြစ်သည့် ကချင်၊ ကယား၊ ကရင် (စကော) (အနောက်ပိုး) (အရှေ့ပိုင်း)၊ ချင်း (ဖလမ်း) (မင်းတပ်)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ စသည့် တိုင်းရင်းသားများအတွက် သတင်းဗျူရိုများ ဖွဲ့စည်း၍ သက်ဆိုင်ရာ ဒေသများသို့ စေလွှတ်ပြီး သတင်းရယူ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယဝန်ကြီးက တိုင်းရင်းသား အများစု တည်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် FM ခြောက်လိုင်းဖြင့် အသံလွှင့် ပေးလျက်ရှိကာ FM Station ၆၃ခုမှ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများဖြင့် ရက်သတ္တပတ်လျှင် ၁၀နာရီမှ ၁၄နာရီကြား ထုတ်လွှင့် ပေးနေသောကြောင့် Broadcasting Law ထွက်လာပြီးမှသာ တိုင်းရင်းသား အစုအဖွဲ့များ အနေဖြင့် စည်းမျဉ်းစည်းကမ်း၊ ပြဋ္ဌာန်းချက် များနှင့်အညီ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ရုပ်သံလွှင့် လုပ်ငန်းကို လက်ရှိတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပြင် ပုဂ္ဂလိက စီးပွားဖြစ် ရုပ်သံလိုင်းများအဖြစ် Forever Group Co. Ltd. မှ လုပ်ကိုင်နေသည့် MRTV-4နှင့် ဆက်စပ် ရုပ်သံလိုင်းများ၊ ရွေှသံလွင် ကုမ္ပဏီမှ တည်ထောင် လုပ်ကိုင်နေသည့် Sky Net ရုပ်သံလိုင်းများကို ထုတ်လွှင့်ပေးလျက် ရှိနေပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *