News

နိုင်ဂျီရီးယား အမျိုးသမီးများ လက်ထပ်ရန် အခက်အခဲကြောင့် ဆန္ဒပြ

လက်ထပ် ထိမ်းမြားရေးအတွက် အကူအညီပေးရန် နိုင်ဂျီးရီးယား အမျိုးသမီး ၈၀၀၀ခန့်က တောင်းဆိုမည် ဖြစ်ကြောင်း ဇမ်ဖာရာပြည်နယ် အစိုးရက ပြောကြားသည်ဟု သိရသည်။ အမျိုးသမီး အုပ်စုတစ်စုသည် အစ္စလာမ်မစ် ဥပဒေအရ တစ်စိတ်တစ်ဒေသ အုပ်ချုပ်သော ပြည်နယ်တွင် ဘာသာရေးရဲတပ်ဖွဲ့သို့ ၎င်းတို့၏ အသနားခံစာကို ပေးအပ်ရန် ဂူဆူးမြို့ကို ဖြတ်လျက် ချီတက်ခဲ့ကြသည်ဟု ဆိုသည်။

အမျိုးသမီးများသည် အစဉ်အလာအရ သတို့သားဘက်သို့ ခန်းဝင်ပစ္စည်းတင်တောင်းရသည်။ သို့သော် ခန်းဝင်ပစ္စည်းအချို့မှာ ဈေးကြီးလွန်းသဖြင့် အိမ်ထောင်ပြုချင်ကြသော အမျိုးသမီးများ အနေဖြင့် မတတ်နိုင်ပေ။ အဖွဲ့အစည်းတစ်ရပ်နှင့် သက်ဆိုင်သော အမျိုးသမီးများက အောင်သွယ်ဝန်ဆောင်မှု တစ်ရပ်အဖြစ် ဆောင်ရွက်သည်ဟု သိရသည်။

မုဆိုးမများ၊ တစ်ခုလပ်များနှင့် မိဘမဲ့ မိန်းကလေးများက သင့်လျော်သော မွတ်စလင် ခင်ပွန်းများ ရှာဖွေရာတွင် နိုင်ဂျီးရီးယား မုဆိုးမအသင်းက အကျိုးဆောင်ပေးသည်ဟု ဆိုသည်။ “ထောက်ပံ့မယ့် အမျိုးသားတွေ မရှိတာကြောင့် ကျွန်မတို့ထဲမှ အမျိုးသမီး အများအပြားဟာ တစ်နေ့ ထမင်းနှစ်နပ်စားရန် မတတ်နိုင်ကြဘူး”ဟု စက်တင်ဘာ ၂၆ရက် ချီတက်မှုနှင့် ပတ်သတ်ပြီး အမျိုးသမီးများ၏ ပြောစကားကို ကိုးကားလျက် နိုင်ဂျီးရီးယား “ပရီမီယံတိုင်း(မ်)”သတင်းစာက ဖော်ပြသည်။

မုဆိုးမတွေအနေနဲ့ လက်ထပ်ချင်ကြတယ်။ အထူးသဖြင့် နိုင်ဂျီးရီးယားမှာ အမျိုးသမီးတွေက ခန်းဝင်ပစ္စည်း တင်တောင်းရတဲ့ အစဉ်အလာ အများအပြား ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေ ချီတက်ပြီး အစိုးရရဲ့ အကူအညီ တောင်းခံခြင်း ဖြစ်တယ်”ဟု ဇမ်ဖာရာပြည်နယ် အစိုးရ၏ သာသနာရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး အဗ္ဗဒူလာ ဟီမူဟာမက်ရှင်ကာဖီက ဘီဘီစီသို့ ပြောပြသည်။

ဇမ်ဖာရာ ပြည်နယ် အစိုးရသည် ဆင်းရဲသားများအား အကောင်းဆုံး ကူညီနေသောကြောင့် ၎င်းတို့၏ တောင်းဆိုချက်ကို လေ့လာသုံးသပ်မည် ဖြစ်ကြောင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာနိုပြည်နယ်တွင်လည်း ဘာသာရေး ရဲတပ်ဖွဲ့ ဘုတ်အဖွဲ့သည် ဆင်းရဲသား မုဆိုးမ၊ တစ်ခုလပ်များအတွက် စုပေါင်းလက်ထပ်ပွဲများ မကြာခဏ ကျင်းပလေ့ရှိကြောင်း အဗ္ဗဒူလာဟီက ပြောကြားသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *