News

လန်ဒန်တွင် မြန်မာတွေ အိမ်ရာဝယ်ယူမှု များပြား

London

ဤတစ်နှစ်အတွင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် မြန်မာနိုင်ငံသားများ အိုးအိမ် ဝယ်ယူမှုသည် ဆွစ်ဇာလန်နှင့် ဟောင်ကောင်နိုင်ငံသားများ ဝယ်ယူသည့်နှုန်းနှင့် တန်းတူလိုက်နိုင်နေပြီဟု အိမ်ရာဈေးကွက် လေ့လာသော စာစောင်တစ်ခုတွင် ဖော်ပြထားပြီး လန်ဒန် အခြေစိုက် LondonDom.com အိမ်ရာ ရှာဖွေရေး ကုမ္ပဏီတစ်ခုပင် ရန်ကုန်၌ ရုံးခွဲဖွင့်ထားပြီဟု သိရသည်။

မြန်မာများက လန်ဒန်ကို မျက်စိကျမှုနှင့် ပတ်သက်ပြီး LondonDom.com ပိုင်ရှင်လည်း ဖြစ်၊ မန်နေဂျင်းဒါရိုက်တာလည်း ဖြစ်သူ ဂျော့ရှစ်ကော့ဗ်စကီက ဘီဘီစီကို ရှင်းပြရာတွင် ရန်ကုန်၌ မြေဈေးများ တစ်ရှိန်ထိုး မြင့်တက်နေရာမှာ တစ်နှစ်အတွင်း ၁၀၀ရာခိုင်နှုန်းအထိ တိုးတက်နေမှု၊ ဤအခြေအနေမှ ရုတ်တရက် ပြန်ကျမည်ကိုလည်း စိုးရိမ်မှု ရှိနေသော ငွေကြေးရှင်များက စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံရန်အတွက် ရန်ကုန်လောက် ဈေးအတက် မမြန်သော်လည်း ခိုင်မာသော လန်ဒန် ဈေးကွက်သို့ ဦးတည်လာပုံရကြောင်း ပြောကြားပါသည်။

ထို့ကြောင့် စတာလင်ပေါင် ၅သိန်းမှ တစ်သန်းခွဲ (မြန်မာငွေကျပ် သိန်း ၇၅၀၀မှ ကျပ်သိန်း ၂၄၀၀၀)အထိ တန်သော အိမ်ရာများကို ကုန်သွယ်၊ စက်မှု၊ ဆောက်လုပ်ရေး စသည့် စီးပွားလုပ်ငန်းများကို လုပ်ကိုင်ကြသော အလယ်အလတ်အလွှာနှင့် အထက်တန်းလွှာများ ဖြစ်ကြောင်း၊ ထူးခြားချက်မှာ ယခုကဲ့သို့ အိမ်ရာ ဝယ်ယူ ရင်းနှီးမြှုပ်နှံသူများ အထဲတွင် အစိုးရနှင့် ပတ်သက်သူ စစ်ဘက် နောက်ခံရှိသူများ နည်းပါးကြောင်း ဂျော့ရှစ် ကော့ဗ်စကီက ပြောကြားသည်။

၎င်းအပြင် မြန်မာနိုင်ငံသား အိမ်ဝယ်သူများသည် လန်ဒန်မြို့လယ်မှ ရှေးဟောင်း အဆောက်အအုံ၊ တိုက်ခန်းများကို စိတ်ဝင်စားမှုများကြောင်းလည်း မစ္စတာဂျော့ရှစ်ကော့ဗ်စကီက ဘီဘီစီကို ပြောကြားသည်ဟု သိရပါသည်။

Ref : ဘီဘီစီ (မြန်မာပိုင်း)

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *