News

ဂျပန်ခေတ်က မြှုပ်နှံထားခဲ့သည့် ရွှေသုံးတန် ရှာတွေ့ပြီ

Gold

ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် ဂျပန်တို့ မြှုပ်နှံထားခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စု အစိုးရအဖွဲ့က စတင် ရှာဖွေ တွေ့ရှိပြီဟု ရှာဖွေရေးအဖွဲ့ထဲတွင် ပါဝင်သော ဘူမိဗေဒပညာရှင် ပါမောက္ခဟောင်း ဦးစိုးသိန်းက ပြောကြားကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့က ကော်မတီဖွဲ့၍ ဆောင်ရွက်နေပြီး ကော်မတီထဲတွင် ပါဝင်သော အဖွဲ့ဝင်များ၏ အမည်များကို ၎င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်အတွင်း၌ ရှာဖွေနေကြောင်း သိရသည်။

“ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ တူးဖော်မှုမှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်”ဟု ပြောကြားသည်။ ဂျပန်တို့အနေဖြင့် ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်ဟု ဆိုသည်။

အစိုးရသစ်ကာလအတွင်း ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့သော စစ်လက်ကျန်ပစ္စည်းများ ရှာဖွေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်းယား လေယာဉ်များပြီးလျှင် ယခု ဂျပန်တို့၏ ရွေှသုံးတန်မှာ ဒုတိယမြောက် ရှာဖွေမှု ဖြစ်သည်။ စဖစ်ဖိုင်းယား ရှာဖွေမှုကို တွေ့ရှိနေပြီဖြစ်ကြောင်း၊ စတင်တူးဖော်တော့မည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ယခုတစ်ခေါက် ဂျပန်ခေတ်က မြှုပ်နှံခဲ့သော ရွေှသုံးတန်ကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဦးဆောင် ရှာဖွေနေသည်ဟုသာ ပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုအတွက် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးကြောင်း သိရပါသည်။

Ref : Popular Myanmar News Journal

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *