News

မြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်မှုက စားသုံးမှုထက် တင်းလေးသန်းကျော်ပို

မြန်မာတစ်နိုင်ငံလုံး၏ ဆန်ထုတ်လုပ်မှုပမာဏသည် တင်းသန်းပေါင်း ၁၄သန်းကျော်အထိ ရှိနေပြီး ပြည်တွင်းစားသုံးမှုမှာ ၁၀သန်းဝန်းကျင်သာ ရှိနေသောကြောင့် နိုင်ငံ၏ဆန်ပိုလျှံမှုမှာ လေးသန်းကျော်အထိ ရှိနေသဖြင့် ဧရာဝတီတိုင်းမှ လယ်မြေများရေနစ်မြှပ်မှုနှင့် နယ်စပ် တင်ပို့မှုများကြောင့် စားဆန်ပြတ်လပ်မှုနှင့် ဆန်ဈေး အဆမတန် ကြီးမြင့်မှုတို့အား စိုးရိမ်ရန် မလိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဌ ဦးအောင်သန်းဦးက ပြောကြားသည်ဟု သိရသည်။

ဧရာဝတီတိုင်းအတွင်း လတ်တလော လယ်ယာမြေများ ရေဖုံးလွှမ်းမှုနှင့် ရွှေဘိုနွေဆန် အထွက်နည်းမှုတို့ အပေါ်တွင် ဆန်ဈေးကစားမှုများကြောင့် စားသုံးသူများမှ ဈေးထပ်မံ မြင့်တက်လာမှုအား စိုးရိမ်ကာ ဝယ်ယူမှု တိုးပွားရေး ဝယ်လိုအား ပိုလျှံမှုများကြောင့် ဆန်ဈေးများ တက်လာမှုများအား မဖြစ်ပေါ်စေရေးအတွက် ဦးအောင်သန်းဦးမှ အသိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“စားသုံးသူတွေက ဆန်တွေ တင်ပို့မှုတွေ များနေလို့ ရေတွေကြီးနေလို့ ဆိုပြီး ဆန်ပြတ်လပ်မှာကို စိုးရိမ်ပြီး အဝယ်တိုးလေ၊ ဆန်ဈေးကစားလိုသူတွေက ဈေးခေါ်လေ၊ ဆန်ဈေးမြင့်လေနဲ့ မျက်စိလည်ကုန်မှာ စိုးရိမ်တယ်။ ဒါကြောင့် ထုတ်ပြောတာပဲ။ ပြည်သူတွေ၊ စားသုံးသူတွေအနေနဲ့ ဘာမှ စိုးရိမ်စရာ မလိုဘူး”ဟု ၎င်းက ပြောသည်။

ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာ၌ လက်ရှိအချိန်တွင် ဆန်ဈေးတက်မှုအား တောင်သူမှ လက်တွေ့အကျိုးခံစားရခြင်း မရှိကြောင်း၊ တောင်သူလက်တွင်လည်း ရောင်းစရာ ဆန်မရှိကြောင်း၊ ဆန်လက်ကျန် အများစုမှာလည်း ဆန်သိုလှောင်သူ လက်ထဲတွင်သာ ရှိကြောင်း၊ ယခုအချိန်တွင် ဆန်ကုန်သည် အများစုမှာလည်း နယ်စပ်တင်ပို့မှုများမှ ရရှိသော ဈေးမှာ ပြည်တွင်းထက် နည်းနေခြင်းကြောင့် ပြည်ပသို့ ပို့နိုင်သော အတိုင်းအတာ မရှိသေးချိန်တွင် စပါးဈေးများ မြင့်တက်နေခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပဲ ဈေးဆွဲတင်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

“တောင်သူတွေက အခုအချိန်မှာ စိုက်ဖို့ လုံးပန်းနေတဲ့ အချိန်ဆိုတော့ သူတို့တွေ မအားကြတော့ဘူး။ တရုတ်လိုင်းကလည်း ယွမ်ဈေးဖောင်းပွနေတော့ ကုန်သည်တွေ မကိုက်ဘူး။ တချို့တော့ သူတို့ဘာသာ ဈေးညှိသွားနေတာတော့ ရှိတာပေါ့။ ဒါကလည်း တရုတ်ဆန်ကုန်သည်တွေနဲ့ ဘယ်လိုတွေ လုပ်နေလဲတော့ ပြောရခက်တယ်”ဟု ဘုရင့်နောင် ဆန်ပွဲရုံလုပ်ငန်းရှင် ဦးသန်းနိုင်က ပြောကြားသည်။
၎င်းက ဆက်လက်၍ ဆန်ဈေး ပုံမှန်အတက်အကျ ရှိသည့်ကာလမှာ များသောအားဖြင့် ဆန်သစ်ပေါ်ချိန်တွင်ဖြစ်ပြီး အဆိုပါ ဆန်သစ်လှောင်ချိန်နှင့် ဆန်ဟောင်းရှင်းချိန်တွင် ဆန်ဈေးကောင်းကာ အရောင်းအဝယ်သွက်လက်လေ့ရှိကြောင်း၊ ထိုကဲ့သို့ အချိန်မျိုးတွင် ဈေးပေးနိုင်၍ ဆန်ဈေးတက်သည်မှာ ပြဿနာမရှိနိုင်ကြောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိသော စပါးအများစုမှာ ယခင်နှစ်များကကဲ့သို့ ရန်ကုန်မှ တစ်ဆင့်ခံသွားခြင်းမျိုး မဟုတ်ပဲ စပါးထွက်ရာ ဒေသအရောက် တိုက်ရိုက်ဆင်းဝယ်ကာ တိုက်ရိုက်တင်ပို့ ရောင်းချသည့် ပုံစံသို့ အသွင်ပြောင်းလဲနေကြောင်း၊ ရန်ကုန်ဆန်ကုန်စည်ဒိုင် ဝါးတန်းသို့ ရေကြောင်း အသုံးပြုသော ဒေသထွက် ဆန်ကုန်များ ဝင်၍ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်နှင့် ဆန်ပွဲရုံများသို့ နယ်စုံကုန်ကားကြီးများဖြင့် တင်ပို့သည့် ဒေသမှ ဆန်များ ဝင်နေကြောင်း၊ တချို့သော ဒေသထွက် ဆန်များမှာ ယင်းမှ တစ်ဆင့် မန္တလေးသို့ တင်ပို့ကာ တရုတ်နိုင်ငံသို့ သွားနေသည်ဟု ကုန်သည်ပွဲစားများထံမှ သိရသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံသည် ဆန်ကို အဓိက စားသုံးသည့် နိုင်ငံဖြစ်ရာ ပြည်တွင်းစားသုံးမှု ဖူလုံရေးမှာ အဓိက အရေးကြီးသည့် အချက်ဖြစ်သည်။ ယခုသတင်းအရ ပြည်တွင်း စားသုံးမှု ဖူလုံသည့်အပြင် ဆန်တင်းလေးသန်းကျော် ပိုလျှံသည်ဟု ဆိုသဖြင့် ဆန်စားသုံးသူများ အစိုးရိမ်လွန်ပြီး ဝယ်လိုအားများ တက်လာရန် မရှိတော့ပါ။ ကုန်သည်များ၏ ထုံးစံအတိုင်း ဝယ်လိုအားများလျှင် ဈေးတက်လာတတ်သဖြင့် ပြည်သူများအနေဖြင့် ချင့်ချိန်နိုင်ရန် တင်ပြလိုက်ရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *