News

မြန်မာနိုင်ငံ၏ အိုင်တီစျေးကွက် နှစ်စဉ်တိုးတက်နှုန်း ၁၆ ဒဿမ ၁ ရာခိုင်နှုန်းရှိလာနိုင်

မြန်မာနိုင်ငံ၏ အိုင်တီစျေးကွက်သည် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒဿမ ၁ ရာခိုင်နှုန်းအထိရှိလာနိုင်ကြောင်း International Data Corporation (IDC) က ခန့်မှန်းထားသည်ဟု သိရသည်။ လူဦးရေ သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အိုင်တီစျေးကွက်သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်​​ဒေါ်လာ ၁၁၀ ဒဿမ ၅၁ သန်းရှိပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ  ၂၃၃ ဒဿမ ၅၅၆ သန်းအထိရောက်ရှိမည် ဖြစ်သည့်အတွက် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒဿမ ၁ ရာခိုင်နှုန်းရှိလာမည်ဟု IDC ၏ထုတ်ပြန်ချက်များအရသိရသည်။၎င်းခန့်မှန်းချက်အရမြန်မာနိုင်ငံ၏ အိုင်စီတီစျေးကွက်မှာ ငါးနှစ်အတွင်း နှစ်ဆကျော်တိုးတက်လာမည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။

ထို့အပြင်ရန်ကုန်နှင့် မန္တလေးသည် လူဦး​ရေသိပ်သည်းမှုကြောင့် ဦးဆောင်အိုင်တီ အချက်အချာနေရာ နှစ်ခုဖြစ်သည့်အပြင် လာမည့် နှစ်အနည်းငယ်အတွင်း၌ စျေးကွက်ဝင်ပေါက်နှင့် သုံးစွဲမှုအချက်အချာနေရာများ ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားသည်ဟုဆိုသည်။

“မြန်မာနိုင်ငံရဲ့အိုင်တီစျေးကွက်ကိုကြည့်ရင် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ နဲ့ ဝန်ဆောင်မှုတွေဆိုပြီး အများကြီးရှိပါတယ်။ ဆော့ဖ်ဝဲနယ်ပယ်မှာတော့ ဝန်ထမ်းအရေအတွက်နဲ့တွက်ပြီး တိုးလာနိုင်တဲ့ ဝင်ငွေကို ခန့်မှန်းလို့ရတယ်။ ဥပမာ ဒီနယ်ပယ်မှာဝန်ထမ်းတစ်သောင်းကနေ တစ်လကို ၁၀ သန်းဖိုးထုတ်လုပ်နိုင်တယ်။ တစ်နှစ်ဆိုရင် သန်း၁၂၀ ဖိုး GDP ရှိတယ်ဆိုပြီး တွက်လို့ရတာပေါ့။ ကျွန်တော့်အမြင်အရပြောရရင် ဆော့ဖ်ဝဲ နဲ့ ဝန်ဆောင်မှုပိုင်းတွေမှာတင် IDC ကခန့်မှန်းထားတဲ့ ပမာဏကိုကျော်နိုင်တယ်။ ဒီမှာက မူလ ပမာဏအနေနဲ့ အရမ်းသေးနေတဲ့အတွက်ကြောင့်လည်းခုလိုမျိုး တိုးတက်မှုနှုန်းဖြစ်လာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ဒီလိုမျိုးဖြစ်နိုင်ဖို့မလွယ်ပဲ သူတို့ဆီမှာ ၁၀ ရာခိုင်နှုန်းလောက် တိုးတက်တယ်ဆိုရင်ပဲ အရမ်းအခြေအနေ ကောင်းနေပါပြီ။ ဒီမှာတော့ နဂိုကအရမ်းသေးနေတာဖြစ်လို့ နှစ်ဆမကပဲ သုံး၊လေး ဆတိုးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်” ဟု MIT ဆော့ဖ်ဝဲကုမ္ပဏီမှ ဦးထွန်းသူရဘက်က သုံးသပ်ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *