News

မြန်မာ့အိုင်စီတီ ဖွံ့ဖြိုးရေး ကူညီရန် စိတ်၀င်စားသည့် နိုင်ငံများကို ထပ်မံဖိတ်ခေါ်မည်

မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္႑ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကူအညီ အထောက်အပံ့ ပေးအပ်ရန် စိတ်ပါ၀င်စားလျက်ရှိသော နိုင်ငံများအား ထပ်မံ ဖိတ်ခေါ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၇ရက်က ကျင်းပသည့် ICT Sector Working Group၏ ပထမအကြိမ် ညှိနှိုင်း အစည်းအေ၀းမှ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအစည်းအ၀းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ Development Partner (ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့အစည်းများ) ပါ၀င်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် e Government လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးအတွက် လိုအပ်သော အထောက်အပံ့များအား ပေးသွားနိုင်ရေးကို ဦးတည်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အစည်းအေ၀းတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ကနေဒါ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ သံရုံးတို့နှင့် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့မှ တာ၀န်ရှိသူများ၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနနှင့် Myanmar Development and Reserch Institute (MDRI)မှ ကိုယ်စားလှယ်များ၊ ၀န်ကြီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ICT Sector Working Group ညှိနှိုင်း အစည်းအေ၀းကို နောင်တွင် တစ်လ သို့မဟုတ် နှစ်လတစ်ကြိမ် ပုံမှန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ICT ကဏ္႑ပြုပြင် ပြောင်းလဲရေး အစီအစဉ်အရ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ သတင်းအချက်အလက် နည်းပညာဆိုင်ရာ၊ အခြေခံ အဆောက်အအုံ၊ လက်ရှိ တည်ဆောက်ထားရှိမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရန် ရည်မှန်းထားရှိချက်များ၊ e Government ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ လုပ်ငန်းစဉ်များ၊ ဆက်လက် အကောင်အထည် ဖော်ရန် ရည်မှန်းချက်များ အစရှိသည်တို့အား ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက ရှင်းလင်းခဲ့ကြကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *