News

မြန်မာ့စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ရန်ကုန်မြို့တွင် ပထမဆုံး ကျင်းပမည်

မြန်မာ့စွမ်းအင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Myanmar Energy Investment Summit 2013 MEIS-2013)ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် စက်တင်ဘာလ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးကို စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာ ၃ရက်နေ့နှင့် ၄ရက်နေ့တို့တွင် နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။ MEIS 2013 ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံ ၂၅နိုင်ငံရှိ စွမ်းအင်ကဏ္႑အသီးသီးမှ ခေါင်းဆောင်များ အပါအဝင် ပရိသတ် ၃၀၀ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး ရေအားလျှပ်စစ်၊ ရေ အရင်းအမြစ်၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားကဏ္႑ တို့တွင် လုပ်ငန်းလုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိမည်ဟု မျှော်လင့်ထားကြောင်း၊ ယင်းအစည်းအဝေး အစီအစဉ်များအရ သိရသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာ့စွမ်းအင် ဖံွ့ဖြိုးရေး အစီအစဉ်၊ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္႑အလားအလာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ စွမ်းအင်ကဏ္႑ဆိုင်ရာ အကြောင်းအရာများ၊ စွမ်းအင်စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် (SIA)အစီအစဉ်အကြောင်းတို့ကို အဓိကထား ဆွေးနွေးရန် စီစဉ်ထားသည်။ MEIS 2013 ထိပ်သီးအစည်းအဝေးတွင် ဈေးကွက်အလားအလာများနှင့် မြန်မာ့စွမ်းအင်ကဏ္႑ ဖံွ့ဖြိုးရေး အစီအစဉ်များကို ဆွေးနွေးရန် ရည်ရွယ်ထားပြီး စွမ်းအင်ကဏ္႑ ရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွားရေး တိုးတက်ရေး အလားလာများ ဖန်တီးနိုင်ရေးကိုလည်း ဆွေးနွေးကြမည်။ “စွမ်းအင်စီမံကိန်းတွေ ထပ်လုပ်မယ်ဆိုရင် ပြည်တွင်းကို လျှပ်စစ်ဓာတ်အား အလုံအလောက်ပေးနိုင်အောင် လုပ်သင့်တယ်။ ဖြစ်နိုင်ရင် သဘာဝပတ်ဝန်းကျင် မထိခိုက်နိုင်အောင် Renewable Energyကို ဦးစားပေးထုတ်သင့်တယ်”ဟု ပြည်တွင်းစက်မှုလုပ်ငန်းတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားပါသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်ယူရေးကဏ္႑တွင် လာရောက် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းမှာ ခြောက်ခုသာ ရှိသော်လည်း စုစုပေါင်း ပမာဏအမေရိကန်ဒေါ်လာ ၁၉ဘီလီယံကျော်ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄၅ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ ဆိုပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *