News

ပြန်ပြင်ရေးဆွဲရမည့် ငွေကြေးဆိုင်ရာ ဥပဒေ ၁၈ခုတွင် လွှတ်တော် ငွေကြေးဆိုင်ရာ ကော်မတီက မမြင်ဖူးသည့် ဥပဒေများ ရှိနေ

ငွေကြေးနှင့် ပတ်သက်၍ ပြန်ပြင်ရေးဆွဲရန် ရှိသည့် ဥပဒေ ၁၈ခုတွင် လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ မြင်တွေ့ဖူးခြင်း မရှိသေးသည့် ဥပဒေများ ပါရှိနေကြောင်း သိရသည်။

အောက်တိုဘာ ၅ရက်က ဘဏ်များ အသင်း၌ ပြုလုပ်သော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်သော စည်းမျဉ်းများ ဥပဒေ (၁၆/၁၉၉၀) ပြန်ပြင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကော်မတီ ဥက္ကဌ ဦးအောင်သောင်းက ပြောကြားခြင်း ဖြစ်သည်။ “ငွေကြေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြန်ပြင်ရေးဆွဲပေးရမယ့် ဥပဒေ ၁၈ခုလောက် ရှိတဲ့အထဲမှာ ငါးခုကတော့ ပြီးသွားပြီ။ ၁၃ခု ကျန်နေသေးတယ်။ လေးခုက ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမယ့် ဟာတွေပါ။ ကိုးခု ကျန်သေးတယ်။ အဲဒီအထဲမှာကို ကျွန်တော်တို့ မမြင်ဖူးတဲ့ ဥပဒေတွေ ရှိနေပါတယ်။ တခြားအဖွဲ့ဝင်တွေ မေးကြည့်တော့လည်း သူတို့တွေလည်း ရှိမှန်း မသိတာတွေ ရှိနေတယ်”ဟု ဆိုသည်။

ကျန်ရှိနေသည့် ဥပဒေများမှာ အာမခံဥပဒေ၊ အာမခံလုပ်ပိုင်ခွင့် ဥပဒေ၊ ငွေချေးငှား ဥပဒေ၊ ငွေစုဘဏ်ဥပဒေ၊ အစိုးရ လုံခြုံရေး ဥပဒေ၊ စိုက်ပျိုးရေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဥပဒေ၊ ဗိုလ်ချုပ်ရန်ပုံငွေ အက်ဥပဒေ၊ ပင်စင်ဥပဒေများ ဖြစ်ကြောင်း သိရသည်။ ကော်မတီ ဥက္ကဌမှ ဆက်လက်ပြောဆိုရာတွင် ဗိုလ်ချုပ်ရန်ပုံငွေ အက်ဥပဒေနှင့် Government Security Actများမှာ ပြင်ဆင်ရမည့် အထဲ ပါဝင်မှသာ ရှိနေမှန်း သိရကြောင်း၊ အဆိုပါ ဥပဒေများ ပြင်ဆင်ရေးမှာ မိမိတို့ ကော်မတီ၏ တာဝန်များဟု ခံယူထားကြောင်း ၊ ဥပဒေများရေးဆွဲရာတွင် ပုဂ္ဂလိက ဘဏ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ အကူအညီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဦးက “ဥပဒေတွေက ရေးဆွဲရမှာ မှန်ပေမယ့် သေချာရေးဆွဲထားဖို့ လိုအပ်တယ်။ နိုင်ငံတကာ ဘဏ်စနစ်တွေက အလွန်ဖွံ့ဖြိုးလာနေတာ။ အရင်တုန်းက Tale- Banking Systemပဲ ရှိခဲ့တာ။ အခုဆိုရင် E- Banking Systemတွေ Mobile Banking Systemတွေ အထိ ဖြစ်နေတော့ ပြုပြင်ရေးဆွဲဖို့ လိုအပ်နေတာပါ။ တစ်ချို့ ဥပဒေတွေကတော့ ကမ္ဘာဘဏ်တို့နဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ နောက်ပိုင်း ရေးဆွဲတဲ့ အပိုင်းမှာ ဆိုရင် Cerdit Informationတွေကို ဘယ်အချိန်ထုတ်ပြန်ရမယ်ဆိုတာကအစ အသေးစိတ် လုပ်ဆောင်သွားမယ်”ဟု ပြောပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *