News

အဝေးသင်တက် အလုပ်သမားများ စာမေးပွဲဖြေရန် ခွင့်မရ၍ အခက်တွေ့နေ

အဝေးသင် တက္ကသိုလ် စာမေးပွဲဖြေဆိုမည့် စက်မှုဇုန်များမှ အလုပ်သမားများ ခွင့်မရသဖြင့် အခက်အခဲ ဖြစ်နေခြင်းအပေါ် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီက လွှတ်တော်သို့ အစီရင်ခံတင်ပြသွားမည် ဖြစ်ကြောင်း ပြည်တွင်း ကော်မတီ ဥက္ကဌ ဒေါက်တာ မြင့်ကြည်ထံမှ သိရသည်။ မကြာမီ ဖြေဆို တက်ရောက်ရမည့် အဝေးသင် တက္ကသိုလ် ပညာသင်ကြားရန်အတွက် စက်မှုဇုန်များရှိ တစ်ချို့သော စက်ရုံအလုပ်ရုံများမှ လုပ်သားများ လစာမဲ့ ခွင့်ပင် မရရှိကြသဖြင့် အခက်အခဲ ဖြစ်နေခြင်းကို ကော်မတီမှ သက်ဆိုင်ရာ ဝန်ကြီး ဌာနများက လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့် အလုပ်ရှင်များသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးရန် မေတ္တာရပ်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဝေးသင် တက္ကသိုလ် စာမေးပွဲဖြေဆိုခြင်း အတွက် နိုဝင်ဘာ ၁၂ရက်တွင် တက်ရောက်ရမည် ဖြစ်ပြီး ကျောင်းသား အလုပ်သမားများကို လစာမဲ့ခွင့်များ ရရှိရန် လွှတ်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက် ပေးရန်အတွက် မေးခွန်းများ မေးမြန်းခြင်းနှင့် မေတ္တာရပ်ခံခြင်းများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
ကော်မတီ ဥက္ကဌ ဒေါက်တာ မြင့်ကြည်က “လွှတ်တော်တွင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေပြီး အလုပ်ရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ကို မေးခွန်းတွေ မေးသွားမယ်။ လွှတ်တော်တွင် မဟုတ်ပဲနဲ့လည်း မေတ္တာရပ်ခံ ပေးသွားမယ်။ ကော်မတီ အနေနဲ့လည်း ဆက်လက် လေ့လာပြီး ဥပဒေ ဒါမှမဟုတ် သတ်မှတ်ချက်တစ်ရပ် ပေါ်လာအောင် လုပ်ဆောင် ပေးသွားမယ်”ဟု ပြောသည်။

၎င်းမှ ဆက်လက်၍ ကျောင်းသား အလုပ်သမားများစွာ ရှိနေသည့် အတွက် အကောင်းဆုံး ဖြစ်လာစေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများသို့လည်း လွှတ်တော်တွင်း မဟုတ်ပဲ မေတ္တာရပ်ခံပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ် စက်ရုံမှ အလုပ်သမား တစ်ဦးက “ကျွန်မက နယ်မှာ ကျောင်းပြန်တက်ရမှာပါ။ ဒါကြောင့် အလုပ်ရှင်ကို လစာမဲ့ ခွင့်တစ်လ တောင်းတာကို အလုပ်ရှင်က ခွင့်တော့ မပေးနိုင်ဘူး၊ ကျောင်းပြန်တက်မယ်ဆိုရင် အလုပ်ကနေ ထွက်ပါတဲ့။ ကျောင်းပြီးရင်တော့ အလုပ်ကို အချိန်မရွေးပြန်ဝင်ပါတဲ့။ အဲဒီအခါကျရင် အလုပ်ပြန်ပေးမယ်တဲ့။ အလုပ်ကထွက်ပြီး ကျောင်းတက်ပြီးမှ ပြန်ဝင်ဆိုတာက ဒီစက်ရုံမှာ ကျွန်မတို့ရမယ့် ခံစားခွင့်တွေ လုံးဝ မရနိုင်တော့ပါဘူး”ဟု ပြောသည်။

အလုပ်မှ ထွက်၍ ကျောင်းတက်ပြီး လုပ်ငန်းခွင်သို့ ပြန်ဝင်ရောက်ပါက အသစ်အနေဖြင့် ပြန်ဝင်ရောက်ရမည် ဖြစ်ကြောင်း။ ယင်းစက်ရုံတွင် လုပ်သက်ကြာမြင့်ပြီ ဖြစ်သည့်အတွက် နှစ်စဉ်တိုးမည့် နှစ်စဉ်ကြေးများ၊ လစာခံစားခွင့်များ၊ အခြေခံလစာ ကွာခြားမှုများ စသည့် အခွင့်အရေး ဆုံးရှုံးမှုများစွာ ရှိသည့်အတွက် ပညာရေး ဆက်လက်သင်ယူရန်ပင် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းက ဆက်လက်ပြောပြသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည် အလုပ်သမားရေးရာ အဖွဲ့ဝင် ဦးသားကြီးက “မင်္ဂလာဒုံ စက်မှုဇုန်က FAMOSO အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားတွေ လစာမဲ့ခွင့်ရက် မရလို့ ဆိုပြီး ကျောင်းသား အလုပ်သမား ၁၄ဦးက ကျွန်တော်တို့ ၈၈ကို အကူအညီတောင်းလာလို့ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာ ဌာနတွေကို စာတင်ပေးခဲ့ပါတယ်”ဟု ပြောသည်။

ဒဂုံဆိပ်ကမ်း စက်မှုဇုန်ရှိ MPMဆေးဆိုးပန်းရိုက် စက်ရုံမှ ကျောင်းသား အလုပ်သမား ကိုရဲမင်းနိုင်က “ကျွှန်တော်တို့ စက်ရုံက အရင်နှစ်တွေတုန်းကတော့ ခွင့်ရပါတယ်။ ဒီနှစ်ကျမှ စက်ရုံမှာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့တဲ့အထဲမှာ ပါလို့ဆိုပြီး ကျောင်းတက်ဖို့ကို လစာမဲ့ ခွင့်မပေးတော့ပါဘူး။ အဲဒီအတွက်ကြောင့် အလုပ်ထွက်ရမလို ကျောင်းတက်ရမလို စဉ်းစားရကျပ်နေပါတယ်”ဟု ပြောသည်။

ရွေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း အစရှိသည့် စက်မှုဇုန်များရှိ စက်ရုံတော်တော်များများတွင်လည်း လစာမဲ့ ခွင့်မရရှိသည့်အတွက် အလုပ်မှ ထွက်ရမည့် ကျောင်းသား အလုပ်သမားများစွာ ရှိနေကြောင်းကိုလည်း မြို့နယ် စက်မှုဇုန်များရှိ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များထံမှ သိရသည်။

စက်တင်ဘာ ၇ရက်တွင်လည်း လှိုင်သာယာ စက်မှုဇုန် ကနောင် ခန်းမ၌ ပြုလုပ်ခဲ့သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ် ညှိနှိုင်း တွေ့ဆုံရာတွင်လည်း ကျောင်းသား အလုပ်သမားများ နစ်နာနေရခြင်းကို ဥပဒေတွင် ထည့်သွင်း ရေးဆွဲပေးရန်အတွက် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကလည်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်နှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်ထံ တောင်းဆိုခဲ့သည်ဟု သိရသည်။

တက္ကသိုလ်တစ်ခုတွင် အဝေးသင်ပညာရေးဖြင့် ပညာရေး သင်ကြားနေသည့် ကျောင်းသားများသည် သိန်းဂဏန်းများဖြင့် ရှိနေပြီး ယင်း ကျောင်းသား အလုပ်သမားများအတွက် ကျောင်းတက်ချိန်ခွင့် တစ်လကို လစာမဲ့ ခွင့်အဖြစ် အလုပ်သမားဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဥပဒေသော်လည်းကောင်း၊ သတ်မှတ်ချက်သော်လည်းကောင်း ရေးဆွဲပေးသင့်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “အဝေးသင်တက် အလုပ်သမားများ စာမေးပွဲဖြေရန် ခွင့်မရ၍ အခက်တွေ့နေ

  1. Myatko Ko says:

    မှန်လိုက်လေ

  2. Jabber Mim says:

    ကျောင်းတက်မည့်ဝန်ထမ်းတွေ
    ကဖြေဆိုခွင့်မတိုင်ခင်ခွင့်မခံစား
    ဘဲနဲ့ခွင့်မပေးတာဆိုလွန်တာပေါ့။ဲ

  3. Moon Star says:

    ဒါက မဖြစ်သင့်တဲ့အရာပါ အလုပ်စခန့်ကတည်းက ကျောင်းတက်နေတာသိရဲ့သားနဲ့ ဘာလို့ အလုပ်ခန့်တာလဲ အစိုးရက အလုပ်ရှင်တွေကို အရေးယူသင့်ပါတယ် ဒီလိုမှမဟုတ်ရင် အစိုးရက တိုင်းပြည်ကို အညွန့်ချိုးနေတာနဲ့ အတူတူပါပဲ

Leave a Reply

Your email address will not be published. Required fields are marked *