Opinion

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊ ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာ မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။

ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက် သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။

တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။ မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။ ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့ လက်နှီးစုတ်မှန်း မသိဘူး။ ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။ ရလား စင်္ကာပူမှာ။ ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊ လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ် ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။ နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း ပလုံဆို ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင် ဂျီးဗလပွနဲ့ လက်နှီးစုတ်ကို သုတ်တယ်။ ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေးနော်။ ဒါမှ စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။

ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။ လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက် ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း နောက်ဆက်တွဲတွေ မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။ အိမ်ပြန်တဲ့အခါလည်း လမ်းလျှောက်ပြန်ဖို့တော့ မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ ထိနေမယ်။ လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့ ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။ အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့် ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။ သောက်ကောင်းတာပဲ။ သေကာမှ သေရော။ ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့ ငုံထားပါ ဆိုလား ဘာလား။ ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။ အိမ်မှာနေလဲ မီးပျက်နေမှာပဲ။ မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး အချိန်ဖြုန်းလိုက်။ တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင် ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။ ဒီတော့ ဝက်နံကင်လေး၊ ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ ဘာအရေးလဲ။ ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့ ပြောမလို့။

ကဲ အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး ဝါးချင်ဝါးလို့ ရသေးတယ်။ အောင်မလေး ဆိုးဆေးတွေ စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။ တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ ဒီလိုပဲ ဘာမှ မသိသေးတော့ သေရိုးသေစဉ်ပေါ့။ မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး ထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ တောင့်လို့ ကော့လို့။ ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။ ဘာအရေးလဲ။ နိုင်ငံခြားမှာ အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား ခင်ဗျားတို့ စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင် ဈေးသွားပြီး ဝယ်ကြည့်လိုက်ဦး။ Web Market ဆိုတာကို ဗွက်မားကတ်လို့ နာမည်တော့ တလွဲတွေ လာမပေးကြနဲ့။ သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး အောင့်တတ်ရင် ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ် အကုန်ရတယ်။ ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။ မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ ဆက်ရေးချင်ပေမယ့် မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။

One thought on “မြန်မာပြည်မှာ နေရတာ ကောင်းတယ်။

Leave a Reply

Your email address will not be published. Required fields are marked *