News

မီးဖွားသူ တစ်သိန်းတွင် မိခင် ၂၀၀ ခန့် သေဆုံးနေ

မြို့နယ် ၂၀ တွင် စမ်းသပ်ကောက်ခံထားသော ကနဦး သန်းခေါင်စားရင်းအရ မြန်မာနိုင်ငံတွင် ကလေးမွေးဖွားစဉ် သေဆုံးသူ မိခင် အရေအတွက်မှာ လူတစ်သိန်းလျှင် အယောက် ၂၀၀ ကျော်အထိရှိနေကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးခင်ရီက ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါစာရင်းများမှာ မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ် ၂၀ ကို အခြေတည်ထားသော ကနဦး သန်းခေါင်စာရင်း အရ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးက သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စု၀န်ကြီးက “လက်ရှိ ကနဦး စမ်းသပ်ချက်အရဆိုရင် ကိုယ်၀န်ဆောင်မိခင် တစ်သိန်းမှာ လူ ၂၀၀ ဆိုတာ အလွန်များနေပြီ။ ဒီကိန်းဂဏန်း အရဆိုရင် ကျန်းမာရေး၀န်ကြီးဌာနက မိခင်နဲ့ကလေး စောင့်ရှောက်ရေးကို ပိုပြီး အာရုံစိုက်ဖို့လိုနေပြီ”ဟု ပြောသည်။

ကျန်းမာရေး၀န်ကြီးဌာန၏ စာရင်းများအရ မိခင် သေဆုံးနှုန်းမှာ ၂၀၁၂ ခုနှစ်တွင် အရှင်မွေး ၁၀၀၀ လျှင် ၁ ဒဿမ ၃ ဦးသေဆုံးနေပြီး ကိုယ်၀န်ပျက်နှုန်းမှာ ၃ ဒဿမ ၃ ဦး အထိရှိနေသည်။ ၂၀၁၂ ခုနှစ် တရား၀င် စာရင်းများအရ မိခင်တစ်သိန်းတွင် ၁၃၀ဦး သေဆုံး၍ ၃၃၀ မှာ ကိုယ်၀န်ပျက်ကျနေဆဲဖြစ်သည်ဟု ဆိုသည်။ ယင်းနှင့် ပတ်သက်ပြီး ကျန်းမာရေး ဦးစီးဌာနမှ တာ၀န်ရှိသူ တစ်ဦးက “ဆေးရုံ ဆေးခန်းသွားဖို့ မိသားစုအတွင်းဆုံးဖြစ်ချက်နှောင့်နှေးရတဲ့အကြောင်းတွေကတော့ အသိပညာ နည်းပါးတာရယ်၊ အန္တရယ်ဖြစ်နိုင်တဲ့ လက္ခဏာတွေကို မသိတာနဲ့ ၀င်ငွေနည်းပါးတာတွေ ဖြစ်ပါတယ်။ အိမ်ကနေ ဆေးရုံ ဆေးခန်းသွားတဲ့လမ်းခရီးတွေမှာ မိုးတွင်းကျ လမ်းတွေကို မသုံးနိုင်တာနဲ့ ခရီးတွေေ၀းလွန်းတာ၊ ခရီးစရိတ်ကြီးလွန်းတာတွေကြောင့် အခုလို သေဆုံးမှုတွေဖြစ်ရတာဖြစ်တယ်”ဟု ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူလူထု အချိုးမှာ နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းအား ကိုယ်စားပြုသည်ဟု ဆိုသော်လည်း အစိုးရ၏ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်သုံးစွဲမှုမှာ နှစ် ရာခိုင်နှုန်း၀န်းကျင်သာ ရှိနေခြင်းမှာ လက်တလော တွေ့ကြုံနေရသော အကြောင်းအရင်းများဖြစ်ကြောင်း ပညာရှင်များမှ ပြောသည်ဟုသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *