News

အမျိုးသားဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ် သီတဂူ ဆရာတော် မိန့်ကြား

Thitagu

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယက အဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲ ဆောင်ရွက်သွားရန် ဇွန်လ ၂၇ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒ ခံယူပွဲတွင် သီတဂူ ဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်ဟု သိရသည်။

“အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင်မကပဲ နိုင်ငံပါ စောင့်ရှောက်နိုင် ဖို့အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံး ရွေးဖို့တော့ လိုပါတယ်။ ဦးဆောင် ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံ စည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ် အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန် ရွာမ ဆရာတော် ဘုရားကြီးကို တပည့်တော်လျှောက်ထားပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃသမဟာ နာယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃဝံသာနု ရကိ္ခတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လို သဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်း ညီညွတ်မှုက အရေးကြီးပါတယ်” ဟု သီတဂူ ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရက မိန့်ကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနဲ့ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွှန်မှု ဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိ ဆက်လက် လုပ်ဆောင်ရန် သီတဂူ ဆရာတော်က တိုက်တွန်းခဲ့သည်။ ဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား “သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ ဘာသာဝင် အားလုံး ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီအရိပ်ကို ခိုပြီး ဒီသစ်ပင်ကို မဖျက်ဆီးကြဖို့၊ ဒီသစ်ပင်ကို စောင့်ရှောက်ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ဝင်မပါမိစေဖို့၊ ဝင်ထိန်းပေးဖို့၊ တပည့်တော်တို့အားလုံး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အဲဒါမျိုးတွေမှာ ဝင်ပါရင် တိုင်းမ် မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင် လုပ်တဲ့ အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်” ဟု မိန့်ကြားခဲ့ပါသည်။ အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ကြရန် လိုအပ်ကြောင်း ကိုလည်း ပြောကြားခဲ့ပြီး သံဃာတော်များအနေဖြင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။

ထို့နောက် အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရန် အတွက် သံဃာထု၏ နောက်တွင် International Outlookရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင်များ ပါရှိရန် လိုအပ်ပြီး အစိုးရ အပါအဝင် ပြည်သူများကပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေး ရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင် ယူဆကြောင်းနှင့် ထိုသို့ လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန် လံှု့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် အခမ်းအနားသို့ တက်ရောက်လာသော သံဃာတော်အပါး ၁၀၀၀ကျော်ကို ဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့ပါသည်။

ထို့အပြင် ဇူလိုင် ၁ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား The Face of Buddhist Terror ဟု စွပ်စွဲ ဖော်ပြထားခြင်းနှင့် ပတ်သက်၍ အဆိုပါ ဆောင်းပါးရေးသူအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားချက်များ အားလုံးကို ကန့်ကွက်ကြောင်း အစည်းအဝေးတွင် သဘောထား ခံယူခဲ့ရာ သြဝါဒခံယူပွဲ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီခဲ့ကြသည်။

သီတဂူဆရာတော်ဘုရားကြီးက နိဂုံးချုပ် မိန့်ကြားရာတွင် အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်နိုင်ရေးသည် နိုင်ငံတော် အစိုးရနှင့် လက်တွဲညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များ အဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား တိုက်တွန်းမိန့်ကြားခဲ့ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *