News

မိုနာလီဇာ၏ ကိုယ်ဟန်ပြမယ်ကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်း

အီတလီပန်းချီကျော် လီယိုနာဒို ဒါဗင်ချီ၏ ကမ္ဘာကျော် ပန်းချီကားအတွက် မိုနာလီဇာအဖြစ် ကိုယ်ဟန်ပြပေးခဲ့သူ မည်သူမည်ဝါ ဖြစ်ကြောင်း၊ ကျွမ်းကျင်သူများ အဖြေရှာခဲ့ကြသည်မှာ ရာစုနှစ်များစွာ ကြာခဲ့ပြီးနောက် အီတလီနိုင်ငံ၊ ဖလော့ရင့်စ်မြို့မှ သိပ္ပံပညာရှင်များသည် မိုနာလီဇာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြနိုင်မည်ဟု မျှော်လင့်လျက် မျိုးရိုးဗီဇ (DNA)ကို တိုက်ဆိုင် စစ်ဆေးရန် ဂူသင်္ချိုင်းတစ်ခုကို ဖွင့်ဖောက်ခဲ့ကြကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းဂူသင်္ချိုင်းသည် ဖလောန့်စ်မြို့ရှိ ဆန်တီဆီမာအန်ယူဇီယာတာ ဘုရားကျောင်း၏ ဘုရားစင် အနောက်ဘက်ရှိ ကျောက်သားဖြင့် ပြုလုပ်ထားသည့် ကြမ်းပြင်အောက်တွင် တည်ရှိပြီး လီယိုနာဒို ဒါဗင်ချီ ပန်းချီရေးဆွဲရန် ကိုယ်ဟန်ပြပေးခဲ့သည်ဟု ယုံကြည်ရသော လီဆာဂဟီရာဒီနီနှင့် ၎င်း၏ မိသားစုဝင်များကို မြှုပ်နှံထားသည့် ဂူသင်္ချိုင်းဖြစ်သည်ဟု ဆိုသည်။

သုတေသနပညာရှင် ဆီလ်ဗန်ဒိုဗင်ဆင့်တီသည် ယင်းဂူသင်္ချိုင်းမှ အရိုးများ၏ (DNA)နှင့် သူတော်စင် ယာဆုလာဘုရားကျောင်းအနီး မြှုပ်နှံထားခဲ့သည့် ယမန်နှစ်အတွင်းက ရှာဖွေတွေ့ရှိခဲ့သော အမျိုးသမီးသုံးဦး၏ အလောင်းကို (DNA)စစ်ဆေးပြီး ၎င်းရလဒ်များကို တိုက်ဆိုင် ကြည့်ရှုရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းဘုရားကျောင်းတွင် လီဆာဂဟီရာဒီနီသည် ၁၅၄၂ခုနှစ်က သီလရှင်ဘဝဖြင့် ကွယ်လွန်ခဲ့သည်။ ယင်းဂူသင်္ချိုင်းမှ အရိုးအချို့သည် ၎င်း၏ ဆွေမျိုး အနည်းဆုံး တစ်ဦး၏ DNA စစ်ဆေးမှုနှင့် ကိုက်ညီမှုရှိပြီး သားဖြစ်သူ ပီယာဂို၏ အရိုးစု ဖြစ်နိုင်သည်ဟု ဆိုသည်။

မိခင်နှင့် သမီးကြား (DNA) စစ်ဆေးမှု ကိုက်ညီကြောင်း တွေ့ရှိခဲ့ပါက မိုနာလီဆာ မည်သူလဲ ဆိုသည်ကို မစ္စတာ ဗင့်ဆင့်တီက ပြောကြားသည်။ DNA စစ်ဆေးမှု ကိုက်ညီသည်နှင့် ဦးခေါင်းခွံအရိုးမှတစ်ဆင့် လီဆာဂဟီရာဒီနီ၏ မျက်နှာပုံဖော်ကာ မိုနာလီဇာ ပန်းချီကား ရုပ်ပုံနှင့် နှိုင်းယှဉ်ကြည့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လီယိုနာဒိုဒါဗင်ချီသည် မိုနာလီဇာ ပန်းချီကားကို ပြီးစီးသည်အထိ ၁၅နှစ်ကြာ ရေးဆွဲခဲ့ရပြီး ၎င်းသေဆုံးပြီးနောက် ပြင်သစ်ဘုရင်က ပိုင်ဆိုင်ခဲ့ကာ ယခုအခါ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လော်ဗရီပြတိုက်တွင် ပြသထားကြောင်း သိရပါသည်။

၁၅နှစ်ကြာ ရေးဆွဲခဲ့ရသော မိုနာလီဇာ ပန်းချီကားသည် ၎င်း၏ ပဟေဠိဆန်သော အပြုံးကို အဖြေရှာ၍ မရသေးသလို ၎င်း၏ ကိုယ်ပိုင်ဟန်ပြမယ်ကို ထုတ်ဖော်ရန် ကြိုးစားခဲ့ကြသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် ခေတ်မီအောင် နည်းပညာများအရ အရိုးစုများမှတစ်ဆင့် ရှာဖွေ ဖော်ထုတ်နိုင်တော့မည်ဆိုလျှင် မိုနာလီဇာ၏ ပဟေဠိကို အဖြေညှိနိုင်တော့မည် ဖြစ်ပေသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *