News

မယ်ကမ္ဘာ သရဖူကို အမေရိကန်ဖွား ဖိလစ်ပိုင် အလှမယ်ဆွတ်ခူး

၂၀၁၃ ခုနှစ်အတွက် မယ်ကမ္ဘာ ဆုပေးပွဲ အခမ်းအနားတွင် ဖိလစ်ပိုင် ကိုယ်စားပြု အလှမယ် မီဂန်ယန်းက အလှ သရဖူဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ အမေရိကန်ဖွား မီဂန်သည် ပြိုင်ဖက် (၁၂၆)ဦးကို ကျော်ဖြတ်ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲတွင် မယ်ကမ္ဘာ အဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

ဘာသာရေး အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင့် ဘီကီနီဖြင့် ကိုယ်ဟန်ပြသည့် အစီအစဉ်ကို ဖယ်ရှားခဲ့ရသလို ဂျာကာတာတွင် ကျင်းပရန် ရည်ရွယ်ချက်အား ပယ်ဖျက်ကာ ဘာလီတွင် ကျင်းပခဲ့ရသည့် မယ်ကမ္ဘာ ပြိုင်ပွဲ နောက်ဆုံးအဆင့်သည် အောင်မြင်ချောမွေ့စွာပင် ပြီးစီးခဲ့သည်။ အသက် ၂၃နှစ်ရှိ မီဂန်သည် မော်ဒယ်လ်နှင့် မင်းသမီး တစ်ဦး အနေနဲ့ပါ ရပ်တည်နေသူဖြစ်သည်။

စနေနေ့က လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ပြုလုပ်ခဲ့ရသော ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် မီဂန်က “ကျွန်မအနေနဲ့ အများအကျိုး အတွက် လုပ်နိုင်စွမ်းရှိသလောက် လုပ်ဆောင်ပါမယ်။ ကျွန်မ သင်ယူထားသမျှ ကျွန်မ သိရှိထားသမျှ တွေကို လူသားတွေ အသိအမြင် ပိုပွင့်လင်း လာအောင် ဝေမျှချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
သူမနောက်တွင် ပြင်သစ်အလှမယ် မာရီနီလော်ဖီလင်က ဒုတိယ ရရှိခဲ့ပြီး ဂါနာကိုယ်စားပြု အလှမယ် ကာရန်ဇာနားအိုကိုင်လီက တတိယ ချိတ်ခဲ့သည်။ မီဂန်သည် အသက် (၁၀)နှစ် အရွယ်ကတည်းက ဖိလစ်ပိုင်သို့ ပြောင်းရွေ့ နေထိုင်ခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ မယ်ကမ္ဘာ ဆုရ တရုတ်အလှမယ် ဝမ်ဇီယာယူက သူမကို ဆုချီးမြှင့်ခဲ့သည်။

မယ်ကမ္ဘာ နောက်ဆုံးအဆင့် ရွေးချယ်မှုပြိုင်ပွဲကို နိုင်ငံပေါင်း ၁၈၀ကျော်တွင် ထုတ်လွှင့် ပြသခဲ့သည်။ အဆိုပါ ပြိုင်ပွဲ မကျင်းပမှီ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက တားဆီး နှိမ်နှင်းရန် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သံချပ်ကာယာဉ်များပေါ်တွင် ရေအမြှောက်များ တင်ကာ ရဲတပ်ဖွဲ့ဝင်များက အသင့် အနေအထား ပြင်ဆင်ထားခဲ့ကြောင်းလည်း သိရှိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *