News

စီးပွား/ကူးသန်း ဝန်ကြီးဌာနကို စွမ်းဆောင်ရည် ပြည့်ဝအောင် လုပ်ဆောင်မည်ဟု ဆို

private sector of comerce in myanmar

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား ခေတ်စနစ်နှင့်အညီ ပြောင်းလဲမှု ပြုလုပ်ရာတွင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဇွန် ၂၁ရက်နေ့က ပုဂ္ဂလိက ကဏ္႑မြှင့်တင်ရေးဆိုင်ရာ ဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်ဟု သိရသည်။ နိုင်ငံတော် သမ္မတ၏ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်ကြောင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာနေချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား ပိုမို စနစ်ကျ၍ စွမ်းဆောင်ရည် ပြည့်ဝသည့် ဌာနတစ်ခု ဖြစ်လာစေရန် တွန်းအားပေး လုပ်ဆောင်သွား မည် ဖြစ်ကြောင်း၊ ပြောဆိုခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် “ပြောင်းလဲမှု တစ်ခုလုပ်မယ်ဆိုရင် အချိန်ယူရမယ်၊ အန္တရာယ်များမယ်။ ဘာပဲဖြစ်ဖြစ် မပြောင်းလဲလို့မရဘူး။ အထက်နဲ့ အောက်လူကြီးနဲ့ ဝန်ထမ်း တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကအစ ပြောင်းလဲရမယ်။ ပြောင်းလဲမှုလုပ်တဲ့အတွက် အနည်းနဲ့အများဆိုသလို အခက်အခဲကတော့ ရှိမှာပဲ။ ဒီအပြောင်းအလဲကို သေချာဆုပ်ကိုင်ပြီး နိုင်ငံအတွက် အကျိုးရှိအောင် လုပ်ရမယ်”ဟု ဆိုသည်။

ဝန်ကြီးက ယခုလက်ရှိအချိန်၌ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအများစု၏ စိတ်ဝင်စားမှု အများဆုံး နိုင်ငံတစ်ခုအဖြစ် ရှိနေပြီး အပြောင်းအလဲများ ပြုလုပ်ရာတွင်လည်း ပညာရှင်များ၏ လမ်းညွှန်မှုများအား လိုက်နာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဟောပြောပွဲသို့ တက်ရောက်လာ သည့် ဒေါက်တာအောင်ထွန်းသက်က “နိုင်ငံတကာက စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အထောက်အပံ့တွေ ရရှိချိန်မှာ ထိတွေ့ဆက်ဆံရမယ့်သူတွေရဲ့ Capacity Buildingက အရမ်းအရေးကြီးတယ်။ ဒါကို ဌာနဆိုင်ရာတွေက ဖြည့်ဆည်း လုပ်ဆောင်မယ်၊ ပုဂ္ဂလိက အပိုင်းတွေက ၂၀၁၅အာဆီယံ လွတ်လပ်တဲ့ စီးပွားရေး အသိုက်အမြုံအတွက်ကို ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် နိုင်ငံအတွက် များစွာ တိုးတက်လာနိုင်မယ်”ဟု ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရသစ်လက်ထက် ကုန်စည်စီးဆင်းမှုများအား ပိုမို အထောက်အကူ ဖြစ်စေရန်အတွက် အဟန့်အတား ဖြစ်စေသည့် လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများအား ဖြေလျှော့ပေးခဲ့သည်သာမက ကုန်စည် စီးဆင်းမှုမြင့်တက်စေရန်အတွက် ကုမ္ပဏီများသာမက တစ်ဦးချင်းကုန်သွယ်ခွင့်များကိုပါ ယခုနှစ်မှ စတင်၍ တိုးမြှင့်ချထားပေးကြောင်း၊ ဝန်ထမ်းများနှင့် Civil Society များ အားကောင်းစေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ သဘောတရားများနှင့် စီးပွားရေး ပြုလုပ်ရန်အတွက် သိသင့်သည့် စီးပွားရေးဆိုင်ရာ သီအိုရီ သဘောတရားများအား ဝန်ကြီးဌာနမှ ပညာရှင်များဖြင့် ပို့ချပေးမှုများ လုပ်ဆောင်ပေးထားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *