News

“သ”အက္ခရာယာဉ်များ အပ်နှံခြင်းကြောင့် ကားစလစ်ဈေးကွက် အေးနိုင်

Car Market

နိုင်ငံတော် အစိုးရမှ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်များ ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ “သ”အက္ခရာ ယာဉ်များကို ဆက်လက် အပ်နှံ ဆောင်ရွက်ပေးမည်ဖြစ်ရာ လက်ရှိ ကားစလစ်ဈေးကွက်တွင် အရောင်းများ အေးသွားနိုင်ပြီး ကားဈေးကွက်အတွင်း အပြောင်းအလဲများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ ကားစလစ်များ ဈေးကွက်အတွင်း ရှားပါးနေခဲ့ခြင်းကြောင့် ယခင် “လ”အက္ခရာ စလစ်ဈေးနှုန်းမှာ ယခု ရက်ပိုင်းအတွင်း ကျပ် သိန်း ၁၁၀ဝန်းကျင်အထိ ပေါက်ဈေးများ ရှိခဲ့ပြီ၊ ယခုအပ်နှံခံမည့် “သ”အက္ခရာစနစ်မှာ ၉၂သိန်း ဝန်းကျင်ခန့် ပေါက်ဈေးများ ရှိနေကြောင်း သိရသည်။

ယာဉ်ဟောင်း အပ်နှံမှုများ မရှိခဲ့သောကြောင့် ယခင် “လ”အက္ခရာ စလစ်များ ဈေးမြောက်ခဲ့ပြီး ယခု “သ”အက္ခရာများ အပ်နှံပါက ဈေးကွက်အတွင်း စလစ်များ ပေါများလာပြီး စလစ်များ အေးစက်သွားနိုင်ကြောင်း၊ စလစ်ဈေးကွက်စောင့်ကြည့်သူများအတွက် အဆင်ပြေနိုင်ပြီး ကားရောင်းသူများအတွက်ပါ အဆင်ပြေနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ ယာဉ်ဟောင်းများ အပ်နှံရာတွင် CNGယာဉ်များဆိုပါက ၎င်းအတိုင်း ပြန်သွင်း၍ ရသည့်အတွက် မရောင်းပဲ CNGကားမဟုတ်ပါက စလစ်ထုတ်လာရန်အတွက် အလုပ်ရှုပ်မခံတော့ပဲ ပြန်ရောင်းသည်များရှိကြောင်း၊ ငွေတတ်နိုင်သည့်သူများက စလစ်ထုတ်၍ အောင်းထားပြီး စလစ်ဈေးတက်မှ ပြန်ရောင်းကြောင်း သိရသည်။

အစဦးတွင် “သ”အက္ခရာကားများ ပေါက်ဈေး ၉၀ကျော်သာ ရှိသော်လည်း အပ်နှံမှု များလာပါက နောက်ပိုင်းတွင် ဈေးများမြောက်လာနိုင်ကြောင်း သုံးသပ်သူများလည်း ရှိသည်။ နိုင်ငံတော် အစိုးရမှ ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို ၁၁.၉.၂၀၁၁တွင် နိုင်ငံပိုင် သတင်းစာများမှ ကြေညာပြီး ဆောင်ရွက်ခဲ့ရာ ၂၀.၆.၂၀၁၃အထိ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု အစီးရေ ၈၄၈၅၆စီး ဖြစ်၍ ဆောင်ရွက်ပြီးစီးမှုမှာ ၈၇ဒဿမ ၁၇ရာခိုင်နှုန်း ဖြစ်ကြောင်း၊ “သ”အက္ခရာယာဉ်များ အပ်နှံ ဆောင်ရွက်ခြင်းကို ၂၅.၆.၂၀၁၃နေ့မှ စ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီး ရုံးများတွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *