News

မြန်မာတို့အတွက် မာဇဒါပြန်လာပြီ

ဂျပန်နိုင်ငံ အခြေစိုက် မာဇဒါ (Mazda) မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကားအသစ်များ ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိက ပြောကြားလိုက်ကြောင်း ဂျပန်နိုင်ငံမှလာသည့် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်ဟု သိရသည်။

မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့်မှု ဖယ်ရှားပြီးနောက်ပိုင်း မြန်မာ့ကားဈေးကွက်တွင် မာဇဒါ (Mazda) အနေဖြင့် ခြေကုပ်ယူနိုင်ရန် ခြေလှမ်းသစ် စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိ Masamichi Kogaiက ပြောကြားသည်။ Mazda Brandရဲ့ အဖွဲ့သစ်အဖြစ် အနာဂတ်မှာ တည်ဆောက်သွားမည်ဟု ဆိုသည်။

မြန်မာ့ကားဈေးကွက်သည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်မှစတင်ကာ တိုးတက်ပွင့်လင်းလာခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိ လူဦးရေ သန်း ၆၀သော ကားဈေးကွက်အတွင်း ဂျပန်နိုင်ငံထုတ် မော်တော်ကားများမှ နေရာယူထားသည်ဟု ၄င်းက ဆက်လက်ပြောပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် နစ်ဆန်းမော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီသည် ပဲခူးတိုင်းဒေသကြီးတွင် မော်တော်ယာဉ် ထုတ်လုပ်နိုင်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်နေကာ ဆူဇူကီး မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီမှလည်း မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် မာဇဒါအနေဖြင့် ၄င်းတို့၏ မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်ဟု ဆိုသည်။

အောင်ကမ္ဘာကားအရောင်းစင်တာမှ ကိုငယ်က “အရောင်းစင်တာတွေ အတွက်တော့ သိပ်ပြီးမထူးနိုင်ဘူး။ လက်ရှိ ကားအဟောင်းကို ကျပ်သိန်း ၁၀၀နဲ့ ၀ယ်စီးနိုင်တယ်။ သူတို့က ဒီမှာ လာရောင်းမယ်။ Qualityကို လျော့ပြီး ဈေးနှုန်းကို ချပြီးရောင်းမယ်ဆိုရင်တော့ သူတို့အနေနဲ့ အောင်မြင်နိုင်မယ်ဟု သုံးသပ်ပြောကြားသည်။

မြန်မာ့မော်တော်ကား ဈေးကွက်မှာ ယခုနှစ်မှ လာမည့် ၂၀၁၉ခုနှစ်အတွင်း နှစ်စဉ် သုံးစွဲမှု ရာခိုင်နှုန်းမှာ ၇ ဒဿမ ၈ရာခိုင်နှုန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ အခြေခံအဆောက်အအုံများ တိုးတက်မှု၊ ၀င်ငွေများ တိုးတက်မှုနှင့်အတူ မြန်မာ့ကားဈေးကွက်မှာ အဆိုပါ နှစ်များအတွက် ဖွံ့ဖြိုးဖြိုးတိုးတက်လာမည်ဟု Asia Pacific at Frost & Sullivan၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်ဟု ဆိုသည်။

Mazdaသည် မြန်မာတွင် တစ်ခေတ်ဆန်းခဲ့သော Brand ဖြစ်သည်။ မာဇဒါသည် မြန်မာနှင့် မစိမ်းပါ။ မိတ်ဟောင်း၊ ဆွေဟောင်းကြီးဖြစ်သည်။ ဆလွန်းကား၊ ဗင်ကားမှန်သမျှ ဘီးလေးဘီးရှိသော်လည်း လေးဘီးကားဟုဆိုလျှင် Mazda B360နှင့် Mazda B600တို့ကိုသာ ပြေးမြင်ကြသည်။ အိမ်သုံး၊ ရုံးသုံး၊ တက္ကစီဆွဲခဲ့ကြသည့် ကားလေးဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က လူကြီးများ Mazda 929ကား အနက်ကြီးများ စီးကြသည်။ မာဇဒါဖယ်မလီယာဆိုရင် လူကုံထန်တွေမှ စီးသည်။ စစ်တော်အရာရှိတွေ စီးတာကတော့ Mazda Sedan 1300 တွေဖြစ်သည်။ တချို့တက်နိုင်သူများက mazda 626 ဇိမ်ခံကားတွေ စီးကြသည်။ ဌာနဆိုင်ရာ အရာရှိတွေအတွက် Mazda Jeepတွေ ထုတ်ပေးသည်။ မြန်မာတွေ မာဇဒါလှိုင်အောင် စီးခဲ့ကြရသည်ဟု ဆိုချင်ပါသည်။ ယခုကားတွေ တင်သွင်းခွင့်ရတော့ Toyota Viztတို့ Honda Fitတို့ Suzuki Switchတို့နှင့်မတူ Mazada Demino မီနီဆလွန်းကားလေးများလည်း စီးနေကြရပြီဖြစ်၍ မြန်မာတွေအတွက် မာဇဒါပြန်လာပြီဟု ဆိုရခြင်း ဖြစ်ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *