Health, News

တကျော့ပြန်ဦးမော့လာတဲ့ မေးခိုင်ရောဂါ

“ဒီနေ့ကတော့ Transfer In (Transfer in) တစ်ယောက်ပဲ ၀င်တယ်ဆရာ”
Night Duty အ၀င်၌ တာ၀န်ကျ ဆရာ၀န် Dr. မေဇင်က ဆိုသည်။ Duty လွှဲချိန်တွင် လွှဲပေးသူနှင့် လက္ခံသူတို့အကြား Over ပေးကြရသည်မှာ စာရေးသူတို့ ဆေးလောက၏ နေ့စဉ်၀တ္ထရားတစ်ခု။ Ward ကိုအကြမ်းဖျဉ်း လှည့်ကြည့်ရင်း ရင်ထဲစိတ်ပူမိသည်က Bed No.8 (သို့) Isolated Roomတွင် ယခင်နေ့ကရှိသော ကလေးလူနာ “လှိုင်ပြည့်အေး”ကို ယနေ့ ယခုမတွေ့ရတော့။ “ဆုံးသွားပြီလား”ဟု စိတ်ထဲက ထင့်နေသည်။ Over ယူပြီးလျှင်တော့ မေးရဦးမည်။

“ဒီနေ့ Tetanus အသစ်တစ်ယောက် ထပ်ရောက်တယ်။ အရင်တစ်ပတ်က ဆရာတင်ထားတဲ့ လှိုင်ပြည့်အေးလေးက ကောင်းနေလို့ နောက်ခန်းရွေ့ထားလိုက်ပြီ” Dr. မေဇင်စကားကြားရမှ ရင်ထဲပေါ့သွားသည်။ ပြီးခဲ့သည့်် အပတ်က (၄)နှစ် သမီးလေး “တက်သည်” ဆိုပြီး ဆေးရုံလာပြခဲ့သည်။ တစ်ကိုယ်လုံးတောင့်တင်း၊ တဆတ်ဆတ်တုန်နေပြီး ခေါင်းမော့ ခါးကော့ကာ အံကြိတ်လျက်အနေအထား တွေ့ရသဖြင့် Tetanus မေးခိုင်ရောဂါ ၀င်နေပြီဟု ကနဦးရောဂါ သတ်မှတ်ချက်ဖြင့် ဆေးရုံတင်ခဲ့ခြင်း ဖြစ်သည်။ လူအများစုက သံစူးမှ မေးခိုင်ရောဂါ ၀င်သည်ဟု မှတ်ယူတတ်ကြသဖြင့် ယခု ကလေးတွင် ဒဏ်ရာဟူ၍ စိုးစဉ်းမရှိ။ သံဆူးသေးလားဟု မေးရန်လည်း ထိုကလေးက သတိမကောင်း။ ကလေး၏ မိသားစုက မေးခိုင်ရောဂါဟု လက်မခံ။ ၄င်းတို့နေထိုင်ရာဒေသမှ ဆရာဆိုသူက “နဂါးသိုက်မှ” လာခေါ်နေ၍ ဤသို့ဖြစ်ရသည်တဲ့။ ထို့ကြောင့် ဆေးရုံမှ ခေတ္တခဏ အိမ်ပြန်ခေါ်၍ ထိုဆရာနှင့် နဂါးသိုက်ကို နှင်ဦးမည်တဲ့။ ထိုနေ့မှာပင် ကလေးအခြေအနေမှာ ပိုဆိုးလာပြီး အသက်ပင် ကောင်းကောင်းမရှုနိုင်သဖြင့် အသက်ရှု စက်ပေါ်တင်လိုက်ရချိန် ဖြစ်သည်။ ဆေးပညာအတွေ့အကြုံအရ အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှုစက်ဖြင့် ပေးရှုထားလျှင် ပကတိ ပြန်ကောင်းသွားကြကြောင်း ယခု ရပ်လျှင် ယခုပင် သေမည်ဖြစ်ကြောင်း၊ အနာမရှိ သံမဆူးဘူးပင်ငြား မကြာမီရက်က နားဖောက်ရာမှ မေးခိုင်ပိုး၀င်သွားသည် ဖြစ်နိုင်ကြောင်း ရှင်းပြပြီး မနည်းဆွဲထားခဲ့ရသူလေး။ ယခုတော့ သက်သာသည်ဟု ကြားရတော့ ၀မ်းသာသွားရသည်။

“ဒီနေ့ Case ကရော”
“ဟုတ်တယ် ဆရာ၊ ပြောမလို့ပဲ ကလေးက (၉)နှစ်ကလေး ထန်းပင်ကုန်းဘက်က လာတာ သံဆူးတာ (၄)ရက်ရှိပြီး ညကမှ Muscle Spasm တွေရ Trismusတွေ Locked Jawတွေ ရလာတာတဲ့

“အခုရော”
“အခုတော့ DZ Infusion 100ug/kg/hr နဲ့ Spasm Controll ed ရနေတယ်။ ATT နဲ့ Immunoglobulin လဲထိုးပေးပြီး”
ကြည့်လိုက်တော့ ကလေးက မလှုပ်မယှက်၊ ကောင်းကောင်းအိပ်နေသည်။ အသက်ရှုပုံနှင့် အင်အားသည်ကား ကောင်းသေးသည်။ တိတ်ဆိတ်ငြိမ်သက်သော အမှောင်ခန်းအတွင်း Stimulus နည်းနိုင်သမျှ နည်းအောင်ထားထားနိုင်သည်။ စာရေးသူတို့ ငယ်စဉ်ဘ၀မှစ၍ ကြက်ညှာဆုံဆို့ မေးခိုင်ကာကွယ်ဆေး DPTနှင့် ATTဟုခေါ်သော မေးခိုင်ရောဂါ ကာကွယ်ဆေးကို တွင်တွင်ကျယ်ကျယ် ထိုးပေးနိုင်၍ မေးခိုင်ရောဂါဟူသည် အတော်အတန် ရှားသွားခဲ့သည်။ ယခု ခံစားနေရသော ကလေးများသည်ကား DPTလည်း မထိုးခဲ့ရ၊ ATTလည်း ထပ်မလိုက်ခဲ့ရသူများတည်း။ မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် အရွယ်ရောက်ပြီးသော မိန်းကလေးတိုင်း ATT ထိုးပေးခဲ့ခြင်းကြောင့်လည်းကောင်း သန့်ရှင်းစနစ်ကျသော မွေးဖွားနှုန်း မြင့်တက်လာခြင်းကြောင့် လည်းကောင်း Neonatal Tetanus မွေးကင်းစအရွယ်၌ ဖြစ်သော မေးခိုင်ခြင်းကား လျော့နည်းလာပါသည်။

Tetanus ရောဂါသည် Clostridium Tetani ခေါ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရသည်။ ဘက်တီးရီးယားပိုးများတွင် လေကြိုက်သော ပိုးနှင့် လေးမကြိုက်သောပိုး၊ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်နိုင်ရန် လိုအပ်သော ဆေးထိုးသောအခါ Gram Stain အရောင်ဟပ်သောပိုးနှင့် အရောင်မဟတ်သောပိုးဟူ၍ ခွဲခြားနိုင်ရာ ယခု Clastridium Tetaniသည် Gram Positive Anacerobe ဖြစ်သည်။ ၄င်းပိုး၏ ထူးခြားချက်မှာ သာမန်အပူပေး၍ ပိုးသတ်ဆေး၊ အရက်ပျံဖြန်းရုံဖြင့် မသေ။ Spore Baring ဟူသည့် သူ၏ ထူးခြားသော ၀ိသေသသည်လည်း စွတ်စိုသော ပုပ်ပွညစ်ပေသော နေရာဒေသနှင့် လူ၏ကိုယ်အတွင်းကျကျနှင့် အနာဆိုးများတွင် ပေါက်ဖွားရှင်သန်ခြင်းကို အားပေးသည်။ ထို့ကြောင့် အ၀ပိတ်နေသောအနာများ၊ အညစ်အကြေးနှင့် ဆက်နွယ်နေသော နေရာများမှအနာများ၌ ပိုမို၍ ဖြစ်ပွားတတ်ကြသည်။

ထိုသို့ပေါက်ဖွားပြီးနောက် လူကိုဒုက္ခပေးမည့် Atentanolysinနှင့် Tetanospasmin ဟူသော ဓာတ်နှစ်ခုကို လူ့ခန္ဓာကိုယ်ထဲ ထုတ်လွှတ်၀င်ရာမှ “မေးခိုင်ခြင်း”ဟူသော လက္ခဏာများ ပေါ်လာခြင်း ဖြစ်ပါသည်။ မေးခိုင်သည်ဆိုသော လူသိများသော လက္ခဏာထက် ခန္ဓာကိုယ် အခြားနေရာများရှိ ကြွက်သားများ ကြွက်တက်ခြင်းက ဤရောဂါ၏ အဓိကပြဿနာ ဖြစ်သည်။ လူတစ်ဦး အသက်ရှုရန် လိုအပ်သော ရင်၀မ်ခြားကြွက်သား၊ ရင်းညွန့်ကြား၊ နံရိုးကြား ကြွက်သားများပါ ကြွက်တက်ပြီး ခိုင်လာသောအခါ အသက်မရှုနိုင်တော့ဘဲ အသက်ဆုံးရှုံးကြရသည်။

ကလေးတစ်ဦးနှင့်တစ်ဦး ရောဂါပြင်းထန်မှုကား မတူညီကြ။ ပိုး၀င်ပြီး လက္ခဏာ စောစောပေါ်လျှင် ပိုပြင်းထန်သည်။ ရက်တိုတိုတွင်း တစ်ကိုယ်လုံး ကြွက်တက်လျှင် ပိုပြင်းထန်ပြီး သတိမကောင်းသူများ၊ အဖျား 104F ထက်ပြင်းသူများ၌ ရောဂါပိုမို ပြင်းထန်ကြောင်း တွေ့ရပါသည်။ မေးခိုင်ရောဂါ ဟုတ်၊ မဟုတ်ကိုကား သွေးဖောက်စစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းအစရှိသည့် မည်သို့သော စမ်းသပ်၍မရ။ စစ်ဆေးခြင်းမျိုးဖြင့်မျှ ရှာဖွေ၍ မရ။ ရောဂါရာဇ၀င် Proper History Takingနှင့် Clinical Examination တို့ဖြင့်သာ သိနိုင်ပေသည်။ ထိုနေရာ၌ ရောဂါနုသော Mild Case များကို သတိမမူမိကြဘဲ ရုတ်တရက် ဖောက်ပြန်လာသည့်အခါမှ ဆေးရုံပြေးလာကြသည့်အတွက် မမီလိုက်ကြသည်များ ရှိပါသည်။ အသက်မရှုနိုင်တော့သည့် မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးရသည် မဟုတ်ပါလော။ ထို့အပြင် မေးခိုင်ရောဂါ၏ ထူးခြားချက်မှာ Stimulus Sensitive လှုံဆော်မှုနှင့်အတူ ကြွက်တက်ခြင်းပင် ဖြစ်သည်။ အာရုံငါးပါး၏ လှုံဆော်မှုရှိတိုင်း ဆိုးရွားသော ကြွက်တက်ခြင်းများ ဖြစ်ပေါ်သဖြင့် ဆေးရုံများတွင် “အမှောင်ခန်း”၌ ၄င်းတို့ကဲ့သို့ လူနာများထားသည်ကို မြင်ဖူးကြပါလိမ့်မည်။

“သားလေးရေ သတိထား သားလေး၊ အမေဘေးမှာ ရှိတယ်လေ”ဟူ၍ လူနာအား ထိတွေ့ ကိုင်တွယ်ပြောဆိုသမျှ “ချစ်ရာမရောက်ပဲ နှစ်ရာရောက်ကြောင်း” သိစေချင်ပါသည်။ ရောဂါ၏ အဓိက ကုထုံးသည်ကား အသက်အန္တရာယ် ပေးနိုင်သော ကြွက်တက်ခြင်းကို ဖြေလျော့သော ဆေးများပေးခြင်း၊ လိုအပ်လျှင် အိပ်ဆေး၊ မေ့ဆေးအထိ ထိုးခြင်း အသက်ရှုစက် Ventilatorဖြင့် ကူညီရှုပေးခြင်း၊ ပင်မဒဏ်ရာကို သန့်စင်ကုသခြင်း၊ ရှိနှင့်ပြီးသား ပိုးအတွက် ပိုးသတ်ဆေး Antibiotics ထိုးခြင်း၊ ရောဂါဆိုးစေသော ဓာတ်ဖြေဆေး Tetanus Immunoglobulin ပေးခြင်း၊ လိုအပ်သော အာဟာရကို ဖြည့်စွမ်းပေးခြင်းတို့သာ ဖြစ်ပါသည်။ ရောဂါကို ကြည့်ရှု စောင့်ရှောက်နေရချိန်သည်ကား (၂)လမှ (၄)လအထိ ကြာနိုင်ပါသည်။ အရေးကြီးသည့် အချက်မှာ ကြွက်တက်ခြင်း ပြေလျော့ပြီး နလန်ထစကာလ၌ အစာ (သို့) အရည်ကျေွးချိန်၌ လမ်းကြောင်းမှား၍ အသက်ရှုလမ်းကြောင်း လေပြွန်ပိတ်ခြင်း၊ အစာသီးသွား၍ အဆုတ်အတွင်း ပိုး၀င်သွားခြင်း Sspiration Pneumoniaတို့ ဖြစ်ပါသည်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” Prevention is better than cure ဆိုသည့်အတိုင်း မေးခိုင်ရောဂါကြောင့် အသက်မဆုံးရှုံးရအောင် ကာကွယ်ဆေးများ ထိုးရမည်။ ကလေးဘ၀ကတည်းက သတ်မှတ်ထားသော ငါးမျိုးစပ် ကာကွယ်ဆေး လူကြီးဖြစ်လာလျှင် ထပ်ဆင့်ကာကွယ်ဆေး၊ ဒဏ်ရာတစ်ခုခုရလျှင်Secondary vaccination လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူကြပြီး မေးခိုင်ရောဂါ၏ ဆိုးရွာသော ေ၀ဒနာများကို ရှောင်ရှားနိုင်ကြပါစေဟု တိုက်တွန်းရေးသားလိုက်ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *