Health, Opinion

နောက်ဆုံးရှိုက်ချက်

ကောင်းကင်သည်ကားမှောင်အတိ။
မည်းမှောင်နေသောတိမ်တိုက်များကြားမှမိုးသည်းသည်းသည် အငြိုးကြီးစွာရွာသွန်းနေသည်။ ထိုမည်းမည်းမှောင်မှောင်များကြားမှ လျှပ်ပန်းလျှပ်နွယ်များကလည်းဝင်းကနဲလင်းကနဲ၊ ဝုန်းကနဲဒိုင်းကနဲ မိုးကြိုးများကလည်းကြားရသူ၏ နလုံးဆိုင်ကိုခိုက်ခိုက်တုန်စေသည်။

‘ဆရာ Bradycardia တော့စလာနေပြီ’ Senior Consultant Drမေသူက First Assistant Dr.သီဟအားလှမ်းပြောသည်။
‘အစ်မက သူ့ကိုအေးအေးဆေးဆေးပေးသွားချင်ပြီ။ သူနာကျင်မယ့် management တွေဘာမှဆက်မလုပ်ပါတော့နဲ့’
ဆရာဝန်လေးငါးဦးသူနာပြုဆရာမသုံးလေးဦးတို့၏မျက်စိအောက်၌ကလေးတစ်ယောက်သည်ကား နောက်ဆုံးထွက်သက်အတွက် စောင့်စားနေရသည်။ ထိုအချိန်က Dr.နေမျိုးသည်ကားသာမန်လက်ထောက်ဆရာ၀န်တစ်ဦး၊

‘အမလေး သားလေးရယ်သားလေး’
ပူလောင်စွာငိုးကြွေးသင့်သည်မှာအမှန်ပင်။ ကိုးလလွယ် ဆယ်လဖွားခဲ့ရသည်ဤရင်မှဖြစ်သောသားကို ခြောက်နှစ် တိုင်တိုင်အရိပ်တကြည့်ကြည့်နှင့်ကျွေးမွေပြုစုလာပြီးမှ မိမိရင်မှ သေမင်း ဆွဲထုတ်ယူသွားမည့် အဖြစ်ကိုမည်သူရင်ဆိုင်ရဲမည်နည်း။ ကံဆိုးသည့်သား၊ ငယ်ငယ်ရွယ်ရွယ်နှင့် ကင်ဆာမှဖြစ်ရသည်။

´ဒီ Case က DNR နော်ဆရာ´` ဟုတ်ကဲ့ မမ´
`Gasping ´
`ကဲကဲ canular ပြုတ်မှာစိုးလို့သိုင်းထားတဲ့ ကြိုးတွေပါဖြုတ်လိုက်ပါတော့`
`ရပ်သွားပါပြီမမ´

`ဖေကြီးရေ ခင်တို့ကိုဘာမှစိတ်မပူပါနဲ့ သောကကင်းကင်းသာသွားပါလေ`
`သက်ထားခင် ` ဘေးမှဦးလေးကိုဘသန်းကဆက်မပြောတော့ရန်တားသည်။ ဒေါ်လေးစိုးကုတင်ခြေရင်းဘက်မှုခြင်ထောင်ကြိုးကိုဖြုတ်ချလိုက်သည်။ `ကိုထွန်း ဆုံးပြီ`
သေမျိုးဖြစ်သောလူ့ဘ၀သည်ကားခွဲခွာရမည်သိလျက်နှင့်ပင်လျှင် ကြေကွဲကြရသည်မဟုတ်လော။ ဦးစွာပြန်ခိုင်ပြီးနောက်မှ သံသရာ၌ပြန်တွေ့ရ ဦးမည်။

´ဆရာ Bed 3 က Brain Death ရ နေပြီ။ အခု Round ပြီးရင် Ventilator ဖြုတ်ဖို့ ကျွန်တော်တို့ Counselling လုပ်ရတော့မယ်။´
လူတစ်ဦးအသက်ရှင်နေစဉ် ပူးပေါင်းချိတ်ဆက်လုပ်ကိုင်နေသော အင်္ဂါများသည်ကားသေဆုံးခါနီး၌ သူတလူငါတမင်းအလား ၊
အသက်ရှူနေသရွေ့ နှလုံးခုန်နေသရွေ့ အသက်ရှိသည်ဟု လူအတော်များများလက်ခံထားကြသည်။ သို့သော် Intensive Care Unit ရှိလူနာတစ်ဦးအဖို့ကား ထိုသို့မဟုတ်။
`ဆရာ ကလေးကခုထိအသက်ရှူမှမရပ်သေးတာ စောင့်ပေးပါဦးဆရာရယ်`
`ခုချိန်အထိသူနလုံးခုန်နေတာ ECG လှိုင်းတွေတွေ့နေရသေးတာပဲ´
`ဆရာပြောတော့တာ ဒါတွေက စက်ကြောင့်ပေါ်နေတယ်ဆိုတာ ကျွန်မတော့လက်မခံနိုင်ဘူး`
Patient’s Monitor မှ အသံများဆက်တိုက်ထွက်လာပြီ။

´ တီ တီ တီ တီ တီ တီ,,,,,,,,,,,,,,`

´ တီ တီ တီ တီ တီ တီ,,,,,,,,,,,,,,`
စားပွဲပေါ်ရှိ hand phone မှ alarm မည်မှ Dr နေမျိုးတစ်ယောက် ပစ္စ္စုပန်လောကထဲပြန်ရောက်လာပြီး အိပ်ရာထက် ၌လူးလိမ့်နေမိသည်။
` ဒီအိပ်မက်မက်ပြန်ပြီလား ငါတော့ Psychiatrics နဲ့ပါပြရတော့မယ်ထင်တယ်`
ကလေးအထူးကြပ်မတ်ဆောင်မှတာ၀န်ခံဆရာ၀န်ကြီး Dr နေမျိုး ၊ ယခုတော့ကိုယ်တိုင် နှလုံးရောဂါရနေ၍ လူနာတစ်ပိုင်းဆရာ၀န်တစ်ပိုင်းဖြစ်နေသူ၊ Stress လျှော့ရမည်ဟု မိမိ၏ Physician ကဆိုသော်ငြား ICU အလုပ်သည်ကား stress နှင့်မကင်း၊ ရက်ရှည်ခွင့်ယူပါ ဟု ဝိုင်း၀န်းတိုက်တွန်းကြသော်လည်း မိမိသွားလျှင် မိမိနေရာ၌ အစား၀င်၍တာ၀န်ယူကြီးကြပ်ပေးမည့်သူမရှိ၊

ကလေးအထူးကြပ်မတ်ဆောင် ဟူသည်ကား သေမင်းခံတွင်း၀မှကလေးငယ်များကိုအပြိုင်လုထုတ်ရသောနေရာ တည်း။ နောက်ကျလျှင် သို့မဟုတ် တစုံတရာလွဲချော်လျှင်ရှုံးမည်၊ ပင်စင်ယူသွားပြီဖြစ်သော Professor Drမေသူ နှင့် Senior Consultant Dr.သီဟ တို့ထံမှအနီးကပ် လက်တွဲသင်ကြားမှုများကိုရရှိထားသူမှာလည်း မိမိဖြစ်နေသည်ကလည်းပါသည် ပြောရမည်။ First Assistant ဘ၀ Junior Consultant ဘ၀များမှရခဲ့သော experiences များကလည်းမနည်း။ ထို့ကြောင့်အုပ်ချုပ်သူလူကြီးများက JC ဘ၀၌ ပင် ICU Ward တစ်ခုလုံးကို Independently manage လုပ်ခွင့်ပေးခဲ့ကြသည်မဟုတ်လော။ ယခုတော့ SCS ရာထူးနှင့် ဇရာ၏သားကောင် တစ်ဦးပင် ဖြစ်နေပေပြီ။

`လူတစ်ယောက်ရဲ့ဘ၀မှာ မိခင်၀မ်းကကျွတ်ကျွတ်ချင်းစရှူတဲ့ First Breath ကအရေးကြီးသလို နောက်ဆုံး အသက်ထွက်ခါနီးနောက်ဆုံးရှိုက်ချက် Last Breath သည်လည်းအရေးကြီးလှတယ်ကွဲ့`
သွားလေသူကျေးဇူးရှင် Professor ကြီး Dr.ခင်ခင်ထား၏သင်ကြားပို့ချမှုတစ်ခု၊ Dr နေမျိုးအဖို့တော့ First Breath ပေါင်းများစွာကို အောင်မြင်စွာကူညီမွေးထုတ်ပေးခဲ့ဘူးသလို Last Breath တွေ့ကြုံရပေါင်းလည်း မနည်းတော့။
ယခုတော့ မိမိတို့လိုစေတနာ ါသနာ အနစ်နာခံတတ်မည့်သူ၊ တစ်ချိန်ချိန်တွင်မိမိတို့နေရာ၌ အစားထိုးနိုင်မည့်သူတစ်ဦးတော့ ပေါ်ထွက်လာဦးမည်။
ယခုမိမိ၏ FA တာ၀န်ထမ်းဆောင်နေသူ Dr.မိုးရေစင်၊
`ဆရာ သတိထားမိလား Nearly expire cases တွေမှာ သက်တောင့်သက်သာဖြစ်စေဖို့ Patient ကိုယ်ပေါ်ကကြိုးတွေ ဆရာ ဖြုတ်ပေးလိုက်တာနဲ့တပြိုင်နက် Totally arrest and Expired ဖြစ်တော့{ဆုံးတော့}တာပဲလေ´
`သမီးတွေ့ဘူးတာက ဆုံးခါနီးလူနာ အိမ်မှာဆို ခြင်ထောင်ကြိုးတွေ အ၀တ်ကြိုးတွေဖြုတ်လိုက်တာနဲ့ ဆုံးတော့တာပဲ အဲဒါ Medical science အရဆိုရင် ဘယ် လိုရှင်းမလဲ`

ပြာလဲ့နေသောကောင်းကင်သည်ကား ရုတ်ချည်းပြောင်းလဲသွား ပြီ မှောင်အတိသို့။ တဖောက်ဖောက်ကြားနေရသော ခေါင်မိုးပေါ် မိုးကျသံသည်တဖြည်းဖြည်းကျယ်လာပြီး အငြိုးကြီးစွာဖြင့် မိုးသည်းသည် မည်းမှောင်နေသောတိမ်ဆိုင်များကြား မှရွာသွန်းနေသည်။
ထိုမည်းမည်းမှောင်မှောင်များကြားမှ လျှပ်ပန်းလျှပ်နွယ်များကလည်းဝင်းကနဲလင်းကနဲ၊ ဝုန်းကနဲဒိုင်းကနဲမိုးကြိုးများကလည်း ကြားရသူ၏နလုံးဆိုင်ကိုခိုက်ခိုက်တုန်စေသည်။
`သြော်ငါဆိုတဲ့ ခန္ဓာ ရဲ့ Last Breath ကိုဘယ်သူတာ၀န်ယူ ကြည့်ပေးမှာလဲ`
နောက်ဆုံးရှိုက်ချက် နဲ့ ကြိုးတွေဖြုတ်တာနဲ့ရောတကယ်ပတ်သက်ရဲ့လား …………
သေချာတာကတော့ `ငါ`ဆိုတာပြတ်ဖို့နဲ့ သံယောဇဉ်တွေ ပြတ်ဖို့ပဲမဟုတ်လား…..

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *