How-to

Hackerတွေ သုံးတဲ့ OS (သို့မဟုတ်) Kali Linux

ယနေ့ IT ကမ္ဘာမှာ Operating Systemပေါင်းများစွာ ရှိကြပါတယ်။ အဲဒီ အများကြီးထဲကမှ Microsoft ကုမ္ပဏီက ထုတ်တဲ့ Windows Series OSတွေဖြစ်တဲ့ Windows XP, Vista, 7, 8စတဲ့ OSတွေဟာ ကမ္ဘာမှာ နာမည်အကြီးဆုံးနဲ့ လူသုံးများဆုံး OSတွေ အဖြစ် ရပ်တည်နေကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင်လည်း Microsoftရဲ့ Windows OSတွေကိုဘဲ အဓိကထား အသုံးပြုကြပါတယ်။ ဒါပေမယ့် တခြား OSတွေလည်း အမြောက်အမြား ရှိပါသေးတယ်။ Linux OSတွေ၊ Unixတွေ၊ Apple ကုမ္ပဏီက ထုတ်တဲ့ Mac OSX Seriesတွေ၊ Oracleကထုတ်တဲ့ Solaris OSတွေ စသဖြင့် စသဖြင့် အများအပြား ရှိ နေပါသေးတယ်။

OSတွေကို အခြေခံအားဖြင့် Desktop Operating System (DOS)နဲ့ Network Operating System (NOS)ဆိုပြီး နှစ်ပိုင်း ခွဲနိုင်ပါတယ်။ DOSတွေကို အဓိကအားဖြင့် ရုံးပိုင်းဆိုင်ရာတွေ၊ ကိုယ်ရေးကိုယ်တာ အသုံးပြုတာတွေ (ဥပမာ စာစီစာရိုက်၊ game ကစားတာ၊ Internect )တွေမှာ အဓိက အသုံးပြုကြပါတယ်။ DOSတွေထဲမှာ ပါတဲ့နာမည်ကြီး OSတွေကတော့ MS Windows XP, Vista, 7, 8 Ubuntu, Mac OSX Mountain Lionတို့ ဖြစ်ကြပါတယ်။ NOSတွေကိုတော့ Network  ချိတ်ဆက်တဲ့နေရာ မှာ computerတွေကို ထိန်းချုပ်တဲ့ Sever Computer အမျိုးအစားတွေမှာဘဲ အဓိက အသုံးပြုကြပါတယ်။ ဥပမာအားဖြင့် Windows Sever 2003, 2008, 2012, Red Hat, Fedora, Suse Enterpriseတို့ ဖြစ်ကြပါတယ်။ ဒီဆောင်းပါးမှာ စာရေးသူ အဓိကပြောချင်တဲ့ OSဖြစ်တဲ့  Kali Linuxဆိုတာကတော့ DOSလည်းမဟုတ်၊ NOS အမျိုးအစား တွေထဲမှာလည်း မပါတဲ့ ထူးခြားသော OSတစ်ခု ဖြစ်ပါတယ်။ ဒီ Kali Linuxဟာ ရုံးသုံး စာစီစာရိုက် လုပ်ဖို့အတွက် မဟုတ်၊  Networkမှာ Sever ထောင်တဲ့အခါ သုံးမဲ့ OSလည်းမဟုတ်၊ Penetration Testing (သို့) Hackingလုပ်ဖို့အတွက် ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် Kaliဟာ စာစီ စာရိုက်သမားတွေ၊ Computer Technicianတွေ၊ Network Engineerတွေ မဟုတ်ဘဲ၊ Hackerတွေ၊ Penetration Testerတွေ၊ Security သမားတွေအတွက် ထုတ်ထားတာ ဖြစ်ပါတယ်။

Kali Linuxဟာ Linux Kernelကို အခြေခံပြီး ထုတ်ထားတဲ့ Linux distroတစ်ခုဖြစ်တဲ့ Debian OS ပေါ်မှာ အခြေခံပြီး တည်ဆောက် ထားပါတယ်။ Kaliမှာ OS တင်ပြီးတည်းက Hacking Toolsတွေဟာ Pre-Installedအဖြစ် ပါ၀င်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Kali Linux အကြောင်းကို မပြောခင် အရင် သူ့အရင်က ထွက်ခဲ့တဲ့ နာမည်ကြီး Hacking OS တစ်ခုဖြစ်တဲ့ Backtrack OSကို အရင် ပြောရပါလိမ့်မယ်။ Backtrack OSဟာ ယနေ့တိုင် Hackerတွေ၊ Pen Testerတွေ အသုံးပြု သဘောကျ နှစ်ခြိုက်နေကြ တုန်းပါဘဲ၊ Kali ထွက်လာတာတောင် Kaliကို မသုံးဘဲ Backtrackကိုဘဲ စွဲမြဲစွာ အသုံးပြုနေကြတဲ့ လူတွေ အများကြီး ရှိသေးပါတယ်။ ဒီ Backtrackဆိုတဲ့ OSကို အရမ်းတော်တဲ့ Elite Hackerနှစ်ဦးဖြစ်တဲ့ Mati Aharoniနဲ့ Devon Kearnsတို့က Ubuntu Linuxပေါ်မှာ အခြေခံပြီး တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Mati Aharoniနဲ့ Devon Kearnsတို့က ဒီ Backtrack OS projectကို လုပ်ဖို့ Backtrack Dev Team ကို ထူထောင်ခ့ဲကြပါတယ်။ ဒီလိုနဲ့ Backtrack Dev Teamရဲ့ ပွဲဦးထွက် လက်ရာဖြစ်တဲ့ Backtrack v 1.0 Betaကို 2006ခုနှစ်၊ Feb 5မှာ releaseလုပ်နိုင်ခဲ့ပါတယ်။ ဒီ Backtrack v 1.0ဟာ အတော်အသင့် အောင်မြင်မှု ရရှိခဲ့လို့ hacker communityတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ Backtrack Dev Teamကို Offensive Securityက sponsor ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ Backtrack OS versionတွေ မြောက်မြားစွာ ထွက်ပေါ်ခဲ့ကာ နောက်ဆုံး versionဖြစ်တ့ဲ Backtrack 5 R3အထိ ရောက်ခဲ့ပါ တယ်။ Backtrack 5 R3ဟာ ထွက်ပေါ်ခဲ့ဖူးသမျှ Backtrack OSတွေထဲမှာ အတည်ငြိမ်ဆုံး၊ လူကြိုက် အများဆုံး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Backtrack OSကို Wi-fi password  ဖောက်လို့ရတယ်ဆိုပြီး နာမည်ကြီးပါတယ်။ Backtrack 5 R3 ထွက်ပြီးတဲ့ နောက်မှာတော့ Offensive Securityက Revolutionတစ်ခုလုပ်ဖို့ စဉ်းစားလာပါတယ်။ Backtrack 6 ထွက်မယ်လို့ ထင်ခဲ့ပေမဲ့ Offensive Security Teamက Kali Linuxကို အစားထိုး ချပြခဲ့ပါတယ်။ ဒီလိုနဲ့ Kali OSဟာ မွေးဖွားလာခဲ့ ပါတယ်။ Kaliဟာ Linux OSတစ်ခုဖြစ်တဲ့ Debianပေါ်မှာ အခြေခံပါတယ်။ ပြီးတော့ User Interface ကိုလည်း ပိုမို နှစ်လိုဖွယ်ရှိအောင် ပြောင်းလဲခဲ့ပါတယ်။ Hacking Toolsတွေကလည်း ပိုမို ပါ၀င်လာခဲ့ပါ တယ်။ ဒီ Kali v1.0 OSကို Offensive Securityက 2013 March လ 13ရက်နေ့မှာ မိတ်ဆက် ပေးခဲ့ပါတယ်။

စာဖတ်သူ မိတ်ဆွေတို့ကော Kali Linuxကို သုံးချင်နေပြီလား၊ Kali Linuxကို အသုံးပြုချင်တယ် ဆိုရင်တော့ စာဖတ်သူ မိတ်ဆွေအနေနဲ့ Linux OS အခြေခံ ရှိရပါလိမ့်မယ်။ Linux commandတွေကို နားလည် ရပါလိမ့်မယ်။ ပြီးတော့ network knowledgeတွေ၊ Security knowledgeတွေ ရှိရပါလိမ့်မယ်။ စာဖတ်သူ မိတ်ဆွေအနေနဲ့ Kali Linuxကို စမ်းသပ် အသုံးပြုချင်တယ် ဆိုရင်တော့www.kali.org/downloadမှာ free download ယူနိုင်ပါတယ်။ Kali Linuxဟာ တခြား Linux Distroတွေလို Open Source OS တစ်ခုဖြစ်လို့ လုံး၀ freeပါ။ Kaliမှာပါတဲ့ Hacking Toolsတွေဟာလည်း Open Source License အောက်မှာဘဲရှိလို့ အားလုံးဟာ freeတွေပါဘဲ။ Kali မှာ License အရှုပ်အရှင်းရှိတဲ့ Hacking Toolsတွေ လုံး၀ မပါ၀င်ပါဘူး။ ဒါကြောင့် Kali OS ဟာ 100% free of charge ပါ။ Windows Osတွေလို License တွေအတွက် ပိုက်ဆံ ပေးစရာ မလိုပါဘူး။ License versionတွေ၊ Pirate versionတွေဆိုပြီး အရှုပ်အရှင်းတွေမရှိလို့ လွတ်လွတ်လပ်လပ် စိတ်ချမ်းသာစွာနဲ့ Kaliကို သုံးကာ Hackerကြီးတွေ ဘ၀ကို အရောက်လှမ်းလို့ ရနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *