အီတလီနိုင်ငံ၏ ပထမဦးဆုံး လူမည်းဝန်ကြီး မိန့်ခွန်းပြောကြားနေစဉ် ငှက်ပျောသီးဖြင့် ပစ်ပေါက်ခံခဲ့ရ၍ အီတလီနိုင်ငံရေး ခေါင်းဆောင်များ စိတ်ဆိုးဒေါသထွက်လျက် ရှိကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ အီတလီနိုင်ငံ၏ ပြန်လည်ပေါင်းစည်း ညီညွတ်ရေး ဝန်ကြီးဌာန ဝန်ကြီးမစ္စကင်ချီသည် ပြီးခဲ့သော သောကြောနေ့က အီတလီ ဒီမိုကရက်တစ်ပါတီ (PCD)အား ဆာဗီးယားမြို့အတွင်း မိန့်ခွန်းပြောကြားနေစဉ် စင်မြင့်ပေါ်သို့ ငှက်ပျောသီးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်အတွက် အီတလီနိုင်ငံရေး ခေါင်းဆောင်များသည် မစ္စကင်ချီအတွက် အလွန်စိတ်မကောင်း ဒေါသဖြစ်နေကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးအော်လန်ဒိုကလည်း မစ္စကင်ချီကို အားပေးနှစ်သိမ့်မှု ပြုခဲ့သည်ဟု သိရသည်။ ထို့အပြင် ပညာရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် အီတလီနိုင်ငံရေး ခေါင်းဆောင်များသည် မစ္စကင်ချီကို အားပေးနှစ်သိမ့်သည့် အီးမေးလ်များလည်း ပေးပို့ခဲ့ကြသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အချို့က အီတလီနိုင်ငံ၏ လူမျိုးခွဲခြားရေး ပြဿနာ အတိမ်အနက်ကို ပြသနေသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ထင်မြင်ချက် ပေးခဲ့ကြသည်။ ဝန်ကြီးမစ္စကင်ချီသည် လွန်ခဲ့သော လကလည်း လွှတ်တော်ဒုဥက္ကဋ္ဌ၏ အိုရန်ဂူတန် မျောက်ဝံဖြင့် ခိုင်းနှိုင်းပြောဆိုခြင်းကို ခံခဲ့ရပြီး ယင်းလွှတ်တော်ဥက္ကဋ္ဌမှ နောက်ပိုင်းတွင် ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခြင်း ခံခဲ့သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် အသားအရောင် ခွဲခြားမှု မရှိတော့ဟု ဘယ်လိုပင် ပြောဆိုနေကြသည့်တိုင် အထက်ပါ ဖြစ်ရပ်သည် ဥရောပနိုင်ငံများ၊ အနောက်နိုင်ငံများတွင် လူမျိုးရေး ခွဲခြားမှုများ၊ အသားရောင် ခွဲခြားမှုများက ရှိနေဆဲပင် ဖြစ်ကြောင်း၊ ၎င်းအယူအဆများကို မပယ်ဖျောက်နိုင်သေးသည့် လူများလည်း ရှိနေဆဲပင် ဖြစ်ကြောင်း ထင်ရှားနေပေသည်။
Ref: AFP