News

ရန်ကုန်တိုင်း မ.ထ.သ ပြန်လည်ဖွဲ့စည်းရန် တောင်းဆို

mahtatha

လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး မ.ထ.သ ကော်မတီအား ဖျက်သိမ်း၍ အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သည့် ယာဉ်ပိုင်ရှင်များဖြင့် အသစ်ပြန်လည်ဖွဲ့စည်းရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုကို တော်ဝင်နှင်းဆီခန်းမတွင် ယာဉ်ပိုင်ရှင်များမှ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယခင် တပ်မတော် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် မ.ထ.သ ကော်မတီတွင် လက်ရှိ အုပ်ချုပ်နေသူများ အနေဖြင့် လုပ်ငန်း ကျွမ်းကျင်မှု မရှိခြင်း၊ အရင်းအနှီးများ မပါဝင်ခြင်း၊ ယာဉ်ပိုင်ရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်း ဆောင်ရွက်ပေးရန် အတွေ့အကြုံ မရှိခြင်းများကြောင့် စီးပွားရေး ဆုံးရှုံးမှုများ ကြုံတွေ့ရသဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိသည့် ယာဉ်ပိုင်ရှင်များဖြင့်သာ ပြောင်းလဲဖွဲ့စည်းရန် တောင်းဆိုကြခြင်း ဖြစ်သည်။

ရန်ကုန် မ.ထ.သ ကော်မတီကို အစိုးရမှ ခန့်အပ်ထားသူ လေးဦးနှင့် ပိုင်၊ မောင်း၊ ရောင်းဘက်မှ လေးဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ဥပဒေတစ်ရပ် မရှိဘဲ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကော်မတီတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ၍ ယာဉ်ပိုင်ရှင်များသည် အဖွဲ့ဝင်အဖြစ်သာ ပါဝင်ခွင့် ရရှိခဲ့ပြီး မူဝါဒရေးရာများ၊ ငွေကြေးစီမံမှုများ ဆုံးဖြတ်ချက်ချရာတွင် အဖွဲ့ဝင်များမှ ဆုံးဖြတ်နိုင်မှု မရှိခဲ့ခြင်းများ ရှိခဲ့ကြောင်း၊ အမှတ် ၄၃အထူးယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်ဦးမင်းဇော်က ပြောသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တော်လှန်ကောင်စီ တက်ပြီး ၆လမပြည့်မီ ၁၉၆၂ခုနှစ်၊ သြဂုတ်လ ၂၀ရက်နေ့တွင် ဗဟိုချုပ်ကိုင်သည့် စနစ်အရ ပုဂ္ဂလိက ယာဉ်လိုင်းများဖြစ်သည့် ပြည်သူ့ခေတ်၊ ကြည့်မြင်တိုင် – ပုဇွန်တောင်၊ ကြည့်မြင်တိုင် – တာမွေ၊ ဒေါ့ဂျစ် စသည့် ယာဉ်လိုင်း ၁၅လိုင်းပေါင်း၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်သည့် ရန်ကုန်ခရိုင် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်အုပ်ချုပ်မှု ကော်မတီကို စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် မ.ထ.သ ကော်မတီ ဖွဲ့စည်းပုံများ ပြောင်းလဲရေးကို ဌာနခွဲ အသီးသီးမှ ယာဉ်ပိုင်ရှင်များ လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း ယနေ့ထက်တိုင် ထူးခြားပြောင်းလဲလာမှု မရှိသည့်အပြင် အခက်အခဲများကိုလည်း ဖြေရှင်းဆွေးနွေးမှုများ မရှိပဲ တစ်မိန့် တစ်အာဏာအတိုင်းသာ လုပ်ဆောင်ခဲ့ကြကြောင်း၊ ၃၁ယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင် ဦးမျိုးဝင်းက ပြောသည်ဟု ဆိုသည်။

မ.ထ.သ ကော်မတီအား ယာဉ်ပိုင်ရှင်များဖြင့် ပြောင်းလဲ ဖွဲ့စည်းပေးခြင်းကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့မှ ဖွဲ့စည်းပေးခဲ့ပြီဖြစ်၍ ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းနိုင်ရေးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်း မ.ထ.သ ကော်မတီ၏ စီမံမှုအောက်တွင် ယာဉ်လိုင်းပေါင်း ၁၂၀ကျော်မှ ယာဉ်စီးရေ ၂၀၀၀ကျော်ဖြင့် ကျပ်ငွေ ၃၀ဘီလျံခန့် ရင်းနှီးမြှုပ်နှံ ပြေးဆွဲလျက်ရှိပြီး မ.ထ.သ ဝန်ထမ်းတစ်ထောင်ကျော်နှင့် ယာဉ်လုပ်သား ခုနှစ်ထောင်ကျော်တို့က လုပ်ကိုင်လျက် ရှိကြောင်း သိရပါသည်။

Ref: Empire Daily

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *