News

အင်တာနက်အနမ်းပုံကြောင့် မော်ရိုကိုနိုင်ငံမွတ်ဆလင်အဖွဲ့အစည်း တုန်လှုပ်

နာမည်ကျော် ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်သည့် Facebookပေါ်သို့ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ နမ်းနေသည့်ပုံကို တင်လိုက်သူများအား ဖမ်းဆီးလိုက်မှုကြောင့် မော်ရိုကိုတွင် အွန်လိုင်းကန့်ကွက်မှုများ ညံလာသကဲ့သို့ ရှေးရိုးစွဲ မွတ်ဆလင်များကို အင်တာနက် အွန်လိုင်းယဉ်ကျေးမှုက စိန်ခေါ်လာပြီ ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖေါ်ပြထားသည်။

အသက် ၁၅နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် ၁၄နှစ်အရွယ် မိန်းကလေးတို့သည် နာဒါမြို့မြောက်ပိုင်းရှိ သူတို့ ကျောင်းပြင်ပတွင် နမ်းနေသည့် ပုံကို သူငယ်ချင်း ယောက်ျားလေးအဖေါ်ဖြစ်သူက ဓါတ်ပုံရိုက်ပြီး Facebookပေါ်တွင် တင်လိုက်သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်က သူတို့ သုံးဦးစလုံးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ထိုနမ်းနေသည့်ပုံ အွန်လိုင်းပေါ်သို့ တက်သွားပြီးနောက် အာဏာပိုင်များက တုံ့ပြန်သည့် အနေဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုဖမ်းဆီးမှု အပေါ် ကန့်ကွက် ဆန္ဒပြသည့် အနေနှင့် အွန်လိုင်းပေါ်တွင် လှုပ်ရှားကြရာ ဖမ်းဆီးထားသူ သုံးဦးကို သုံးရက်အကြာတွင် တရားသူကြီးက ပြန်လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။

“ဆိုရှယ်မီဒီယာကို အာဏာပိုင်တွေကရော၊ မော်ရိုကို လူ့အဖွဲ့အစည်းကပါ စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပြီ။ ဒါက ရှေးရိုးဆန်တဲ့ လူ့ဘောင် အဖွဲ့အစည်းတွေ အတွက်လည်း အလေးအနက် စဉ်းစားလာသင့်တဲ့ ပြဿနာ ဖြစ်လာပြီ”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ မိုဟာမက်မာဒါနီက ပြောကြားသည်။

နိုင်ငံရေး လှုပ်ရှားသူများသည် Facebookကတစ်ဆင့် တောင်းဆိုမှုများ ပြုလုပ်လာကြကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် မီဒီယာ၏ အာရုံစိုက်မှုကိုလည်း ကောင်းစွာ ရရှိနိုင်ကြောင်း။ တစ်ခါတရံ နိုင်ငံတကာ အလေးထားမှုများကိုပင် ရရှိနိုင်သောကြောင့် နိုင်ငံအတွက်သာမက ရှေးရိုးစွဲဝါဒီများအတွက်ပါ အခက်တွေ့စေနိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းလူငယ်များသည် ပတ်ဝန်းကျင် အမြင်မတော်စေရန် လုပ်ဆောင်မှုကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၃နှင့် ၄၈၄တို့ဖြင့် အရေးယူခြင်း ခံရပါက ထောင်ဒဏ် ၅နှစ်အထိ ကျခံရဖွယ်ရှိသည်ဟု အဆိုပါ သတင်းက ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *