ဆေးပညာ၏ ဆန်းသစ်မှုမျိုးနှင့် တိုးတက်မှုကား အံ့သြစရာ ကောင်းလှသည်။ ကု၍ မရ ဟူသော ရောဂါမျိုးပင် မရှိရလေအောင် ဘက်စုံ ဒေါင့်စုံ (ထောင့်စုံ)မှ ကြိုးစား ရှာဖွေနေကြသည်။ နောင်တစ်ချိန်တွင် “မသေဆေး” ဟူသော ဆေးမျိုးကိုလည်းကောင်း ပျက်ဆီးယိုယွင်းလာသော ကိုယ်ခန္ဓာ အတွင်းကလီစာများ ယုတ်စွအဆုံး ခန္ဓာကိုယ် တစ်ခုလုံးကိုပင် အစားထိုး ကုသနိုင်အောင် ရည်မှန်းထားကြပုံပေါ်သည်။ ပုံတူကိုယ်ပွားဟူ၍လည်း ဖန်တီး၍ပင် ရနေပြီဟု ကြားသိရပါသည်။ သို့သော် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော “ဘ၀”၏ ရှောင်လွဲ မရသော အကြောင်းတရားများကိုကား အံတု၍ ရနိုင်မည်လော။
ရောဂါဖြင့် မသေလျှင် မနာလျှင် အခြားအကြောင်းအရင်း တစ်ခုက ဒုက္ခပေးဦးမည်သာ ဖြစ်ကြောင်းကိုလည်း ဆန်းသစ် ရှာဖွေသူများက လက်ခံသိရှိပြီး ဖြစ်သည်။ ထို့ကြောင့်လည်း တီထွင်မှု သက်သက်သာ ခွင့်ပြုပြီး လက်တွေ့ အသုံးချခွင့် သင့်/မသင့်ကို “Ethical Board”ဟူသော ထိပ်တန်း အကြီးအကဲများ ပါ၀င်သော အဖွဲ့ကို တင်ပြ တောင်းခံကြရသည်။ သို့မှသာ “ဒီမိုကရေစီ”ကျသော လူ့အဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။ သို့မဟုတ်လျှင် အာဏာရှင်များ၊ ဥစ္စာဓနရှင် “ဘူဇွာ” များသည်သာလျှင် “မသေဆေး”(သို့) အစားထိုး လဲလှယ်ခွင့်ကို လက်ဝါးကြီးအုပ်၍ ကြိုးကိုင်ထိန်းချူပ် ခံစားနေနိုင်သလို အောက်ခြေ လူတန်းစားမှာလည်း တူညီအခွင့် မရရှိကြ၍ စောစီးစွာ သေကြေဖျက်ဆီးခြင်း (သို့) “တရုတ်သိုင်းကားများထဲကလို” မသေဆေးအတွက် ရှာဖွေ လုယက် တိုက်ခိုက်ခြင်းများ
ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်ပင်တည်း။
သို့သော် သဘာ၀နှင့် မဆန့်ကျင်သော (တနည်း) လူသား အားလုံးကို ညီတူညီမျှ အကျိုးပြုနိုင်သော ရောဂါ ရှာဖွေစမ်းသပ်ခြင်း၊ ကုထုံးသစ် ရှာဖွေခြင်းတို့ကိုကား ခွင့်ပြုထားသည်။ ကမ္ဘာတစ်၀ှမ်းကို ခြိမ်းခြောက်နေသော “နယူးကလီးယား” NUCLEARဆိုသော ဓာတုပစ္စည်းကိုပင်လျှင် ဆေးပညာတွင် အသုံးပြုခွင့် ပေးထားသည်။ လူကို သေစေသော လက်နက်အဖြစ် မသမာသူများကို အသုံးချရန် တစ်ဖက်တွင် ကြိုးစားနေသကဲ့သို့ လူများ၏ အသက်ကို ကယ်တင်မည့် အရေးကြီးသော ရောဂါရှာဖွေရေး ကိရိယာအဖြစ် ဆေးပညာရှင်များက အသုံးပြုနေပြီ ဖြစ်သည်။
“Biological Weapon”ဟု ခေါ်သော “ဇီ၀လက်နက်”ဆိုသည့် ကူးစက် ပျံ့ပွားနိုင်သော ရောဂါပိုးမွှားများကို ရုပ်၀တ္ထုပစ္စည်းများနှင့် ယှဉ်တွဲ၍ “သေစေလိုသူ လူတန်းစား”အတွင်းသို့ ပေးပို့ တိုက်ခိုက်စေခြင်း မျိုးများသည်လည်း ဆေးပညာ ရှာဖွေ တွေ့ရှိမှု၏ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဟု ဆိုနိုင်သည်။ ဤအခြေခံသဘော သဘာ၀ကိုပင် အကြောင်းပြု၍ သေစေနိုင်သော မျိုးရိုးဗီဇကို ဖယ်ရှားပြီး လူသားများအား ထိတွေ့စေခြင်းဖြင့် ပင်ကိုယ် ခုခံအားများ ပေါ်စေနိုင်သော
Immunization (ကာကွယ် ဆေးထိုးခြင်း) Desensitization (ဓာတ် မတည့်မှု ဖယ်ရှားခြင်း)များသည်ကား လူသားတို့ကို အကျိုးပြုစေနိုင်သည်။ ထို့ကြောင့်လည်း “အကောင်းနှင့်အဆိုး”သည် ဒွန်တွဲနေသည်ဟု ဆိုကြခြင်း ဖြစ်ပါသည်။
ယခုလည်း တိုင်းပြည်အများစု၏ လူသားများကို ဒုက္ခပေးတတ်သည့် (တနည်း) လူမျိုးမရွေး ဘာသာမရွေး ဒုက္ခပေးနိုင်သည့် “ဆီးချို” ရောဂါအတွက် နည်းလမ်းများကို ရှာဖွေနေကြဆဲဖြစ်သည်။ အမေရိကန်ဌာနချူပ်ဗဟိုမှ “ဆီးချိုရောဂါ” ရှာဖွေမှုအတွက် ဒေါ်လာ ၁.၅ ဘီလီယံခန့် သုံးစွဲခွင့် ပြုပြီးလည်း ဖြစ်သည်။ ဆီးချိုရောဂါကို အကြမ်းဖျင်း ရှင်းပြရလျှင် အချိုဓာတ်ကို စားသုံးပြီးပါက မုန့်ကျိုအိတ် (Pancreas)မှ Insulin အင်ဆူလင်ဟု ခေါ်သော ဟော်မုန်းတစ်မျိုးကို ထုတ်ပေးသည်။ ၄င်းကို သွေးသားထဲ ရောက်ရှိလာသော အချိုဓာတ်ကို လိုအပ်သော နေရာသို့ လိုအပ်သလို ရောက်ရှိ အသုံးပြုအောင် စီမံပေးသည်။
ဤနေရာ၌ ထို Insulin ဓာတ် ချို့ယွင်းလျှင် (သို့) မရှိလျှင် စောစီးစွာပင် ဆီးချိုရောဂါကို ခံစားကြရသည်။ ကလေးဘ၀ကပင် ဖြစ်နိုင်သော ထိုရောဂါကို Type I Diabetes (သို့) Insulin Dependent Diabetes Mellitus (DDM)ဟု ခေါ်ကြသည်။ နောက်တစ်မျိုးသည်ကား Insulinဓာတ် ပြည့်မီအောင် အစောပိုင်းတွင် ထုတ်နိုင်သော်လည်း အသက်ကြီးမှ လျော့နည်းလာခြင်း၊ ထိုသို့ မဟုတ်လျှင်လည်း Insulin ရှိလျက်နှင့်ပင် အာနိသင် ထိရောက်မှု မရှိခြင်း (Insulin Resistent) စသည့် ပြဿနာများနှင့် ပြည့်နှက်နေသည့် Type II DM (သို့) Non-Insulin Dependent DM (NIDDM)ဟူ၍ ဖြစ်ပါသည်။ ထိုနှစ်မျိုးစလုံးတွင် ရလဒ်အဖြစ် အချိုဓာတ် လွန်ကဲခြင်း (Hyperglycemia) ဖြစ်တတ်ပြီး လိုအပ်သောနေရာတွင် လိုအပ်သလောက် မရရှိဘဲ နောက်ဆက်တွဲ ပြဿနာများ ပေါ်လာခြင်းပင် ဖြစ်သည်။
ခန္ဓာကိုယ်ဆဲလ်များ၏ ပင်မလောင်စာအဖြစ် လိုအပ်သော အချိုဓာတ်ကို ရှိလျက်နှင့် အကျိုးရှိစွာ အသုံးမချနိုင်သဖြင့် “စားတိုင်း စားတိုင်း” စုပုံ ပိုလျှံနေသော ထိုအချိုဓာတ်သည် မလိုအပ်သော နေရာ(သို့) ဥပါဒ်ဖြစ်စေသော ဆိုးကျိုးများ ပေါ်လာတော့သည်။ တစ်ဖက်တွင်လည်း လိုအပ်သော ပဏာမ လောင်စာ မရရှိ အသုံးမချနိုင်သဖြင့် ခန္ဓာကိုယ်ယန္တရား ဆက်လက် လည်ပတ်ရန် ရသမျှသော အစားထိုး လောင်စာများကို အသုံးပြုရတော့သည်။ ၄င်းတို့မှာကား ခန္ဓာကိုယ်၏ အသားဓာတ်နှင့် အဆီဓာတ်များပင် ဖြစ်သည်။
ထို့ကြောင့် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှု အင်အားများ ဖြစ်သည့် ထိုအသားဓာတ်နှင့် အဆီဓာတ်များကို ပဏာမ မူလတာ၀န်အပြင် အပိုအဖြစ် လောင်စာအတွက်
ဖြည့်ဆည်းပေးရသောအခါ မလောက်ငှမှု ပြဿနာများ၊ အရည်အသွေး မပြည့်၀သော ရလဒ်များ ပေါ်လာတော့သည်။ ခန္ဓာကိုယ်လည်း ပိန်သေးလာကာ ခုခံအားများ ကျဆင်းလာတတ်ပြီး နောက်ဆက်တွဲ ရောဂါဆိုးများ ၀င်လာတော့သည်။ ယခင်က စားသောက်၍ ပိုလျှံသော ထိုအချိုဓာတ်၊ အသားဓာတ်များကို ခန္ဓာကိုယ်အတွင်း သိမ်းသည်တန်သိမ်း၊ စွန့်သည်တန်စွန့်၊ ဖွံ့ဖြိုးမှုအတွက် သုံးသည်တန် အသုံးပြုနိုင်အောင် စီမံ ခန့်ခွဲပေးသော ဆရာကြီးမှာလည်း ထို Insulinပင် ဖြစ်၍ ဆီးချို ရောဂါသည်များတွင်ကား ထိုကဲ့သို့ အလုပ် မလုပ်သော (သို့) လုံလောက်သော ပမာဏ မရှိသော Insulinကြောင့် အမြတ် မပြောနှင့် အရင်းပင် မရဘဲ ရှုံးကြရသည်ချည်းသာ ဖြစ်သည်။ Positive Balanceမှ Negative Balance ရကြရသည်။
ထို့ကြောင့် “အလိုအပို” ပြဿနာ ပေးတတ်သော ထိုရောဂါသည်များသည် “အချိုဓာတ်”ကို ထိန်းကြရသည်။ ရောဂါနုလျှင် (တနည်း) Insulinအလုပ် လုပ်နိုင်သေးလျှင် လုပ်နိုင်သော ပမာဏထက်များသော ၀န် မပိအောင် လိုအပ်သည့် ပမာဏသာ စားကြရသည်။ ရောဂါရင့်လျှင် (တနည်း) အင်ဆူလင် လုံး၀ မရှိ /လုံး၀ အလုပ် မလုပ်လျှင် ဆေးပါ ကူကြရတော့သည်။ ဆေးဆို၌ကား Insulin လုံး၀ မရှိ/ နည်းသူများ အထူးသဖြင့် Type I သမားများကို Insulin ထိုးဆေး ရှိသော်လည်း အလုပ် မလုပ်သူများအတွက် သောက်ဆေး (OHA- Oral Hypoglycemic Agents) ဥပမာ – Metformin ကဲ့သို့ ဆေးများကို ပေးရသည်။
ဤနေရာတွင် ပြဿနာက စတော့သည်။ ဆေးသောက်လျှင် ကောင်းမည်ဟူသော အသိဖြင့် ဆေးမျိုးစုံ (ဗမာဆေး၊ အင်္ဂလိပ်ဆေး၊ တရုတ်ဆေး) အစုံ သောက်တော့သည်။ ဆေးစုံမှ အစွမ်းစုံ ပြတော့သည်။ ထိုအခါ “ပို” နေရာမှ “လို” လာတော့သည်။ ရုတ်တရက် အချိုဓာတ် လျော့သွားသဖြင့် မူးလဲကြပြီး သတိလစ်သွားသည်။ ကံဆိုးလျှင် အသက်ပါ ပျောက်သွားမည်။ ထို့ကြောင့်လည်း “တန်ဆေး လွန်ဘေး”ဟု ဆိုကြသည် မဟုတ်လော။ မဇ္ဈိမပဋိပဒါ ကျအောင် ကျင့်ကြံရမည်ဟု ဗုဒ္ဓရှင်တော်မြတ် ဟောကြားထားသည့်အတိုင်း “ရှိသင့် ရှိထိုက်သည့် အလယ်အလတ် ပမာဏကိုသာ ရအောင် ထိန်းကြရမည် ဖြစ်သည်။
ဤနေရာ၌ ကျန်းမာရေး ဗဟုသုတနှင့် ပညာပေး လုပ်ငန်းသည် အရေးပါလှသည်။
“ဒီဆေး ဒီဆေးသောက် မကောင်းရင် ပြန်လာပြ”ဟုသာ အလွယ် ညွှန်ကြားလိုက်လျှင် လည်းကောင်း၊ “ခင်ဗျား ဆရာ၀န်လား ကျွန်တော် ဆရာ၀န်လား”ဟု လူနာ ပြောလိုသော အပြောနှင့် သဘောထားကို လက်မခံဘဲ ငြင်းလိုက်လျှင် လည်းကောင်း၊ “ဘာမှ မပြောနဲ့ ဆရာ အကုန်သိတယ်”ဟူ၍ လူနာ၏ လက်တွေ့ ပြဿနာကို မသိလျှင် လည်းကောင်း ဆရာ၀န်ကောင်း တစ်ယောက်ဟု ဆိုနိုင်မည် မဟုတ်။ လူနာများစွာကို အချိန်မီကြည့်မှ အလုပ်ပြီးသော စားရေးသူတို့ တိုင်းပြည်အနေအထားနှင့် ဆိုလျှင်လည်း ထိုကဲ့သို့ “အမြန်” ပြဿနာများ ရှိနေဦးမည်သာ ဖြစ်သည်။
Doctors Patients Ratio နည်းသော (တနည်း) တစ်နေ့လျှင် သတ်မှတ် အချိန်အတွင်း လူနာ အနည်းငယ်သာ ကြည့်ရသော နိုင်ငံများတွင်တော့ ထိုပြဿနာမျိုး မရှိ။ လူနာ သိလိုသမျှ (တနည်း) နားလည် လာနိုင်သည်အထိ ရှင်းပြနေလျှင်လည်း စာရေးသူတို့ အလုပ်ပြီးမည် မဟုတ်။ နောက်တွင် လူနာများ ပုံလာတော့မည်။ စာရေးသူတို့ ဆေးရုံပြင်ပ လူနာဌာနတွင် တစ်နေ့လျှင် လူနာ နှစ်ရာခန့် ကြည့်ကြ ရသည်။ ထို့ကြောင့် သဘောပေါက်ရုံသာ ရှင်းပြနိုင်ပြီး အရေးကြီးသော အန္တရာယ် လက္ခဏာများ၊ ဆေး၏ ဆိုးကျိုးများကိုသာ အမြန် အကျဉ်း ရှင်းပြနိုင်သည်။ ထို့ကြောင့် ဆရာ၀န်ကောင်း တစ်ယောက်အဖြစ် လူနာများ၏ အသိပညာ ကြွယ်၀ပြီး မှန်ကန်သော နေထိုင် စားသောက်မှုကို ရရှိစေရန် “ပါးစပ်”မှ ပြောခွင့် မရသည်ကို “လက်နှင့်” ချရေးရခြင်း ဖြစ်သည်။ ထိုသို့ ရေးနို်င်ရန် အခွင့်အရေးပေးသော ထုတ်ေ၀သူနှင့် ၀န်ထမ်းများ အပါအ၀င် ဂျာနယ်တိုက်များကိုလည်း ကျေးဇူးတင်ရပါသည်။
“သမုဒ္ဒရာ ပင်လယ်ပြင်ကြီးထဲ ဆားတစ်ဇွန်း ခပ်တာ မထူးပါဘူး”ဟူသော စကားသည်ကား ဆီးချိုရောဂါသည်များအတွက် အသုံး၀င်လှသည်။ ဆီးချိုသည် တစ်ဦးမူးလျှင် ဖြစ်နိုင်စရာအကြောင်း နှစ်ခု ရှိသည်။ အချိုဓာတ် လွန်ကဲ၍လော။ အချိုဓာတ် လျော့နည်း၍လော။ သိလိုလျှင် Glucometer (အချိုဓာတ်တိုင်း ကိရယာ) ဖြင့် လက်ထိပ် ဖောက်စစ်လျှင် အဖြေပေါ်ပါမည်။ သို့သော် စက်မရှိလျှင် မည်သို့ ပြုမည်နည်း။ ကြွယ်၀ ချမ်းသာမှုအား လျော့နည်းသော စာရေးသူတို့ တိုင်းပြည်မှ ဆရာ၀န်များသည် အနောက်တိုင်း နိုင်ငံများမှ ဆရာ၀န်များထက် ပို၍ တော်သည် (မရှိတာကို ရအောင် ကုတတ်သည့်နေရာ၌) ဟု ဆိုရမည်။ ဉာဏ်ကို တစ်လွှာချင်း အသုံးပြု၍ လူနာ၏ လက္ခဏာနှင့် ဖြစ်စဉ်များကို စဉ်းစားပြီး မည်သည့် ဓာတ်ခွဲစမ်းသပ်ခြင်းမျိုးမျှ မလုပ်ဘဲ ကုနေရသည်က များသောကြောင့်တည်း။
ထို့ကြောင့် ဆက်ရလျှင် ထိုမူးေ၀နေသော ဆီးချိုရောဂါသည်ကို အချိုခဲ တစ်ခဲ ကျေွးကြည့်ပါ။ ချေွးစေးများ ထွက်လာပြီး မူးမော်နေသော အခြေအနေမှ ရုတ်ချည်း သိသိသာသာ သက်သာလာပါက “အချိုဓာတ်လျော့” နေခြင်း Hypoglyccmia ဖြစ်လိမ့်မည်။ မထူးပါက လွန်ကဲခြင်း ဖြစ်လိမ့်မည်။ သို့ဆိုလျှင် ဆီးချို တက်နေသောသူကို အချိုကျေွးလျှင် ပို ဆိုးမသွားဘူးလားဟု မေးစရာ ရှိပါသည်။ ကနဦးမှာ တင်ပြထားသကဲ့သို့ပင် သမုဒ္ဒရာထဲသို့ ဆားတစ်ဇွန်းမျှ ခပ်ရုံနှင့် ဘာမှ ထူးမည် မဟုတ်။ ဤနည်းက ဆေးရုံ၊ ဆေးခန်း မရောက်နိုင်မီ အချိန်အတွင်း အသက်ပေါင်းများစွာကို ကယ်နိုင်သည်။
သို့သော် သဘောပေါက် လွဲသွားမည်လည်း စိုးရိမ်ရသည်။ “ငါစားတာလေးက သမုဒ္ဒရာထဲ ဆားခပ် သလောက်ပါကွာ”ဟု ခံယူပြီး မဆင်မခြင် စားကြမည်ကိုပင်။ အချို့လည်း ရှိသည်။ “ကျွန်မက ကြိုက်သမျှ တစ်၀ကြီး စားပစ်တာပဲ၊ ပြီးရင် ဆေး အဆင်သင့် ဆောင်ထားတယ်လေ။ သောက်လိုက်မှာပေါ့”ဟူ၍၊ ထို့ကြောင့်လည်း “အသက်ကို ဉာဏ်စောင့်သည်”ဟူ၍ ပြောကြခြင်း ဖြစ်သည်။ဆေးတစ်ခု၏ အာနိသင် မရခင်အချိန် တစ်စက္ကန့် တစ်မိနစ်အတွင်း အသက်ပျောက်သွားနိုင်သည်ကို မမေ့သင့်ပါတကား။ ဆီးချိုသည် တစ်ဦးအတွက် သွေးချို တိုင်းရန် ဘယ်နှစ်ခါ လိုသလဲဟု မေးလျှင် အတိအကျ မပြောနိုင်။
“လိုရင် လိုသလို စစ်ရမှာပေါ့”ဟု ဖြေလျှင် အကောင်းဆုံး၊ သို့ဆိုလျှင် အခက်တွေ့ချေပြီ။ သွေး ခဏ ခဏ ဖောက်ရမည်။ မည်သည့်အချိန် လိုမည်ကို သိရှိရန် ဆရာ၀န် အနားတွင် နေရမည်။ ထိုအခက်အခဲများအတွက် အမျိုးသား ကျန်းမာရေး ဗဟိုတက္ကသိုလ်ကြီးမှ သိပ္ပံပညာနှင့် ဆေးပညာရှင်များက စဉ်းစားရှာဖွေ တီထွင်ခဲ့ပြီ။
(၂၄) နာရီပတ်လုံး ဆီးချို (တနည်း) အချိုဓာတ် အတက်အကျကို စောင့်ကြည့်ပေးနေပြီး အလို/အပိုကို သတိပေးနေသော စက်ကို တီထွင်နိုင်ခဲ့ပြီ။ ဆရာ၀န် မလိုဘဲ မိမိကိုယ်တိုင် ထိုးနိုင်မည့် Insulin Pen Drive (ဘောပင် တစ်ချောင်းနှင့် လက်မောင်း/ပေါင် ကို ခလုပ် နှိပ်ရုံသာ)ကိုလည်း ကနဦးကပင် လူနာများ
လက်၀ယ်သို့ ပို့ပြီးဖြစ်သည်။ ထို့ကြောင့် လိုလျှင် ဖြည့်မည်၊ ပိုလျှင် ပယ်မည်။ ပညာရှင်များ၏ တီထွင်မှုကား တန်ဖိုးရှိလှပါတကား။
အချူပ်အားဖြင့် ဆိုရလျှင် လူအများစုသည် အချို ကြိုက်ကြသည်။ အချို မကြိုက်သောသူများ စားသော အစာတွင်လည်း အချို ပါပြီးဖြစ်သည်။ ဆီးချိုသည် လူကို ဒုက္ခပေးသည်။ အချိုကို ထိန်းနိုင်မှ ဖြစ်သည်။ Recent Advances လတ်တလော ရှာဖွေ တွေ့ရှိမှုများတွင် ဆီးချိုသည်များအတွက် အားတက်စရာများ ပါ၀င်သည်။ အခြေခံ ဗဟုသုတများကို ဖြည့်ဆည်းပေးရင်း အသစ်သစ်သော ဆေးပညာများကိုလည်း ထပ်မံ တင်ပြသွားပါဦးမည်။ ဆီးချိုနှင့် ပတ်သက်၍ လက်တွေ့ ဖြစ်လာနိုင်သော အိပ်မက်များကိုလည်း နောက်အပတ်များတွင် ဆက်လက် တင်ပြသွားပါမည်ဟု ကတိပြုရင်း နိဂုံးချူပ်လိုက်ရပါသည်။