Travel

ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း

ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကိုလိုကော ခေါင်းလောင်းကြီး ဖြစ်သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။
ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်၀င်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အပိန္နဆောက် ဟုခေါ်သည်။

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာ၀န်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဉာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်း တစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ ရှေးကျပြီးကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

Leave a Reply

Your email address will not be published. Required fields are marked *