‘‘ဆရာ ဆရာ…’’
‘‘အေး၀င်ခဲ့ကွာ’’
အခန်းတံခါးကို ဖွင့်၍ ၀င်လာသူကား ယနေ့ တာ၀န်ကျ ဆရာ၀န်ကလေး Dr. ရဲရင့် ဖြစ်သည်။
‘‘ဆရာ ဒီနေ့ ဆေးရုံတက်တဲ့ New Case ထဲက Febrile Convulsion (အဖျားကြီး၍ တက်ခြင်း) Caseလေးကို ပြချင်လို့ တစ်ချက်လောက် လိုက်ကြည့်ပေးပါ ဆရာ’’
နိုင်ငံတော်အစိုးရ၏ မွန်မြတ်သော စေတနာဖြင့် လစ်လပ်နေသော ကျန်းမာရေး စောင့်ရှောက်မှု အင်အားများကို ဖြည့်ဆည်းရန် အလို့ဌာ ဆရာ၀န်သစ်လွင်များအား လက်ထောက် ဆရာ၀န်ရာထူးဖြင့် ခန့်ထားခဲ့ပေရာ ထိုအထဲတွင် Dr. ရဲရင့် တို့ကဲ့သို့ သစ်လွင် ဆရာ၀န် (၃)ဦးမျှ ပါ၀င် အားသစ်လောင်း၍ ဆေးရုံအတွက် လွန်စွာမှ အကျိုးရှိပေသည်။ သို့သော် သမားဆို အိုမှ ဆိုသည့်အတိုင်း အတွေ့အကြုံ ဗဟုသုတ နညး်ပါးသေး၍ အချို့ အချို့သော သာမန် Caseများကိုပင် ရဲရဲ၀င့်၀င့် တစ်ဦးတည်း ဆုံးဖြတ်နိုင်စွမ်း မရှိသေးသည်မှာလည်း သဘာ၀ပင်ဖြစ်သောကြောင့် လာခေါ်လျှင် အမြဲလိုက် ကြည့်ပေးနေကြ ဖြစ်သည်။
‘‘ဆရာ၊ ကလေးရဲ့ Fever (အဖျား)က မကျသေးဘူး ဖြစ်နေတယ်၊ Fits (တက်ခြင်း)တော့ ထပ်မဖြစ်တော့ဘူး’’ကလေးကိုခေါင်းဖျားမှ ခြေဖျားထိအောင်
စမ်းသပ်ကြည့်တော့ ဆရာလေးပြောသကဲ့သို့ အဖျားကြီး၍ တက်ခြင်းနှင့်သာ ပိုပြီး အပ်ဆက်မှု ရှိသည်။ ယခင်အခါကလည်း ဖြစ်ဖူးခဲ့သော ရာဇ၀င် ကလေး၏ မိခင် ငယ်စဉ်က အလားတူ ဖြစ်ခဲ့ဖူးသော ရာဇ၀င်နှင့် အန္တရာယ်ရှိလှသော ဦးနှောက် အမြေှးပါး ရောင်ရမ်းခြင်း၊ ဦးနှောက်တွင်း ပြည်တည်နာဖြစ်ခြင်း အစရှိသည့် လက္ခဏာများနှင့်လည်း မတူညီသဖြင့် ဆက်လက် စောင့်ကြည့်ရန်သာ မှာကြားရသည်။ ‘‘အဖျားကြီး၍ တက်ခြင်း’’ဆိုသည်မှာလည်း လက္ခဏာတစ်ခုမျှသာ ဖြစ်၍ ထိုအဖျားကြီး၍ တက်ခြင်း၏ ရောဂါဇာစ်မြစ်ကို ရှာဖွေခိုင်းရသေးသည်။ နယ်မြို့ ဖြစ်၍ သာမန် ငှက်ဖျားသော်လည်းကောင်း၊ ငှက်ဖျားပိုး ဦးနှောက် ၀င်ရောက်ခြင်းသော်လည်းကောင်း ဖြစ်မည်လည်း သတိသွင်း စဉ်းစားရသေးသည်။
‘‘ဒါနဲ့ အဖျားကျ ဆေးရော တိုက်ပြီးပြီလား၊ ဘယ်အချိန်က တိုက်လဲ ဘယ်လောက် တိုက်ထားလဲ’’ဟူ၍ တာ၀န်ကျ ဆရာမလေးကို လှမ်းမေးရသည်။ ဤကလေးအတွက် အဖျားကျရန် အရေးကြီးသည်။ ဆေးတိုက်ပြီး ရေပတ် တိုက်ပြီး (၂)နာရီခန့်ကြာသည်အထိ မကျသေးလျှင် တောက်လျှောက် ရေပတ်တိုက်၊ ရေချိုးပေးရတော့မည်။ ရိုးသားပြီး ကျန်းမာရေး ဗဟုသုတ နည်းပါးသော နယ်ခံ လူထုတို့မှာ ဖျားနေလျှင် ရေချိုးရမည် ရေပတ် တိုက်ရမည်ကို အလွန်တရာ ကြောက်ကြ၍ မိမိ ကိုယ်တိုင် ညွှန်ကြားခဲ့မှသာ ရိုသေ လေးစားစိတ်ဖြင့် လိုက်နာကြသဖြင့် သူတု့ိ ရှေ့တွင် မေးလိုက်ခြင်းဖြစ်သည်။
တိုက်ထားပါတယ် ဆရာ၊ Paracetamol Syrup (အရည်)တွေ မြို့ကနေ လာလှူထားတာ တွေ့ရှိလို့ 250 mg ခုပဲ တိုက်ထားပါတယ်ဟု ဆရာမလေးက ဖြေပြီးသည့်နောက် လူနာမိသားစုထဲမှ အနည်းငယ် ၀တ်ကောင်းစားလှနှင့် အဒေါ်တော်သူဟု ထင်ရသူ တစ်ယောက်ကလည်း အားရပါးရ လု၍ ၀င်ပြောသည်။ ဟုတ်တယ် ဒေါက်တာ၊ ခုပဲ ကိုပေါ တိုက်ထားတယ်။ ဒါလည်း အဖျားက မကျဘူး ကျွန်တော်နှင့် ဆရာ၀န်လေးများ ဆရာမများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ကျွန်တော်တု့ိ ဆေးရုံတွင် သောက်ဆေး မှန်သမျှကို သူနာပြု ဆရာမများကသာ တာ၀န်ယူ၍ တိုက်ကျေွးရသည်။
ဆေး မသောက်မိဘဲ ဖြစ်မှာဆိုး၍လည်းကောင်း၊ ဆေးတစ်မျိုးတည်းကို နှစ်ခါ သောက်မိမည်ဆိုး၍လည်းကောင်း ဖြစ်သည်။ ယခုတော့ ခေါင်းစားရချေပြီ။ ဘယ်က ‘‘ကိုပေါက ဆေးလာတိုက်သလဲ’’ဟူသော အဓိပ္ပာယ်အကြည့်ဖြင့် ဆရာမအား လှည့်ကြည့်လိုက်ရာ ‘‘ကျွန်မပဲ ကိုယ်တိုင် ဆေးတိုက်ခဲ့တာ အခု အဒေါ်ကြီးတို့ထဲက ဘယ်သူက ထပ်တိုက်ပြန်တာလဲ’’ဟု ဆရာမလေးက ထိုအမျိုးသမီးကို မေးတော့သည်။ ‘‘ဘယ်သူမှ မတိုက်ပါဘူး ဆရာမပဲ တိုက်တာလေ’’ သူကလည်း သူ့ကို မေးရမလားဟု မကျေနပ်။ ဒါဆို ခုနက ကိုပေါဆိုိတာ ဘယ်သူလဲ ပြဿနာ စပေပြီ။ ‘‘အော် ဆရာမလေးက ဒါတောင် မသိဘူးလား၊ ဆရာမလေး တိုက်လိုက်တာ ဒီကိုပေါလေ’’ ဟောဗျာ သူ့ဟာ သူတော့ မှန်နေပြီ။ မှားနေသည်က ကျွန်တော်တို့လား။
တဖွဲ့လုံး ဝါးခနဲ မရယ်မိအောင် စိတ်ထိန်းရင်း ဆေးရုံ ရုံးခန်းရှိရာဘက်သို့ အပြေးလာခဲ့မိသည်။ သူညွှန်ပြခဲ့သည်၊ ဆိုလိုခဲ့သည်ကား လူနာမည် ကိုပေါမဟုတ်။ CalPol အဖျားကျဆေးပင် ဖြစ်သည်။ ဒေါသ ထွက်နေသည့် ဆရာမလေးမှာလည်း မျက်နှာ ရဲကနဲ ဖြစ်သွားရာမှ တည်ကနဲ ဖြစ်သွားပြီးနောက် မျက်ရည်များပင်လည်အောင် ထရယ်ခဲ့သည် မဟုတ်ပါလော။ ဆေးလောကသားတို့အဖို့ ပမွှား ဖြစ်သည့် အချို့ကိစ္စတို့မှာ သာမန်လူတို့အဖို့ အဆန်းတကျယ် ဖြစ်တတ်သည်ကို လက္ခံပေးရမည် မဟုတ်လော။ ‘‘ကာပေါလ် မှ ကိုပေါ’’ ဖြစ်ခဲ့ရသော ရယ်စရာ အဖြစ်အပျက်လေးမျိုးများသည်ကား အသက်နှင့် ရင်း၍ သေမင်းတမန်နှင့် လွန်ဆွဲပွဲ အခါခါ နွှဲနေရသော လူနာတို့ကို သေမင်းလက်မှ လွတ်အောင် ကယ်ထုတ်ရသည့် Stress များလှသည့် ဆရာ၀န်တို့အဖို့ ဘ၀ အမောပြေ အဖြစ်အပျက်လေးများပင် ဖြစ်သည် မဟုတ်ပါလော။
စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဆရာ နီကိုရဲ၏ ရိုက်ကွင်းပေါ်က အလွဲများ စာအုပ်သည်ကား အလွန်တရာမှ စိတ်၀င်စားဖွယ် ကောင်းသော ဟာသ ဖြစ်ရပ်များကို အခြေခံထားသကဲ့သို့ ‘‘ဆေးရုံပေါ်က အလွဲများ’’ဟု စာအုပ် တစ်အုပ်ထုတ်လျှင် ကောင်းမလားဟု စိိတ်ကူးယဉ်မိသည်။ မိမိ ဆေးကျောင်းတက်စဉ်မှ ယနေ့အထိ ကြုံတွေ့ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင် ရသ ပေါင်းစုံ ပါ၀င်နေသောကြောင့် ရေးတတ်လျှင် ရသစာပေကောင်း တစ်ပုဒ် ဖြစ်လာနိုင်ပေသည်။ သို့သော် မသိ နားမလည်၍ ပြောမှား ပြုမှား ရှိခဲ့သည်များကို လှောင်ပြောင် သရော်ခြင်းကား မသင့်တော်ပေ။
အခြားသူများ ထပ်၍ မမှားရလေအောင်သာ ပညာဗဟုသုတ ယူဖွယ်ရာဖြစ်အောင်သာ ထောက်ပြ ဖွင့်ဟ သင့်ပေသည်။ မသိ သည်ကို သိ လာအောင် ဖြစ်သည်။ မသိ ခြင်းမှာလည်း အပြစ် မရှိပေ။ သိအောင် ပြော မပြခြင်းသည်သာ အပြစ် ရှိသည်။ ယခု ဆက်လက် တင်ပြသွားမည့် အချို့အကြောင်းအရာများသည်ကား သိမယ် ထင်မိလို့ဟု မှတ်ယူခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာကြသည်ကား များသည်။ ယခုတော့လည်း ရယ်စရာ ဟာသ ဖြစ်လာတော့သည်။ အသက်အန္တရာယ် ဖြစ်သွားလျှင်ကား အားလုံး ငိုရတော့မည်။
မိိမိ ရန်ကုန်တွင် တာ၀န်ကျစဉ် 2006 ခုနှစ်ခန့်က ဖြစ်သည်။ နံနက်ပိုင်းအချိန်တွင် တာ၀န်ခံ သားဖွားမီးယပ် ဆရာ၀န်မကြီး Round လှည့်လျှင် လူနာစောင့်များ ထွက်ပေးရမြဲ ဖြစ်သည်။ သို့သော် အမျိုးသား တစ်ဦးကား သူ၏ အမျိုးသမီး အနားမှ မခွာ၊ လက်ခုပ် တစ်ဖက်ထဲတွင် တစ်စုံတစ်ရာကို ကိုင်ထားသလို တစ်ဖက်မှလည်း ရေခွက်ကို ကိုင်ထားသဖြင့် ကိုယ်တိုင် ဆေးတိုက်နေသည်ဟု ယူဆရသည်။ အမျိုးသမီး၏ မျက်နှာထားကား သနားစရာ ရှု့ံ မဲ့ နေရှာသည်။ ဆရာမကြီးက အနားသွား၍ ‘‘ဟဲ့ နင်ဘာတွေ တိုက်နေတာလဲ’’ဟု မေးရာ ‘‘မနက်က ဆရာလေး ဆေး 15 လုံး ၀ယ်တိုက်ခိုင်းတာ ခု (၄) လုံးပဲ ၀င်သေးလို့ ချော့တိုက်နေတာ’’
အားလုံး မျက်လုံးပြူးသွားသည်။
(15) လုံးတဲ့လား၊ ဘာဆေးလဲ စာရင်းစစ်လိုက်တော့ တစ်ရက်(၃) ကြိမ်၊ ငါးရက်စာ (၁၅) လုံး ၀ယ်ခိုင်းသည်ကို တစ်ခါတည်း သောက်ရန် ကြိုးစားနေသည်။ ပြောသူက အသေအချာ မရှင်းသလို၊ နာခံသူကလည်း မရှင်းလျှင် ပြန်မမေး။
ထို Ward တွင်ပင် ဖြစ်သည်။ တစ်ရက်တွင် Ward Round ရင်း အမေအို တစ်ဦးက ကုတင်ပေါ်တွင် ထိုင်ရင်း စတီးဇွန်းကို ပါးစပ်နား ကပ်လိုက်၊ ပြန်ချလိုက် အကြိမ်ကြိမ် ပြုနေသဖြင့် ဆရာမကြီးက သွားကြည့်ရာ ‘‘ဆရာမရယ် တခြား ဆေး ပြောင်းပေးပါလား ဒီ အနံ့ကြီး မခံနိုင်လို့ပါ’’ဟု တောင်းဆိုသဖြင့် ‘‘ဟယ် တို့ OG Wardက Syrup (ဆေးရည်) မပေးတတ်ပါဘူး၊ အမေ ဘာတွေ သောက်နေတာလဲ’’ဟု စစ်ဆေးကြည့်မှ Betadine ကို သောက်ရမည် အမှတ်ဖြင့် ဇွန်းဖြင့် အားရပါးရ ထည့်ကာ သောက်နေကြောင်း သိခဲ့ရသည်။ ခွဲစိတ်ခန်းမှ ထွက်ပြီး လူနာတို့၏ အနာကို ပိုး သန့်စင်ရန် Iodine အရည်ဖြင့် Dressing လုပ်ကြရသည်။
ထို့ကြောင့် ခွဲခန်း မ၀င်ခင်ကတည်းက ဆေး၀ယ်ခိုင်းလျှင် သောက်ဆေး၊ အခဲ၊ အလုံးများသာမက Betadine ကဲ့သို့ အရည်မျိုးလည်း တစ်ခါတည်း မှာလိုက်ခြင်း ဖြစ်သည်။
တစ်ခါကလည်း ဆီးချိုရောဂါသည် အမေတစ်ဦး မိန်းမ ကိုယ်မုံစွဲကပ်ရောဂါဖြစ်သဖြင့် မိန်းမကိုယ်အတွင်း သွင်းရသော ဆေးတောင့်များကို ပေးခဲ့ဖူးပါသည်။ သာမန်အားဖြင့် ထိုအရွယ်အစား တစ်လက်မခန့် ရှိသော ဂြိုလ်တုတောင့် ပုံစံ ဆေးများကို ညစဉ် ခြောက်ညတိုင်တိုင် ထည့်သွင်းပါက ရောဂါ သက်သာလေ့ရှိရာ ထို ခြောက်ရက် ပြည့်သော နေ့တွင်က ထိုအမေကြီးသည် လုံး၀င် ကုန်စင်စွာ ပျောက်ကင်းသွားကြောင်း ပြောပြသဖြင့် ၀မ်းသာခဲ့ရသည်။ သို့သော် သူပြောခဲ့သော စကားလုံးများကိုကား ယနေ့အထိ မမေ့နိုင် ‘‘ဆရာလေးရယ် ဆေးစွမ်းကတော့ တကယ် ထက်ပါတယ်။’’
‘‘ဒါပေမယ့် အမေ့မှာ ညတိုင်း ဒီဆေးကြီးကို မျိုချရတာ မလွယ်လှဘူး ရေနဲ့ မျောလည်း မရ၊ ငှက်ပျောသီး စားလဲ မရ’’
‘‘ဗျာ’’
‘‘အမေက ပါးစပ်ကနေ သောက်ခဲ့တာလား မိန်းမ ကိုယ်ထဲ မထည့်ခဲ့ဘူးလား’’
‘‘သိဘူးလေ ဆေးဆိုတာ ပါးစပ်ကပဲ သောက်ရတာ မှတ်လို့’’ဟုပင်တည်း။
တချိန်တည်းမှာပင် စာရေးသူ၏ ဖခင် ပြောပြလေ့ရှိသော အင်္ဂလိပ် ဟာသများကို သတိရမိသည်။ တစ်ခါက တောအရပ်မှာ လူနာတစ်ဦးသည် မြို့သို့ ဆေးခန်း
လာပြရာ ဆရာ၀န်က စမ်းသပ် စစ်ဆေးပြီး ဆေး ၀ယ်သောက်ရန် ဆေးစာ ရေးပေးလိုက်သည်။ မြို့တွင် ဆေးစာရေးပေးသည့် အလေ့အထမှာ လူတိုင်း သိရှိ နားလည်ပြီး ဖြစ်၍ ဆရာကလည်း ဒီဆေးသောက်ပြီး တစ်ပတ်ကြာရင် ပြန်လာပြဟုသာ မှာလိုက်သည်။
တစ်ပတ်အကြာတွင် ပြန်လာပြရာ မသက်သာသည့်အပြင် ပိုမို ဆိုးရွားလာသဖြင့် ဆရာက ‘‘ခင်များ ကျွန်တော်ပြောတဲ့ ဆေး မသောက်ဖူးလား၊ ကုန်ပြီလား၊ ဘယ်မှာလဲ၊ ပြပါဦး’’ဟု မေးရာ ‘‘ဆရာရယ်၊ ဆရာပေးတဲ့ ဆေးရွက်ကို ငါးပုံ ခွဲပြီး ရေစိမ်သောက်လဲ မပျောက်၊ မီးကင် သောက်လဲ မပျောက်၊ နောက်ဆုံး ဒီအတိုင်း မျိုချတာတောင် မထူးခြားဘူး’’ ဆေး ၀ယ်သောက်ရကောင်းမှန်း မသိဘဲ ရေးပေးလိုက်သော ဆေးစာရွက်ကို ဆေးရွက်ဟု မှတ်သူများလည်း ရှိနို်င်သည်ဟု ဆိုသည်ကို အမြဲ အမှတ်ရနေမိသည်။
တစ်ခါကလည်း ဆရာ၀န်ကြီးက ဒီလူနာကို HE (Health Education ကျန်းမာရေး ဗဟုသုတ) ပေးလိုက်ဟု ညွှန်ကြားသည်ကို သူနာပြု ဆရာမက SE (Simple Enema – ၀မ်းချူ) ပေးခိုင်းသည်ဟု ကြားမိ၍ ဆပ်ပြာပုံးနှင့် ၀မ်းချူပေးလိုက်မိကြောင်း ကြားခဲ့ရဖူးသည်။ လေးငါးရက်မှ ၀မ်းချုပ်နေခဲ့သော ထိုလူနာအဖို့ကား ၀မ်းတစ်လုံး ရှင်း၍ ရောဂါ စင်သွားပြီဟု ခံယူကာ ၀မ်းမြောက်၀မ်းသာ ဖြစ်သွားကြောင်း ဆရာကြီးအား ကျေးဇူးတင် စကားပြောမှ ရယ်မောစရာ အလွဲ တစ်ခုအနေဖြင့် သိခဲ့ရသည်။
ထို့ကြောင့်ယနေ့ခေတ် လူငယ် ဆေး လောကသားများ ဖြစ်သည့် ဆရာ၀န်ငယ်များ သူနာပြုငယ်များကို မှာကြားချင်သည်မှာ တစ်ခါတစ်ရံ ကိုယ်သိပေမယ့် သူမသိတာမျိုး၊ သိသယောင် တတ်သယောင်နဲ့ နားမလည်တာမျိုး ရှိလိမ့်မယ်။ ဒါကြောင့် ကိုယ့်တာ၀န်က ဘယ်ကိစ္စကိုမဆို လူပိန်း နားလည်အောင် သေချာ ရှင်းပြ ညွှန်ကြားပေးပါ။ ‘‘ဒါတော့ သူသိမှာပါ’’ ‘‘ဒါတောင် မသိဘူးလား၊ မသိရင် ဘာလို့ မမေးတာလဲ’’ အစရှိသဖြင့် ပေါ့ပေါ့တန်တန် သဘောမထားဘဲ မိမိ တာ၀န် မိမိ ကျေပွန်ကြပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါတော့သည်။