မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းများအား နိုင်ငံပေါင်း ၃၁ နိုင်ငံမှအော်ပရေတာ ၃၁ ဦး၏ မိုဘိုင်းကွန်ရက်များတွင် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာလိုက်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူများအနေဖြင့် အခြားနိုင်ငံများသို့ ရောက်ရှိချိန်တွင်မိမိ၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ International Outbound Roaming ဝန်ဆောင်မှုပေးရာတွင် သုံးစွဲသောနိုင်ငံ ၃၁ နိုင်ငံ အပေါ်မူတည်၍ ကောက်ခံမည်နှုန်းထားများလည်း ကွာခြားမည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် International Roaming စနစ်ကို၀န်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများအပါအ၀င်နိုင်ငံပေါင်း ၄၆ နိုင်ငံမှအော်ပရေတာ ၇၇ ဦး၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းများမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကွန်ရက်တွင် Inbound Roaming လာရောက်သုံးစွဲနေပြီဖြစ်သည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “နိုင်ငံတကာ Roaming ရတာတော့ကြိုဆိုပါတယ်၊ ကျွန်တော်တို့က CDMA 800 ငါးသိန်းတုန်းက တိုးဝှေ့၀ယ်ယူထားရတော့ အဲဒါအတွက်ကိုလည်း တစ်ခုခုစီစဉ်ပေးရင် ကောင်းမယ်လို့ထင်တယ်၊ လက်ရှိ ပြည်ပနိုင်ငံတွေမှာ သွားရောက်သုံးရင် ကောက်ခံမယ့် နှုန်းထားကတော့ သင့်တင့်တယ်လို့ဆိုချင်ပါတယ်” ဟုCDMA 800 MHZ ဖုန်းကိုင်ဆောင်သူ ကိုနေလင်းအောင်က သုံးသပ်ပြောကြားသည်။
ပြည်ပနိုင်ငံများတွင် သွားရောက်သုံးစွဲပါက ကောက်ခံမည့် နှုန်းထားမှာ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများဆိုပါက ပြည်တွင်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁,၂၀၀ ကျပ်၊ အဆိုပါနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃,၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ ဥရောပ၊ သြစတြလျ၊ အာဖရိက၊ အမေရိကနိုင်ငံများသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းများယူဆောင် အသုံးပြုမည်ဆိုပါက အဆိုပါနိုင်ငံများတွင်း ခေါ်ဆိုခ တစ်မိနစ် ၂,၀၀၀ ကျပ်၊ မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက တစ်မိနစ် ၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။