Apps

ခေတ်သစ် လုပ်ငန်းခွင်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ Google Apps

Google Apps ဆိုသည်ကတော့ ယနေ့ခေတ် လုပ်ငန်းခွင်များအတွက် မရှိမဖြစ် အရေးပါလာတဲ့ ဝန်ဆောင်မှု တစ်ရပ် ဖြစ်သလို ရုံးတွင်း file cabinet များကို အစားထိုးမည့် ခေတ်သစ်ရဲ့ stationery ဆိုလည်း မမှားလောက်ပါဘူး။ ကမ်ဘာတစ်ဝှမ်းမှ စီးပွားရေး လုပ်ငန်းပေါင်း ၅ မီလီယံ ကျော်မှ သုံးစွဲနေသည် ဆိုသည်ကလည်း ၎င်းရဲ့အရေးပါမှုကို အငြင်းပွားစရာ မလိုလောက်တော့ပါဘူး။

Google မှ အခမဲ့ ဝန်ဆောင်မှုများပေးထားတဲ့ Gmail, GTalk, Docs, Calendar, Slides နှင့်အတူ Google Sites အစရှိသည်တို့အပြင် အခြား Google ရဲ့ ဝန်ဆောင်မှုများစွာကို Google Apps အကောင့်ဖြင့် စီးပွားရေးလုပ်ငန်းများအတွက်သော်လည်းကောင်း၊ ပညာရေးကဏ္႑၊ အစိုးရဌာနများ အစရှိသည့် လုပ်ငန်းခွင် အမျိုးစုံအတွက် ရည်ရွယ်ပြီး Google Inc. မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ သာမန် Google account တွေလို [email protected] ကို ရယူစရာ မလိုတော့ပဲ ကိုယ့်စိတ်ကြိုက် web လိပ်စာ ဥပမာ – [email protected] ဖြင့် Google ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်စေရန် ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအတွက်လည်း စီးပွားရေး ဝန်ဆောင်မှုများပေးသည့်အခါ အီးမေးလ် အစရှိသည့် Google Appsမှ ဝန်ဆောင်မှုများအားလုံးကို ကိုယ်ပိုင် Letterhead သဖွယ် အင်တာနက် ကွန်ယက်ပေါ်၌ မိမိမူပိုင် web address တံဆိပ်တုံးထုကာ ရောင်းဝယ်ဖောက်ကား လုပ်နိုင်စေရန်လည်း ဖြစ်ပါတယ်။

အိုင်တီ ခေတ်ကြီး၏ တောင်းဆိုမှုအရ ကုမ္ပဏီများရဲ့ တွေ့ကြုံနေရတဲ့ နည်းပညာ နည်းလည် တတ်ကျွမ်းမှု အားနည်းချက်များနှင့်အတူ နည်းပညာဆိုင်ရာ ကုန်ကျစရိတ်ပေါင်းများစွာအတွက်လည်း Google Apps၏ စုံလင်လှသည့် အင်တာနက်ပေါ်မှ Documentation နှင့် Technical Support တို့က ရုံးတစ်ရုံး၏ အိုင်တီ Department တစ်ခုလို အသုံးချနိုင်ခြင်းလည်း ဖြစ်ပါတယ်။

Google Contacts
လယ်ဂျာစာအုပ်များနှင့်သော်လည်းကောင်း၊ Business Card ထောင်သောင်းများစွာဖြင့်သော်လည်းကောင်း မိမိ ရုံးခန်းထဲမှာ ရှုပ်ရှပ်ခက်နေစရာ မလိုတော့ပါဘူး။ Tablet တစ်လုံးဖြင့် အင်တာနက် ရှိရုံဖြင့် မိမိနှင့် ပတ်သက် ဆက်နွယ်နေသော customerများ၊ အခြား စီးပွားရေး လုပ်ငန်းများ၏ ဆက်သွယ်ရန် လိပ်စာနှင့်တကွ အခြားအချက်အလက်များကို Google Appsရဲ့ Contact Manager ထဲမှာ စုစည်းထားနိုင်ခြင်းကြောင့်ပါပဲ။ ၎င်း Contact Managerကိုလည်း အဖွဲ့အစည်းတစ်ခုမှာ အသုံးပြုမည့် ဝန်ထမ်းများကိုသာ permission ပေးပြီး သော့ခေတ်ထားနိုင်ခြင်းကလည်း နည်းပညာရဲ့ တန်ခိုးတစ်ရပ်ဆို မပိုလောက်ပါဘူး။

Calendar
Google Calendar ကတော့ နေ့စဉ် လုပ်ငန်းဆောင်တာများကို မှတ်သားထားနိုင်ခြင်း၊အင်တာနက်ပေါ်က ပြက္ခဒိန် သဖွယ် အသုံးပြုနိုင်ခြင်းတို့အပြင် မိမိ တစ်နေ့တာလုပ်ဆောင်ရန်များကို မေ့ပျောက်မသွားစေရန် နာရီ သံပတ် သဖွယ် စီမံပေးနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းများအတွက်တော့ အရေးကြီး အစည်းအဝေးများကို တက်ရောက်မည့် အထူး ပုဂ္ဂိုလ်များကို စာတစ်တန် ပေတစ်တန် အစား Calendar Sharing feature ကို အသုံးပြုကာ မိမိ ကုမ္ပဏီ၏ အင်တာနက်ပေါ်မှ မူပိုင် အမှတ်အသားဖြင့် ဖိတ်စာ တစ်ခု သဖွယ် အသုံးပြုနိုင်ခြင်းကလည်း လွန်စွာ အသုံးတည့်စေမှာ ဖြစ်ပါတယ်။

Google Docs & Slides
Microsoft Word, Power Point တို့ဖြင့် ကြီးပြင်းလာသူ အများစုအတွက်တော့ feature တွေ နည်းပါးနေပေမယ့် အဓိက featuresများဖြင့် professional documents နှင့်အတူ presentaion slides များကို ဖန်တီးနိုင်သည့်အပြင် အခြား Google ဝန်ဆောင်မှုများလိုပဲ cloud service ဖြစ်သည့်အတွက်ကြောင့် လိုသည့် အချိန် လိုသည့်နေရာမှ လိုအပ်သလို ပြင်ဆင် အသုံးပြုနိုင်ခြင်းကလည်း လွန်စွာ စွဲမက်စေမယ့် အရာတစ်ခု ဖြစ်ပါတယ်။

Google Talk
GTalk လို့ အခေါ်များကြသည့် ဒီ App လေးကတော့ မိမိစီးပွားရေး၏ မူပိုင် Chatting လိုင်းသဖွယ် ကိုယ်ပိုင် web address ဖြင့် အခြား လုပ်ငန်းများနှင့် အတူ Gmail အသုံးပြုသူအားလုံးကို အင်တာနက်ပေါ်မှာ ဆက်သွယ်နိုင်သည့် အတွက်ကြောင့်လည်း မိမိ လုပ်ငန်းခွင်ရဲ့ ပုံရိပ်ကို တမူထူးပြီး မြှင့်တင်စေပါလိမ့်မည်။

Google Sites
Pamphlet လိုမျိုး ဝက်ဆိုဒ် တစ်ခုလောက်ဖြင့် အင်တာနက်ပေါ်မှာ လုံလောက်သည် ဆိုရင်တော့ Google Sitesလို ဝန်ဆောင်မှုဟာ web programming တတ်စရာ မလိုပဲ မိမိ စီးပွားရေးကို ကမ်ဘာ့တစ်ဝှမ်းလုံးသို့ ကြေငြာ မောင်းခက်နိုင်စေမှာ ဖြစ်ပါတယ်။

Gmail
ထူးခြားမှုကတော့ သာမန် gmail.com လိပ်စာဖြင့် မဟုတ်တော့ပဲ မိမိ ကြိုက်နှစ်သက်သည့် အမည်နာမဖြင့် Gmailကို အသုံးပြုနိုင်ခြင်းပါပဲ။ ထို့အပြင် နေ့စဉ်နှင့် အမျှ တွေ့မြင်နေရသည့် Inbox အပေါ်က Gmail လိုဂိုအစား မိမိ ကုမ္ပဏီ လိုဂို ဖြစ်စေ၊ အခြား ကြိုက်နှစ်သက်သည့် ပုံရိပ်များဖြင့်လည်း ပြင်ဆင် ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။

Google Drives
နေရာတိုင်းမှာ တိမ်တွေကို မြင်ရသလို Cloud ဝန်ဆောင်မှုလို့ ခေါ်ဝေါ်ကြတဲ့ ယနေ့ခေတ် နည်းပညာ ရေစီးကြောင်းကြီးမှာ Google Drives ကလည်း မရှိမဖြစ် အရေးကြီးပါတယ်။ Google နဲ့ အသုံးပြုထားတဲ့ စာရွက်စာတမ်း၊ အချက်အလက်များအပြင် သင်ရဲ့ ဓာတ်ပုံနှင့် အခြားခြားသော စာရွက်စာတမ်းများကိုလည်း အင်တာနက်ပေါ်က တိမ်တိုက် Google Drive ပေါ်မှာ ထည့်သွင်းသိမ်းဆည်းထားနိုင်သည့်အတွက် ကြောင့် သင် ဘယ်နေရာကို ရောက်နေပါစေ သင့်ရဲ့ လုပ်ငန်းဆောင်တာများကို အင်တာနက် ရှိရုံဖြင့် ဆက်လက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဖော်ပြပါ အသုံးများသည့် Google မှ Appsတွေတင် မကပဲ Google Apps အကောင့်ဖြင့် ယနေ့ ခေတ်စားနေတဲ့ Google+ မှာ မိမိ ကိုယ်ပိုင် စီးပွားရေး Social စာမျက်နှာ တည်ဆောက်နိုင်သလို အခမဲ့ ရယူနိုင်သည့် သာမန် Google အကောင့်မှာ စီမံမှု မပြုလုပ်နိုင်သည့် အခြား ခြားသော Featuresနှင့် Functionများ ကိုလည်း ရရှိနိုင်ပါတယ်။ ထို့အပြင် ဆယ်စု နှစ်များစွာက တိုးတက်သည့် နိုင်ငံများမှာ ကော်ပရေးရှင်းများ အရိုးစွဲခဲ့သည့် Micro -soft Outlookနဲ့ Sever features များစွာကို Googleမှ ၎င်း၏ Control Panel ထဲတွင် မကြာခဏဆိုသလို ထည့်သွင်းပြီး ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေး နေသည့် အတွက်လည်း ခေတ်သစ်ရဲ့ Microsoft လို့ ပြောရင် မှားမည် မထင်ပါဘူး။

သာမန်ရိုးကျ နည်းလမ်းများကို လျော့ချ ပြီး ခေတ်သစ်ကို လှမ်းဖို့ စဉ်းစားနေသူများ အတွက်တော့ ဒီတစ်ပတ် Google Apps ကို http://www.google.com/enterprise/apps/business/၌ register လုပ်ကာ အခမဲ့ ရက် ၃၀ အထိ စမ်းသပ်ခွင့် ရှိကြောင်း တင်ပြလိုက်ရပါတယ်။ ရက် ၃၀ ပြည့်ခဲ့ပြီး မိမိလုပ်ငန်းအတွက် အဆင်ပြေမယ် ဆိုရင် တော့ Google Apps အကောင့် တစ်ခုကို USD 5ဖြင့် လစဉ်ပေးကာ ဝယ်ယူနိုင်သလို USD 50 နှစ်စဉ်ပေးပြီး အထူးဈေးနှုန်း ဖြင့်လည်း ဝယ်ယူသုံးစွဲနိုင်ပါတယ်။

လုပ်ငန်း ခွင်၏ လိုအပ်ချက်နှင့် အသုံးပြု သူ ဦးရည် ပေါ် မူတည်ပြီး Google Apps အကောင့်ကို လိုသလို ဝယ်ယူနိုင်ပါတယ်။ ပညာရေး အတွက်ကိုလည်း Googleမှ အထူးဈေးနှုန်းများ စီစဉ် ပေးထားပါသေး တယ်။ နိုင်ငံတကာ အသိအမှတ်ပြု Credit Card မရှိသေးသူများ သို့မဟုတ် နည်းပညာ ပိုင်းအရ Google Appsကို မည်သို့ မည်ပုံ ဖွ့ဲစည်းတည်ဆောက်ရမည် မသိသူများက တော့ ပြည်တွင်းရှိ ဝက်ဆို်ဒ်နှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများသို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်းလည်း သိရတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *