တစ္ဆေ၊ သရဲ ၊ ပြိတ္တာ ၊ ဝိညာဉ် စတဲ့နာမည်အမျိုးမျိုးနဲ့ သတ်မှတ်ထားတဲ့ ပရလောကသားတွေ အကြောင်း ပြောပြမယ် ဆိုရင် လူအတော်များများက စိတ်ဝင်စားကြတယ်။ ယုံတာမယုံတာက တစ်ပိုင်း၊ စိတ်ဝင်စား တာက သက်သက်မဟုတ်လား။ ကျွန်တော့်ကိုယ်တွေ့ ပရလောကသား တစ်ယောက်ရဲ့ လက်စားချေတာလေးကို ပြောပြမယ်——
( အဲ—- စိတ်ဝင်စားသွားပြီမဟုတ်လား)
ကြာတော့ ကြာခဲ့ပါပြီ။ မှတ်မှတ်ရရ ၁၉၈၆ ခုနှစ်လောက်က ဖြစ်မယ်။ ကျွန်တော်က ရန်ကုန်မှာ ပညာသင်ဖို့လာတော့ ကျွန်တော့်အဖေရဲ့အမ အိမ်မှာ နေပြီးကျောင်းတတ်ရတယ်။ အဲဒီမှာ ကျွန်တော့ အမတစ်ဝမ်းကွဲ သုံးယောက်ရှိတယ်။ ညီကတစ်ယောက်။
မိသားစုအတွင်း ဖြစ်ခဲ့တဲ့ အဖြစ်လေးမို့ဦးဆုံး မိတ်ဆက်ပေးထားရမယ်။ အကြီးဆုံးအမ ကို မမကြီး လို့ခေါ်တယ်။ အလတ်အမ ကိုတော့ မမလေး လို့ခေါ်ပြီး အငယ်အမ ကိုတော့ နာမည် မသီတာလို့ဘဲခေါ်တယ်။ မမကြီးက ဆယ်တန်းမှာ အိမ်ထောင်ကျသွားပေမယ့် မိဘတွေနဲ့ အတူတူ နေတယ်။ သူ့ယောင်္ကျားက ရေတပ်က အရာခံဗိုလ်၊ နာမည်က ကိုဦးလို့ခေါ်တယ်။ ကျွန်တော် အဲဒီအိမ်မှာ ရောက်တော့ မမလေးက တက္ကသိုလ်ကျောင်းသူ၊ အမငယ် မသီတာက ဆယ်တန်းပါ။
အဲဒီခေတ်က တက္ကသိုလ်ကျောင်းသူ ကျောင်းသားဘဝတွေ ဟာ သိပ်ပျော်ဘို့ကောင်းတယ်။ ဖရက်ရှာ ဝဲလ်ကမ်းတို့၊ အင်းယားကန်၊ ဂျက်ဆင်၊ အဓိပတိလမ်း၊ ကံ့ကော်တန်း၊ ပုဂံလမ်း၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ သစ်ပုတ်ပင်၊ ကွန်မိုဂေးရှင်း ၊ အင်းယားဆောင်၊ အာစီတူး၊ စတာတွေဟာ အဲဒီတုန်းက နာမည်ကြီး ပျော်စရာ နေရာတွေပေါ့။ သူငယ်ချင်းတွေ သူ့အုပ်စုနဲ့သူ တတွဲတွဲ သွားကြ လာကြ ပျော်ကြ နဲ့ ပညာသင်ချိန်တွေဟာ တက္ကသိုလ် မရောက်ခဲ့ရသူတွေအတွက် အားကျစရာကြည့်ပဲ။ ဝတ္ထုတွေထဲမှာလည်း တက္ကသိုလ် နောက်ခံ ဇာတ်လမ်းတွေက ဆွဲဆောင်မှု သိပ်ကြီးခဲ့တယ်။
အဲ— ဘယ်တွေရောက်ကုန်ပါလိမ့်—-။ မမလေး တက္ကသိုလ်စာမေးပွဲ ဖြေကာနီးမှာ မမလေးရဲ့ ဘယ်ဖက် မျက်လုံးဟာ သွေးခဲကြီးလို ရဲရဲတောက် နီရဲနေတယ်။ တစ်ဖက်တည်း။ မျက်စိကျိမ်းတာလည်း မဟုတ်ဘူး။ စပ်ခြင်း ၊ ကြည့်လို့မကောင်းခြင်း၊ မျက်ရည် မျက်ချေးယိုခြင်း လုံးဝမရှိဘူး။ ပကတိ အမြင်အာရုံရော ကောင်းတယ် ။ ခက်တာက မျက်စိဟာ တော်တော်ကို ရဲတောက်နေပြီး အနီတစ်လုံး အဖြူတစ်လုံး ကိုဖြစ်နေတယ်။ ဆေးခန်း ဆေးရုံ သွားပြပေမယ့် ဆရာဝန်တွေ ရွာလည်ကုန်တယ်။ ဘာဖြစ်မှန်း စမ်းလို့မရဘူး။ ဒီလိုနဲ့ ဖြစ်နေတာ တစ်လလောက်ကြာတယ်။ ကုမရတော့ဘူးထင်ပြီး မမလေးလည်း တော်တော် စိတ်ဒုက္ခရောက်လိုက်တယ်။ နေကာမျက်မှန်ကို သွားလေရာ တပ်ထားရတယ်။ ရုပ်ဆိုးသွားတာကိုး။
မမကြီးအကြောင်းပြောရဦးမယ်။ မမကြီးက အိမ်မှာ စားဖိုမှုး။ ဟင်းချက်သိပ်ကောင်းတယ်။ အစပ်အဟပ် တည့်အောင်လည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်တယ် မနက် မိုးလင်းပြီဆိုတာနဲ့ “ဒီနေ့ ဘာဟင်းနဲ့စားချင်ကြလဲ“ လို့မိသားစုကို အမြဲမေးတယ်။ တစ်ယောက်ယောက်က စားချင်တဲ့ဟင်း ကိုပြောလိုက်ရင် အဲဒီဟင်းနဲ့ အစပ်အဟပ်တည့်အောင် ဝယ်ပြီးချက်တယ်။ တစ်ယောက်ပြောပြီးရင် ကျန်တဲ့သူ တွေက ဘာမှအတွန့်မတတ်ကြဘူး။ ချစ်စရာဓလေ့လေးပါ။ အဲဒီနေ့က မမလေးဟာ ဘယ်တုန်းကမှ ဘာစားချင်တယ် ညာစားချင်တယ် မပြောဖူးဘဲ “အမဲသားဟင်း“စားချင်တယ်လို့ ပြောတယ်။ မမကြီးဟာ တစ်ခါမှ မပြောဘူးတဲ့ သူကပြောတာဆိုတော့ ဝမ်းသာစွာနဲ့ ဈေးကိုသွားတယ်။ ကျွန်တော်တို့အိမ်မှာ ပုံမှန်အားဖြင့်တော့ “အမဲသားဟင်း“ကို စားလေ့မရှိဘူး။ လုံးဝမစားတာတော့မဟုတ်ဘူး။ ဒါနဲ့ အဲဒီနေ့က အမဲသား ကို ကုလားချက် အမွှေးအကြိုင် စုံလင်စွာနဲ့ မဆလာနံ့သင်းသင်း ဆနွမ်းထိန်ထိန်နဲ့ နူးညံ့နေအောင် ချက်တယ်။ ပဲကုလားဟင်းပြစ်ပြစ်၊ အညာငရုပ်သီးထောင်း၊ ငပိရည် တို့စရာအစုံအလင်နဲ့ ထမင်းစားမြိန်ခဲ့ကြ တယ်။
မမလေးဟာ ပုံမှန်အားဖြင့် ဟင်းစားသိပ်နည်းတယ်။ အဲဒီနေ့ကတော့ ထူးထူးခြားခြားကိုပဲ အမဲသား ဟင်းကို အများကြီးစားတယ်။ ဒီအထိ ကျွန်တော်တို့ဟာ သူကြိုက်လို့ အများကြီးစားတာပဲ ထင်နေတယ်။ စားတာကိုတောင်ကြည့်ပြီး ဝမ်းသာနေကြတယ်။
ညဘက်ရောက်လာပြီ—–
အဲဒီညက မီးပျက်သွားတယ်—–
အိမ်ရှေ့က ခွေးတစ်ကောင်ဟာ အိမ်ဘက်ကိုလှည့်ပြီး စူးစူးဝါးဝါး တစ်ဟုန်ထိုး မရပ်တန်း ဟောင်နေတယ်—–
အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ် ၊ ဆောက်လက်စ၊ အပေါ်ထပ် အားလုံးမကာရသေးဘူး။ အောက်ထပ်ကတော့ ပြီးနေပြီ။ အပေါ်ထပ်က ခေါင်းရင်းပိုင်း နဲ့ ဘုရားစင်ပဲ အပြီးသတ်ထားရသေးတယ်။ သုံးဘက်ဖွင့် ပုံစံ ဖြစ်နေတယ်။ ဆောက်နေတုန်း အချိန်ပေါ့။
ကျွန်တော်တို့တအိမ်သားလုံး အောက်ထပ်မှာ ဝိုင်းဖွဲ့စကားပြောနေကြတာ။ မီးပျက်သွားတော့ မမကြီးက ဖယောင်းတိုင်ထွန်းဘို့ ဖယောင်းတိုင်နဲ့ မီးချစ်ကို သွားယူတယ်။ အပြင်မှာ လရောင်ကလေး မှုံပျပျ က အိမ်ထဲမှာ လူရိပ်သူရိပ် လောက်တော့ မြင်နေနိုင်တယ်။
မမလေးက ရုတ်တရက် မမကြီးဆီက ဖယောင်းတိုင်နဲ့ မီးချစ်ကို ဘာမပြော ညာမပြော ဆောင့်ကနဲ ယူပြီး အိမ်အပေါ်ထပ်ကို ခြေနင်းသံ “ဘုံး“ “ဘုံး“ နဲ့ ဆောင့်နင်းရင်း အိမ်အပေါ်ကို တတ်သွားတယ်။ ကျွန်တော်တို့ အံ့အားသင့်နေကြတယ်။ မမလေး ဟာ ဘယ်တော့မှ မမကြီးအပေါ် ဒီလို ဆောင့်ဆောင့်အောင့်အောင့် တစ်ခါမှ မလုပ်ဖူးဘူး။ အကြီးကို အငယ်က ရိုသေကြတဲ့ မြန်မာမိသားစုတွေပါ။ မမကြီး က နားမလည်ဟန်နဲ့ တခြားမောင်နှမတွေကို ဘာဖြစ်သွားတာလဲ ဆိုတဲ့သဘော မေးငေါ့ပြီး အသံတိတ် မေးတယ်။ ကျန်တဲ့မောင်နှမတွေလည်း မသိဘူးလို့ လက်ခါခါ ခြေခါခါ အသံတိတ်ပြောမိကြတယ်။
မမလေး အိမ်အပေါ်တတ်သွားတာ ဘုရားမီးပူဇော်ဘို့လို့ ထင်ကြတယ်။ တကယ်လဲ ဘုရားမီးပူဇော်ပါတယ်။ ခဏကြာတော့ အိမ်အပေါ်ထပ်က ———
အီးးးး ဟီးးးးးးးး ဟီးးးးးးး——
အလွန်ကြောက်စရာကောင်းတဲ့ ငိုသံကြီး ငြီးသံကြီး ကို အိမ်အပေါ်ထပ်က ကြားလာရတယ်။ အားလုံးလဲ ကျက်သေသေသွားပြီး အိမ်အပေါ်ထပ်ကို ကမန်းကတန်း တတ်သွားတော့ ဘုရားစင်ရှေ့မှာ ဆံပင်တွေ ဖားလျားချထားတဲ့ မမလေးဟာ ဘုရားကို နောက်ကျောပေးပြီး ဘိုးမင်းခေါင်ထိုင်သလို တင်ပြင်ခွေ ထိုင်နေပါတယ်။ လရောင် ဖရောင်းတိုင်ရဲ့အလင်း အောက်မှာ တစေၦတစ်ကောင် ထိုင်နေတာကို တွေ့လိုက်ရ သလို ကျက်သိမ်း ဖြန်းဖြန်း ထသွားတယ်။
ရှေ့ဆုံးက တတ်သွားတဲ့ မမကြီးက နောက်က ကပ်ပါလာတဲ့ သူ့ယောင်္ကျား ကိုဦးကို လက်နဲ့ ကုတ်ပြီး ထစ်ထစ် ငေါ့ငေါ့နဲ့—
“ကို– ကို— ကိုဦး ဘဘ ဦးဆရာကို သွားးး သွား ခေါ်ခဲ့“
မမကြီးက တုန်တုန်ချိချိ ပြောသံကို ကြားသွားတယ်ထင်တယ်။ ကြမ်းပြင်ကို “ဘုန်း“ကနဲ ရိုက်ပုတ် ပြီး “ဟေ့— ဘယ်သူ့မှ သွားမခေါ်နဲ့“
ယောင်္ကျား ကြီးတစ်ယောက်ရဲ့အသံ တကယ့် ယောင်္ကျား ရင့်မကြီး အသံနဲ့ အော်လိုက်တော့ သရဲဆိုရင် သေအောင်ကြောက်တတ်တဲ့ ရေတပ်က အရာခံဗိုလ် ကိုဦးတစ်ယောက် ကြောက်ဒူးတွေ တုန်ပြီး တုတ်တုတ်တောင် မလှုပ်ရဲဘူး။ သူတို့နောက်ဆုံးက သရဲမမြင်တဲ့ မသီတာက အခြေအနေသိပြီး ဘဘဦးဆရာအိမ်ကို တချိုးတည်း ပြေးခေါ်ပါတော့တယ်။
ဘဘဦးဆရာ၏ အိမ်သည် ကျွန်တော်တို့အိမ်မှ တစ်အိမ်ကျော်တွင် ရှိသည်။ တိုင်းရင်းဆေးကု ဆရာကြီးဖြစ်သကဲ့သို့ ပရလောကသားတို့၏ နှောင့်ယှက်ခြင်းကိုလည်း မေတ္တာဖြင့် ကုသပေးသည်။ ခဏအကြာ ဘဘဦးဆရာ အိမ်ပေါ်သို့ တတ်လာသည်။
ဘဘဦးဆရာ အိမ်ပေါ်သို့ရောက်လာသည်နှင့် ပရလောကသား ဝင်စီးထားသော မမလေးက ကြမ်းပြင်ကို လက်ဝါးခြင့် ဘုံးကနဲ ရိုက်ကာ “ ဟေ့— မင်းလည်း တရားသမား ငါလည်း တရားသမား မင်းဘာ လုပ်ချင်သလဲ–“ ဟု ဦးအောင် အော်ဟစ် ကြိမ်းမောင်းလေသည်။
ဘဘဦးဆရာသည် ဘာမှပြန်မပြောဘဲ ဦးစွာ ဘုရားကို ရှိခိုးလေသည်။ ထို့နောက် ဘုရားစင်ပေါ်မှ သောက်တော်ရေကို တရိုတသေယူလာပြီး သောက်တော်ရေမန်းကို ရှေ့တွင်ချကာ မမလေး နှင့် မျက်နှာချင်း ဆိုင်ထိုင်လိုက်သည်။
မမလေးကို ဝင်စီးထားသော ပရလောကသားသည် တရူးရူးတရှဲရှဲ ဖြင့် ဒေါသပုန်ထနေသည်။ ဘဘဦးဆရာကို လုံးဝမကြည့်ပေ။ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေသည်။ မျက်နှာရှေ့မှာလည်း ဆံပင်ရှည်များ ကဖုန်းအုပ်နေသဖြင့် ကြောက်စရာအသွင်ဆောင်နေသည်။
“ခင်ဗျား ဘယ်သူလဲ– ဘာဖြစ်လို့ ဒီကလေးမကို ဝင်နှောက်ယှက်ရတာလဲ“
ပရလောကသား ကမဖြေပေ။ အသက်ရူသံသာ တရူးရူး နှင့် ပိုပြင်းလာသည်။ ဘဘဦးဆရာက သောက်တော်ရေမန်းခွက်ကို မြှောက်ပြီး ဂါထာအချို့ရွတ်ဖတ်က လက်ကိုနှစ်ပြီး ပရလောကသား ကိုတစ်ချက် တောက်လိုက်လေသည်။ ရေမန်းထိသောအခါ တစ်ချက်တွန့်သွားပြီး အသက်ရူသံသည်လည်း ပိုပြင်းထန်လာ သည်။
ဘဘဦးဆရာက–
“ကျွန်တော်လည်း တရားသမားပါ။ ကျွန်တော် ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်ချင်ဘူး။ ဒါကြောင့် မေတ္တာရပ်ခံနေတာပါ ကျွန်တော်က ခင်ဗျားကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုတာ ခင်ဗျားသိပါတယ်– ဒါကြောင့် ကျွန်တော်မေးတာကို ကောင်းကောင်းဖြေပါ။“
“သူက ငါ့ကို ကဲ့ရဲ့တယ်—-“
“ခင်ဗျားက ဘယ်သူလဲ ၊ ခင်ဗျားကို ဘယ်လိုကဲ့ရဲ့တာလဲ—“
“ငါက ကျော်ဇောရဲ့ အဖေ—“
တစ်မိသားစုလုံး အသံမထွက်အောင် ကိုယ့်ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ ကိုကျော်ဇော အဖေဆိုပါလား။ သေတာ သိပ်မကြာသေးပါ။ မမလေးပြောသဖြင့် ကိုကျော်ဇောအဖေ အကြောင်းသိပြီး ဖြစ်သည်။
ဘဘ ဦးဆရာတော့မသိ။ သို့သော် ကြာမည်စိုး၍ —
“ကဲပါဗျာ ကြားထဲက ကျွန်တော်ကပဲ ဒီကလေးမအစား တောင်းပန်ပါတယ် ခင်ဗျားလဲ တရားသမားပါဘဲ ၊ ဒါကြောင့် ဒီလောက်ဒုက္ခပေးရရင် ကျေနပ်ပါ ၊ ဒါကြောင့် နောက်ထပ် မနှောက်ယှက် ဘို့တောင်းဆိုပါတယ်“
“ငါ့ကို နေရာတစ်ခု ပေးရမယ်—“
“မဖြစ်ပါဘူး ခင်ဗျားကိုပေးဘို့ နေရာမရှိဘူး—-“`
“ရှိတယ် ငါ မန်ကျီးပင်လေးမှာ နေမယ်“
“မန်ကျီးပင်“
တအိမ်သားလုံး ယောင်ပြီး ပြိုင်တူ အော်မိကြသည်။ ကျွန်တော်တို့အိမ်တွင် မန်ကျီးပင် လုံးဝမရှိပါ။ ခြံပတ်ပတ်လည်တွင် စည်းရိုး စိုက်ထားသော ပုဏ္ဏားရိပ်ပင်များ နှင့် အုန်းပင်နှစ်ပင် အိမ်ရှေ့တွင် ဗန္ဒာပင် တစ်ပင်သာရှိသည်။ ထို့ကြောင့် မမကြီးက “မန်ကျီးပင် မရှိပါဘူး“ ဟုဝင်ပြောလေသည်။
“ရှိတယ် ရေစက်ရဲ့ နောက်မှာ—“
“ဟိုက်—“
သရဲက အိမ်ရှင်တွေထက် ပိုသိနေပါလား။
ဘဘဦးဆရာက ကျန်သူများ ဝင်မပြောရန် လက်ကာပြသည်။
“ခွင့်မပြုနိုင်ဘူး ခင်ဗျားဘာသာ ဆိုင်ရာ နတ်မင်းတွေဆီ မှာတောင်းနေပါ။ ဒီဝင်းထဲမှာတော့ ခင်ဗျားကို မြက်တစ်ပင်မှာတောင် မှီပြီးနေခွင့်မပေးနိုင်ဘူး။“
ပရလောကသားသည် ဘာမျှပြန်မပြော သို့သော် အသက်ရူသံကတော့် ကြောက်စရာကောင်းအောင် ပြင်းထန်လာသည်။ ဘဘဦးဆရာသည် ရေမန်းကို နှစ်ချက်ဆင့်တောက်လိုက်သည်။ ပြီးမှ—
“ခင်ဗျားကို ကျွန်တော် ညှာလို့ မရတော့ဘူး ကဲ— ဆိုင်ရာ ပိုင်ရာတွေ သူ့ကို ချုပ်ထားလိုက် စမ်း—“
မမလေး၏ ကိုယ်ခန္ဓာသည် တစ်စုံတစ်ယောက်က ချုပ်ကိုင်လိုက်သကဲ့သို့ တွန့်သွားသည်။ ထို့နောက် ဘဘဦးဆရာက အမိန့်ပေးလေတော့သည်။ ခြိမ်းခြောက် အမိန့်ပေးခြင်းများတွင် မြင်းတပ်များရော လှံတပ်တွေရော မီးတပ်တွေရော စုံနေသည်။ နားမလည်ပါ ကာယကံရှင်တော့်မသိ ကြားရတဲ့လူတောင် ကြောက်လာသည်။ ခဏအကြာတွင် မမလေးမှာ ဝူးဝူးဝါးဝါး အော်မြည်ရင်း ပုံကနဲ သတိလစ် မေ့မြောသွားလေတော့သည်။
ထိုအခါမှ တအိမ်သားလုံးစိုးရိမ်ကြီးစွာဖြင့် မမကြီးက ပွေ့ထူပြီး ယပ်ခပ်ပေးကြ၊ ခြေမချိုးကြ၊ မမလေး မမလေး ဟု အဆက်မပြတ် ခေါ်မှ အင်းး အင်းးး အဲ အဲ — ဖြင့် သတိလည်လာပါတော့ သည်။
ဘဘဦးဆရာက “ဘာမှ မစိုးရိမ်ကြတော့နဲ့ ပြဿနာမရှိတော့ဘူး နောက်ထပ် မနှောက်ယှက် ရဲတော့ဘူး တကယ်လို့ နောက်ထပ်ဖြစ်ရင် ဘဘကို မြန်မြန်လာခေါ် — နောက်ပြီး တစ်ခါတည်း မှာခဲ့မယ် သူ့သားသမီးတွေက ဒီအကြောင်းသိလို့ ဝင်ပူးပေးဘို့ပြောရင် လက်မခံနဲ့ ညည်းက လိပ်ပြာနုတယ် အသက်အန္တရယ် ရှိတယ်“
ဘဘဦးဆရာက လိုအပ်တာတွေ အရှည်ကြီး မှာပြီး ပြန်သွားလေသည်။ မနက်မိုးလင်းသောအခါ ပရလောကသား ပြောသွားသော ရေစက်ဘေး ပုဏ္ဏားရိပ်ပင်များကို ရှင်းလင်းကြည့်သောအခါ—
“အားး ပါးးး ပါးး လူတစ်ရပ်နီးပါးရှိနေတဲ့ မန်ကျီးပင်တစ်ပင်– ပုဏ္ဏားရိပ်ပင်တွေ ဖုန်းနေတော့ မမြင်တာပေါ့ — တော်တော် စေ့စပ်တဲ့ သူရဲဗျ—“
ထိုမန်ကျီးပင်ကို အမြစ်မှ တူးလှဲပြစ်လိုက်ရသည်။ မတော် နေနေမှဖြင့်။
နောက်သုံးရက်ခန့်ကြာတော့ နီနေသောမျက်စိ လုံးဝ ကောင်းသွားသည်။
ဇာတ်ကြောင်းက ဒီလိုဗျ—-
မမလေးတို့ သူငယ်ချင်းတစ်သိုက်ထဲမှာ ကိုကျော်ဇောဆိုတဲ့ အကိုကြီးတစ်ယောက်ပါတယ်။ ကိုကျော်ဇောရဲ့ ဖခင်ဟာ ပုတီးသမား တရားသမားကြီး။ ဒါပေမယ့် တစ်ခုတော့ ပြောစရာရှိတယ်။ သူ့မှာ ခရုသင်းရောဂါ ရထားလို့ တစ်ကိုယ်လုံး အနီကွက် ၊ အဖြူကွက် ၊ အမဲကွက်တွေနဲ့ ပြည့်နေတယ်။ ဒါကို သူဟာ သိပ်ရှက်တယ်။ ဒါကြောင့် အပြင်ကို ဘယ်တော့မှ သိပ်မထွက်ခဲ့ဘူး။ အားရင် တရားအားထုပ် ပုတီးစိပ် ဟိုဂိုဏ်း ဒီဂိုဏ်း ဝင် စသဖြင့်ပေါ့။
တစ်နေ့တော့ ကိုကျော်ဇော အဖေ ဆုံးသွားတယ်။ မမလေးတို့လည်း သူငယ်ချင်းအဖေဆိုတော့ လူမှုရေးအရ နာရေးသွားကြတာပေါ့။ အအေးတိုက်မှာ အလောင်းပြင်ထားတယ်။ သူငယ်ချင်းတွေအားလုံး ဘယ်သူမှ မသွားရဲ မကြည့်ရဲကြဘူး။ ကြောက်ကြတာကိုး၊ အသက်ရှင်တုန်းကတောင် ကြောက်စရာကောင်းတာ အလောင်းဆိုတော့ ပိုကြောက်စရာကောင်းမယ်လို့ တွေးနေကြတယ်။ ဒီကြားထဲမှ မဟာသူရဲကောင်းလုပ်တာက မမလေး။ သူငယ်ချင်းတွေ သွားမကြည့်တာကို သူက သွားကြည့်တယ်။ တကယ်ပဲ ကြောက်စရာကြီး။ ဒီတော့ မမလေးက သွားမကြည့်တဲ့သူ့ သူငယ်ချင်းတွေကို ပိုပိုသာသာ ခြောက်တယ်။ သူငယ်ချင်းတွေ က အကြောက်ကြီးပြီး မပြောနဲ့ မပြောနဲ့ ပြောလေ– သူက ခြောက်လေ– ဒီတော့ သေတဲ့သူကို ကဲ့ရဲ့သလိုဖြစ်သွားတယ်။ ဒီအစွဲကြီးခဲ့တဲ့ ပရလောကသားက မကျေနပ်တော့ လက်စားချေတော့တာပေါ့။ အဲဒီနောက်ပိုင်း မကြာခင် မမလေး ဘယ်ဘက် မျက်လုံးတစ်လုံး သွေးခဲကြီး လို နီရဲလာတော့တာပဲ။
ကျွန်တော်ကြုံဖူးတာတော့ အဲဒါပဲဗျို့။ ဒီအကြောင်းကို သိတဲ့ ကိုကျော်ဇောတို့မိသားစုဟာ မမလေးကို တိတ်တိတ်လေးခေါ်ပြီး သူတို့အဖေကို ဆရာတစ်ယောက်နဲ့ ပြန်ပူးခိုင်းတယ်တဲ့။ မိသားစု ပြောချင်တာပြောကြပြီး ကုသိုလ်လုပ် အမျှတွေ ပေးကြတဲ့အခါ ကျွတ်လွတ်သွားတယ်လို့တော့ နောက်ပိုင်း ကြားတာပဲဗျာ—
အခု မမလေးဟာ မူလတန်းကျောင်းအုပ်ကြီးတောင်ဖြစ်နေပြီ။ ကြာခဲ့ပြီလေ။
စာေတြကဖတ္လို့မရဘူး..