Review

ကမ္ဘာကျော်တဲ့အလွဲများ

၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီ အသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

၃။ Final Fantasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။

၄။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။

၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတ ဖြစ်နေပါပြီ။

၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။

Leave a Reply

Your email address will not be published. Required fields are marked *