Health, Opinion

သြော်…….မျိုးရိုး မျိုးရိုး

generation

“ငါသိသားပဲ ဒီအကောင်နဲ့ ပတ်သက်မှတော့ ဒီလိုပဲ ဖြစ်တော့မှာပေါ့။ တော်ပြီ နင့်ကို ငါ ကျောင်းဆက်မထားတော့ဘူး။ တကတည်း မိဘက ပညာရစေချင်လို့ တက္ကသိုလ်ထားတယ်။ ညည်းက စာမသင်ဘဲ ရည်းစားထားတယ်”

အမေ ကိုကို့ကို အဲဒီလို မပြောပါနဲ့။ အခုကိစ္စကလည်း သူတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ပါဘူး။ သမီးကိုယ်တိုင်ကိုက မေမေနဲ့ ပြဿနာ မတက်လောက်ဘူးထင်လို့ လိုက်သွားမိတာပါ”

“မိသဉ္ဇာ နင်လျှာမရှည်နဲ့၊ ငါက ဒီကောင့်အမေ မိဘုတ်တို့နဲ့ ငယ်ငယ်ကတည်းက သိလာတာ။ အလုပ်ဆို လက်ကြောတင်းအောင် လုပ်တဲ့အမျိုးမဟုတ်ဘူး။ ပိုက်ဆံ ချမ်းသာတာကလည်း အဘိုးအဘွားတွေ ထားခဲ့လို့။ သူ့အဖေ ဗိုက်ပူဆိုတာလည်း သောက်ဖို့ စားဖို့လောက်ပဲ စိတ်ထဲရှိတာ။ အဲဒီအမျိုးယုတ်တွေနဲ့ မပေါင်းသင်းပါနဲ့လို့ မှာထားရက်နဲ့ သူငယ်ချင်းတွေပါ သူငယ်ချင်းတွေပါဆိုပြီး အခုတော့ ကောင်းကြသေးရဲ့လား”

စာရေးသူ ဆေးခန်း ဖွင့်ထားသော ရပ်ကွက်လေးသည်ကား သာမန်လက်လုပ်လက်စားများနှင့် ပျံကျအလုပ်သမားတို့ စုဝေးရာ မြို့အစွန်ရှိ ရပ်ကွက်လေး ဖြစ်သဖြင့် လူ့လောကဇာတ်ခုံ၏ သဘာဝဇာတ်လမ်း အဖုံဖုံကို တစ်နေ့တစ်မျိုးမက ကြားရတတ်သည်။ ယခုကဲ့သို့ သက်သောင့်သက်သာ အော်ဟစ် ဆူပူမှုမျိုးကိုကား ကျေးဇူးတင်ရဦးမည်။ သို့မဟုတ်လျှင် “ဖေ…မောင်…”အစုံဟပ်၍ ဆဲရေးတိုင်းထွာသော၊ မကြားဝံ့ မနာသာစရာ ဇာတ်လမ်းမျိုးကိုလည်း ကြားရတတ်ပေသည်။ အတန်အတင့် ချမ်းသာသူများအဖို့ မပြေလူများအတွက် ငွေတိုးချေးငှားခြင်းဖြင့် ရပ်တည်တတ်ကြပြီး “ပေးတော့ ပြုံးပြုံး၊ လူတော့ အမုန်း” ဆိုသကဲ့သို့ ပြန်တောင်းချိန်တွင် ပြဿနာတက်ကြသည်ကား ဓမ္မတာ မဟုတ်လော။ ယခုလည်း သမီးဖြစ်သူ ရည်းစားထားသည်ကို “အမျိုးယုတ်” အစချီပြီး ပြောဆို ဆူပူမှုမျိုးကို ကြားနေရသည်။ ဆရာဝန်တစ်ဦးအနေဖြင့် စဉ်းစားမိလိုက်သည်က “သြော်….မျိုးရိုး မျိုးရိုး တယ်လည်း အရေးကြီးလှပါလား”ဟူ၍ပင်။

တစ်ဆက်တည်းမှာပင် “ဒီအမျိုးက ပြင်လို့ရတဲ့ အမျိုးမဟုတ်ဘူးတဲ့၊ အားလုံး တစ်ချိုးတည်းကြီးပဲ”ဒေါသမောဖြင့် ဆက်ပြောသံကို ကြားရပြီ၊ ဆက်လက်၍ စဉ်းစားမိလိုက်သည်က “ဘယ်အမျိုးက မြင်လို့ရနေပြီလဲ”ဟူ၍ပင်။ ပျင်းပျင်းနှင့် အင်တာနက် ခေါက်ကြည့်လိုက်တော့ “Top 10 Medical Advances of the Decade”ဆိုသည့် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ဖတ်လိုက်မိသည်။

“ဘယ်အရပ်ဒေသမှာ နေတာလဲ။ အဲဒီမှာ ဘာအစားအစာတွေ ပေါသလဲ”ဟူသော မေးခွန်းမျိုးကို တရပ်တကျေးမှ မိတ်ဆွေဖြစ်လိုသူ တစ်ဦးဦးနှင့် မိတ်ဖွဲ့ စကားပြောတိုင်း မေးတတ်ကြပါသည်။ သြော်…အဲဒီမှာဆို……တွေ သိပ်ပေါတာ။ ကာလံဒေသံနှင့် လိုက်လျောညီထွေစွာ ဝတ်စား ဆင်ယဉ် ထုံးဖွဲ့မှုကိုလည်း သတိထားမိကြပေမည်။ ယခုအခါ သက္ကရာဇ် ၂၀၀၀မှ စ၍ ဆေးသိပ္ပံ ပညာရှင်များက လူ့ခန္ဓာကိုယ် မျိုးရိုးဗီဇကို ဝေဖန်ခွဲခြားလေ့လာပြီ။ “Genomic Mapping”လုပ်နိုင်ခဲ့ပြီ။ Gene ခေါ် မျိုးရိုးဗီဇ၏ “ဘယ်အရပ်ဒေသ ဘယ်နေရာဟာ ဘာရောဂါနဲ့ ဆိုင်တယ်”ဟူ၍ အတိအကျ စူးစမ်းလေ့လာရှာဖွေနိုင်ခဲ့သည်။ ထို့အတူ “ဘယ်ရောဂါတို့ ဘယ်နေရာမှာ ချို့ယွင်းလို့၊ ဘယ်လို ကုထုံးနဲ့မှ အဲဒီနေရာကို တိုက်ရိုက်ကုနိုင်တာ” ဟူ၍ ထင်ထင်ရှားရှား ကွဲကွဲပြားပြား မြင်လာကြသည်။ “တရုတ်လူမျိုးများများ တွေ့လိုလျှင် တရုတ်ပြည်သွားရမည်” “အင်္ဂလိပ်လူမျိုးများ တွေ့လိုလျှင် ဥရောပကို သွားရမည်”လေယာဉ်ပျံဖြင့် တစ်ကမ္ဘာလုံး ပတ်ရှာစရာ မလိုတော့။

အထူးသဖြင့် ကင်ဆာရောဂါ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများအတွက်ကား Genetic Mappingက အရေးကြီးသည်။ ကင်ဆာရောဂါဆိုသည်မှာ ထိန်းချုပ်မှာ ပျက်ပြားပြီး လွန်ကဲစွာ ပုံမမှန်မူမမှန် ဆဲလ်ပွားခြင်း ဖြစ်သည်။ ကျန်းမာသော လူတစ်ဦးအဖို့ လိုအပ်သော ပမာဏသာ ဆဲလ်ပွားပြီး တန်ဆေးလွန်ဘေး မဖြစ်ရေလေအောင် ကြည့်ရှုထိန်းချုပ်ပေးနေသော Concer Suppressor Genc မျိုးဗီဇ နေရာများ ရှိသည်။ ထိုနေရာ၌ Mutationခေါ် ယိုယွင်းမှု ဖြစ်လျှင် ကင်ဆာဖြစ်ရတော့သည်။ ထို့ကြောင့် ဆေးကုလျှင်လည်း “အနာသိဆေးရှိ”ဆိုသည့်အတိုင်း မည်သည့် Gene Mutation ဖြစ်သည်ကို လေ့လာသိရှိလာသောအခါ ပိုမို ထိရောက်သော ဘေးထွက်ဆိုးကျိုး နည်းသော ကုထုံးများ ပေါ်လာတော့သည်။

ထို Gene Mappingနှင့် Human Genetic Informationများကို ဗဟုသုတရလိုလျှင် Google သို့ Search Engine တစ်ခုခု၌ “Discuss what our manly 20,000 genes do”ဆိုသည်ကို ရိုက်ကြည့်နိုင်ပါသည်။ ထို့ကြောင့်လည်း လူတိုင်းအတွက် အင်တာနက်ဟု ပြောလာကြသည် မဟုတ်လော။ ယနေ့ခေတ် နည်းပညာ တိုးတက်မှုသည်ကား ဆေးပညာရပ်တွင်လည်း အကျိုးရှိလှသည်။ စာရေးသူတို့ ကျောင်းသားဘဝ နိုင်ငံခြားမှ Original Textbooks ပြဋ္ဌာန်းစာအုပ်များကို တစ်စုံတစ်ဦးက ဝယ်ယူလာပြီး မိတ္တူကူးပွားပေးကာမှ လေ့လာခွင့် ရသည်။ ထိုမျှမက စာအုပ်တစ်အုပ်ဆိုလျှင်လည်း “ခေါင်းအုံး”ထက်ပင် ထူသေးသည်။ ထိုသို့ေျသာ အုပ် ၂၀၊ ၃၀ကို စင်ပေါ်တင်ထားရသည်ကိုပင် ဂုဏ်ယူစရာအဖြစ် ဆေးကျောင်းသားများက လက်ခံထားကြသည်။ ယခုခေတ်ကား စာအုပ်အတော်များများကို E Bookအဖြစ် ရနိုင်ပြီ။ Device ဥပမာ iPad, Tablet, Computer, Notebook အစရှိသည့်အထဲတွင် အုပ်ရေ ၁၀၀၊ ၂၀၀မက ထည့်သွားနိုင်ပြီ။ အချိန်မရွေး နေရာမရွေး ကောက်ပတ်နိုင်ပြီ။ ထိုမျှမက Onlineတွင် Up to Date ဆေးပညာများ၊ Journalများ၊ Download လုပ်၍ ရသေးသည်။ ထို့အပြင် Offline သုံး၍ရသော Medscape, Webmd, Oxford Medicine အစရှိသည့် Applicationများ၊ NICE Guidelineကဲ့သို့ Guideline Applicationများ (Google Play Storeတွင် ရနိုင်)သည်။ အသုံးဝင်၍ တန်ဖိုးရှိလှသည်။ ဆေးကျောင်းသားများ သာမက ဘွဲ့လွန်အထူးကု သင်တန်းသားများအထိပါ ရည်ညွှန်း အသုံးပြုနိုင်သော Websiteများလည်း ပေါ်လာပေရာ စာရေးသူတို့ တိုင်းပြည်တွင်လည်း ကမ္ဘာ့နံပါတ်တစ် နိုင်ငံများ နည်းတူ တန်းတူသော ဆေးပညာများ ဆည်းပူး သင်ယူကျင့်ကြံ အသုံးချလာနိုင်ပါသည်။

စာရေးသူတို့ တိုင်းပြည်ရှိ ခေတ်မီသော အချို့လူနာများဆိုလျှင်လည်း မိမိရောဂါနှင့် ပတ်သက်၍ သိလိုသည်များကို အင်တာနက်ထဲ၌ ရှာဖွေ ဖတ်ရှုပြီးမှ ဆရာဝန်နှင့် လာရောက် တိုင်ပင် ဆွေးနွေးကြသည်ဟူ၍ ရန်ကုန်မြို့ရှိ ဆရာသမားတစ်ဦးက စာရေးသူတို့ကို ပြောပြဖူးသည်။ “နိုင်ငံခြားမှာတော့ ဒီအလေ့အထက လူတိုင်းမှာလိုလို ရှိတယ်။ သူတို့က တိုက်သင့်သလောက် ကြိုသိထားတော့ ဆရာတို့ဘက်က ဆွေးနွေးရတာ Counselling လုပ်ရတာ ပိုအဆင်ပြေတယ်။ သူတို့ဘက်လည်း ယုံကြည်မှု ပိုခိုင်သွားတော့ Compliance ကုသမှုအတိုင်း လိုက်နာမှုလည်း ပိုမို ခိုင်မာလာတာပေါ့”ဟု ဆရာ၏ အမြင်ကို ပြောပြဖူးပါသည်။ ထင်ရာခိုင်းပြီး ဆေးမြီးတိုနှင့် ကုသပြီး အချိန်မီ မကယ်နိုင်လိုက်သော ဝေဒနာသည်များကား ဤသို့ ဗဟုသုတ ရှိခဲ့လျှင် ပေါ်လာမည် မဟုတ်။

ထို့ကြောင့် “မနေ့က အိပ်မက် ဒီနေ့လက်တွေ့”ဆိုသကဲ့သို့ မဖြစ်နိုင်ဟု ယူဆထားသော ဆေးပညာရှင်များ၏ အိပ်မက်များ တစ်စတစ်စနှင့် အကောင်အထည် ပေါ်ခဲ့ပြီ။ လောကနိယာမအရ မသေဆေး ဖော်လို့ရနိုင်မည် မဟုတ်သော်လည်း နောက်ဆုံးသော ဝေဒနာအထိ သက်သောင့်သက်သာ ဖြစ်စေနိုင်သော နည်းလမ်းမျိုးကိုတော့ ရှာဖွေကြရပေပြီ။ “ဒီအမျိုးက မကောင်းလျှင် (ဥပမာ Malformation/ Syndrome) ကောင်းအောင် ပြောင်းပေးနိုင်လာတော့မည်ဟု ဗဟုသုတ ပေးလိုက်ချင်ပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

One thought on “သြော်…….မျိုးရိုး မျိုးရိုး

  1. thwethweaye says:

    ဟုတ်တယ်…ရောဂါတစ်ခုခုဖြစ်တာနဲ့ မျိုးရိုးရှိလို့ဆိုပြီး ဆက်မကုဖြစ်ဘဲ လက်လျော့လိုက်ကြတဲ့လူနာတွေ အများကြီးရှိနေတုံးဘဲ

Leave a Reply

Your email address will not be published. Required fields are marked *