News

ဒိတ်ဒိတ်ကြဲ တရားခံတို့၏ ကမ္ဘာကျော်ပြင်သစ် ရှေ့နေကြီး ကွယ်လွန်

နာဇီရာဇဝတ်သား ကလော့ဘာဘီ၊ အီရတ်ဒုတိယဝန်ကြီးချုပ် တာရစ်အဇစ်နှင့် ယူဂိုဆလပ် ခေါင်းဆောင်ဟောင်း မီလိုဆီဗစ်အပါအဝင် ဒိတ်ဒိတ်ကြဲ တရားခံများဘက်မှ ရှေ့နေလိုက်ပေးခဲ့ခြင်း ကြောင့် သေမင်းတမန်တို့၏ အကျိုးတော်ဆောင်ဟူ၍ နာမည်ကြီးခဲ့သူ ပြင်သစ်ရှေ့နေ ဂျက်ကေးဗာ့ဂျ်သည် အသက် ၈၈နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သြဂုတ် ၁၆ရက်နေ့ သတင်းများတွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံ၏ အထွန်းပေါက်ဆုံး ရှေ့နေများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဂျက်ကေးဗာ့ဂျ်သည် ခုခံပေးရန် မဖြစ်နိုင်၍ အခြားရှေ့နေများက ငြင်းပယ်ခဲ့သူ တရားခံများဘက်မှ အကျိုးဆောင်ပေးခြင်းဖြင့် နာမည်ကြီးလာသူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။ သေမင်းတမန်တို့၏ အကျိုးတော်ဆောင်ကြီး ဂျက်ကေးဗာ့ဂျ်သည် ၎င်းလက်ရှိနေထိုင်ရာ ၁၈ရာစု ပြင်သစ်ဒဿန ပညာရှင် ဗော်လ်တဲယား၏ နေအိမ်၌ သြဂုတ်လ ၁၅ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၌ ဂျာမန်စစ် ပုလိပ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် မျက်ကွယ် သေဒဏ်နှစ်ကြိမ် ချမှတ်ခံထားရသူ ဂျာမန်စစ် ရာဇဝတ်ကောင် ကလော့ဘာဘီအတွက် တရားခံရှေ့နေအဖြစ် အကျိုးဆောင်ရန် သဘောတူညီခဲ့ခြင်းကြောင့် ဂျက်ကေးဗာ့ဂျ်ကို ပြင်သစ်ပြည်သူများက ဝေဖန်ခဲ့ဖူးသည်ဟု ဆို၏။
ဂျာမန်စစ်ပုလိပ်အဖွဲ့အကြီးအကဲ ကလော့ဘာဘီသည် ပြင်သစ်နိုင်ငံမှ ထွက်ပြေးချိန် ၁၉၄၄ခုနှစ်တွင် ဂျက်ကေးဗာ့ဂျ်သည် ဗိုလ်ချုပ်ကြီး ဒီဂေါလ်၏ တပ်များနှင့်အတူ ပါရီလွတ်မြောက်ရေး တိုက်ပွဲ အတွက်ချီတက်နေရဆဲ ဖြစ်သည်။

ထိုစဉ်က ကလော့ဘာဘီကိုသာ မျက်နှာချင်းဆိုင်တွေ့ခဲ့လျှင် သေနတ်ဖြင့်ဧကန်ပစ်သတ်မိမည် ဖြစ်သော်လည်း လက်ရှိအချိန်မှာမူ ရှေ့နေတစ်ဦးအဖြစ် ကိုယ့်အလုပ်ကိုယ် လုပ်သွားမည်ဖြစ်ကြောင်း ဂျက်ကေးဗာ့ဂျ်က ၂၀၀၂ခုနှစ်အတွင်းက ပြောကြားခဲ့ဖူးသည်ဟု သိရသည်။ ဂျက်ကေးဗာ့ဂျ် အကျိုးဆောင်ပေးခဲ့သော ကမ္ဘာကျော်တရားခံများ စာရင်းတွင် ကလော့ဘာဘီအပြင် ဗင်နီဇွဲလား လက်ဝဲဝါဒီ စစ်သွေးကြွ ကားလို့စ်သယ်ဂျက် ကယ်လ်၊ အီရတ်ဒုတိယဝန်ကြီးချုပ် တာရစ်အဇစ်နှင့် ယူဂိုဆလပ် ခေါင်းဆောင်ဟောင်း မီလိုဆီဗစ်တို့လည်း အပါအဝင်ဖြစ်သည်။ ကွန်မြူနစ်ဝါဒကို သက်ဝင် ယုံကြည်သူ ဂျက်ကေးဗာ့ဂျ်သည် လူမျိုးဖြုတ်သတ်ပွဲများ ကျူးလွန်ခဲ့သူ ကမ္ဘောဒီးယား ခမာနီအဖွဲ့ ခေါင်းဆောင် ပိုပေါ့နှင့်လည်း ရင်းနှီးသူဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်လည်း နာမည်ကြီးတရားခံများဘက်မှ ရှေ့နေလိုက်လေ့ရှိသူ တရားရုံးချုပ် ရှေ့နေကြီး ဦးကိုယုဟူ၍ ရှိခဲ့ဖူးသည်။ မောင်ကိုယုနာမည်ဖြင့်လည်း စာရေးသူဖြစ်သည်။ အုပ်ချုပ်သူအာဏာပိုင်များ၏ မျက်မုန်းကျိုးခံရသူ တစ်ဦးလည်း ဖြစ်ပါသည်။ လက်ရှိတွင် ထိုကဲ့သို့နာမည်ကြီး တရားခံများဘက်မှ ရှေ့နေလိုက်တတ်သူ တစ်ဦးမှာ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်ဇော် (မရမ်းကုန်း)ဟု သိရပါသည်။ သူတို့သည်လည်း ခေတ်သစ်ဂျက်ကေးဗာ့ဂျ်များပင် ဖြစ်သည်ဟုဆိုက မှားမည်မထင်ပါ။

Source: Reuter

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ဒိတ်ဒိတ်ကြဲ တရားခံတို့၏ ကမ္ဘာကျော်ပြင်သစ် ရှေ့နေကြီး ကွယ်လွန်

  1. Gawng Gawng says:

    pi ki kim

Leave a Reply

Your email address will not be published. Required fields are marked *