News, Travel

အင်ဒိုနီးရှားမှ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခု ဗုံးပေါက်ကွဲမှု ဖြစ်

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျာကာတာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုတွင် သြဂုတ်လ ၄ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုသည် “ရိုဟင်ဂျာများအတွက် လက်စားချေ တုံ့ပြန်မှုတစ်ခု ဖြစ်သည်” ဗုံးများ ထည့်ထားသည့် အထုပ်တစ်ထုပ်တွင် ရေးထားကြောင်း ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

လုံခြုံရေး ကင်မရာမှ မှတ်တမ်းများအရ ရှပ်အင်္ကျီအဖြူ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အထဲတွင် ဗုံးများပါဝင်သည်ဟု ယူဆရသည့် အစိမ်းရောင် အိတ်နှစ်လုံးကို တံခါးပေါက်နှစ်ခု၏ အတွင်းဘက်၌ ချထား၍ ထွက်ခွာသွားခဲ့ကြောင်း၊ ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့ အရာရှိ ပွန်နီဂျန်လီဟော်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ထားရှိခဲ့သော ဗုံးနှစ်လုံးအနက် တစ်လုံးသာ ပေါက်ကွဲခဲ့ပြီး ၎င်းဗုံးမှာ အင်အားမပြင်းထန်ပဲ ဗုံးကို သံနှင့် ဘောလ်ဘယ်ရင် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ ဗုံးပေါက်ကွဲချိန်တွင် အီကယနဂဟ ဘုရားကျောင်း၌ လူရာပေါင်းများစွာ ရောက်ရှိနေသော်လည်း တစ်ဦးသာ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း၊ ဒုတိယမြောက် ဗုံးမှာ မီးခိုးသာ ထွက်ပြီး၊ မပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

CCTVမှတ်တမ်းများကိုလည်း ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရပါသည်။ ယခုတိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တိုက်ခိုက်မှုအား မည်သူက လုပ်ဆောင်ခဲ့သည်ကို မှတ်ချက်တစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိသေးကြောင်း၊ အမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ရွန်နီစွန်ပေးက ပြောကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် မွတ်စလင် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပြဿနာ ဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော် ယင်းကဲ့သို့ ဖြစ်လာမည် မဟုတ်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဆက်ဆံရေးသည် ယခုအချိန်အထိ ကောင်းမွန်နေသေးကြောင်း၊ အင်ဒိုနီးရှားတွင် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ပြဿနာ မဖြစ်ဖူးသေးကြောင်း၊ အင်ဒိုနီးရှား ဘာသာရေး ဝန်ကြီးဆူရာ ဒရာမအလီက ပြောကြားခဲ့သည်။

မွတ်စလင် ဥပုသ်လ ရာမဇန်၏ ငြိမ်းချမ်းမှုကို ပျက်စီးစေရန် လုပ်ဆောင်မှု ဖြစ်ကြောင်း၊ လုံခြုံရေး ဝန်ကြီးဒီဂျိုကို ဆူလန်တိုကလည်း ပြောကြားခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူများကို ရုတ်ချခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးပေါက်ခွဲရန် စီစဉ်မှုအား ရဲများက ကြိုတင်ဖော်ထုတ်နိုင်ခဲ့သည်။ ဇူလိုင်လ ၇ရက်နေ့က အိန္ဒိယ အရှေ့ပိုင်း၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာကျောင်းတော်ဝင်းအတွင်း ဗုံးပေါက်ကွဲမှုများကြောင့် ငါးဦးဒဏ်ရာ ရရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် မွတ်စလင်ဘာသာဝင် အများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရှိသည်မှာ ထူးခြားသည်ဟု ထင်ရဖွယ်ရှိသော်လည်း အင်ဒိုနီးရှားသည် တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကြားသိရဖူးသဖြင့် မထူးဆန်းဟု ဆိုရမည်။ ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး လေးခုရှိရာ ထိုဘာသာဝင်များ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးသည် အရေးကြီးပါသည်။ ပဋိပက္ခများသည် ငြိမ်းချမ်းမှုကို ဆိတ်သုဉ်းစေပါသည်။ လက်စားချေ တုံ့ပြန်မှုများသည် သံသရာမဆုံးနိုင်ပါ။ ချစ်စကို ရှည်စေပြီး၊ မုန်းစကို တိုစေရပါမည်။ ယခုအဖြစ်အပျက်များကြောင့်လည်း မုန်းစကို မရှည်စေလိုပါကြောင်း………..။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *