Health, Opinion

အသက်ကိုဉာဏ်စောင့်သည်

“ ဗျို့” “ဆရာပီတိ ဆရာပီတိ” ခဏခဏ ဒါမျိုးတွေစာဖတ်သူတို့ကြားရသည်မှာဆန်းမည်မဟုတ်၊ အဆန်းမဟုတ်ပေမယ့် အမြဲကြားရသည်တော့ သေချာသည်။ အပြေးအလွှားသွားတတ်သော မိမိကိုလိုက်ခေါ်ရသည့် ထုံးစံပင် မဟုတ်လော။

“အော် ကျုံပျော်က ကိုခင်ဇော်နဲ့ ဓနုဖြူက ကိုမြင့်သူပါလား”
“ပုသိမ်ကကိုငွေစိန်တောင် ပါသေး”
“ဆရာရန်ကုန်သွားဖို့လား၊ ပြန်လာတာလား”
ဟုတ်ပါသည် အချိန်က ရန်ကုန်ကားဆိုက်ချိန်ဖြစ်သလို ထွက်မည့်ကား ကလည်းအဆင်သင့်၊ “ပြန်လာတာဗျ၊ ခင်ဗျားတို့ကရော”
“ပြန်လာတာပဲဆရာ ကိုမြင့်သူရဲ့ အဖေရန်ကုန်မှာဆေးရုံတင် ထားရလို့ အခုအဖေက နှလုံးသွေးကြောကျဉ်းတာတဲ့”
ပြောရင်းဖြင့်စာရေးသူတို့ Teashop နားရောက်လာသဖြင့်

“ဆရာအချိန်ရရင်တခုခုစားပါဦး ကျုပ်လည်းစားမလို့”
“အဲဒါဆိုအတော်ပဲ ဆရာ့ကိုမေးစရာတွေရှိလို့”
“ပဲပလာတာ၊ ရှမ်းခေါက်ဆွဲ၊ ကွေ့တရို၊ ကီးမား နဲ့ ဖိုးတီး” စာရေးသူတို့စားပွဲမှOrderများကိုစားပွဲထိုးကောင်လေးမှရေရွတ်သွားသည်။
“ဆရာ အဖေက အစားသောင်း ကျန်းတယ်၊ အဲဒါဘာတွေစားခိုင်းပြီးဘာတွေရှောင်ရမလဲ”
“ဟုတ်ပြီစားရင်း ပြောကြတာပေါ့၊ အဲ တခုတော့ရှိတယ်”
“ပြောပါဆရာ”
“အစားသောင်းကျန်းတဲ့အထဲကျုပ်တို့လဲပါတယ်ဗျ”

“ပြောရရင်သောင်းကျန်းတယ်ဆိုတာထက် ကျန်းမာရေးနဲ့ညီညွတ်အောင်မနေ တတ်တာလို့ ပြောလို့ရတယ်၊ အဲဒါကြောင့် နှလုံးသွေးကြောကျဉ်းတာတို့ ဆီးချိုရောဂါတို့ ကင်ဆာတို့ နာတာရှည်အဆုတ်ရောဂါတို့ဖြစ်နိုင်တာပေါ့၊ အဲဒီတော့ အခုပြောမယ့် စကားတွေကသိပြီးသား ဖြစ်ချင်ဖြစ်မယ်၊ အဲဒီတော့ ချိုလွန်းငန်လွန်းအဆီများလွန်းတာရှောင်၊ စားမယ့် အစာပမာဏကို လေးပုံခွဲ တစ်ပုံက ဆန်ပြောင်း၊အာလူး၊ တစ်ပုံကအသား၊ငါး၊ဥ၊ နောက်နှစ်ပုံကဟင်းသီးဟင်းရွက် ဒါဆိုထမင်းကရော ထမင်းကဝရုံပမာဏပဲ၊ စားကောင်း လို့ ငါတော့နောက်တပန်းကန်ဆွဲလိုက်ဦးမယ် ဆိုတာမျိုးမဖြစ်သင့်ဘူး၊ သွားရည်စာအနေနဲ့ အမျှင်ပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ဦးစားပေးစားရမယ်၊ အဲမစားသင့်တာကကြာရှည်ခံအောင်ပြုပြင် စီမံထားတဲ့ အစားတွေပဲ တိရိစ္ဆာန်ကရတဲ့ အဆီတွေနဲ့၊ ထပ်ခါတလဲလဲသုံးနေတဲ့ ဆီတွေနဲ့ ကြော်ထားတဲ့အကြော်တွေ၊ ပြီးတော့ ကိုယ်အလေးချိန်ထိန်းဖို့”

“ဒါကလည်းပြောလို့သာလွယ်တာ ဆရာ”
“လူတစ်ယောက် Weight ဘယ် လောက်စံထားရမလဲ၊ အဲဒါက အရပ်နဲ့သတ်မှတ်ကြတယ်ဗျ”
“လုပ်ပါဦးဆရာ အရပ် ၅ ပေ ၂ လက်မ ဆို wt က ပေါင် ၁၁၅- ၁၃၁၊ ၅ ပေ ၄ ဆို ၁၂၂ – ၁၄၀၊ ၅ ပေ၆ ဆို ၁၃၀ – ၁၄၈၊ ၅ ပေ ၈ ဆို ၁၃၈ – ၁၅၈၊ဒီလိုထိန်းဖို့ တစ်နေ့ ကို မိနစ်၃၀ တစ်ပတ် ၅ရက် လေ့ကျင့် ခန်းလုပ်”
“အဲ အဆင် ပြေရင် ရေကူး၊ စက်ဘီးစီး၊ လမ်းလျှောက် သွက်လက်တက်ကြွစွာနေ”
“ဆရာအအေး သောက်ပါဦးကျွန်တော်တော့ရေငတ်လို့”
“အဲဒါလဲပြောမလို့ ကိုငွေစိန် ရ”
“ရေဆာရင်ရေပဲသောက် အဲဒီအချိုရည် commercial drink တွေ မသောက်နဲ့၊ တစ်နေ့ကို ရေ ၂လီတာလောက်သောက်နိုင်တယ်”
“ပြီးတော့ သောက တွေတတ်နိုင်သလောက်လျှော့၊ အိပ်ရေးဝ အောင်အိပ်၊ လုပ်ဖို့ခက်တဲ့တစ်ခုကတော လောကဓံကိုအပြုံးနဲ့ရင်ဆိုင်ပါ”

ဟုတ်ပါသည်။ ပြော၍သာလွယ်ပြီး လိုက်နာရခက်သော ပညာပေးစကားများဟု ထင်ရပါသည်။ သို့သော်ကြိုးစားကြပါစို့ အသက်ကိုဉာဏ်စောင့်၍ ဖြစ်ပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *