News

ကိုယ်လက်လှုပ်ရှား သက်ကြီးရွယ်အိုများ အသက်ပိုရှည်

ဆွီဒင်နိုင်ငံ စတော့ဟုမ်းရှိ karolinska တက္ကသိုလ်ဆေးရုံ မှလေ့လာမှုအရ ဥယျာဉ်ပန်းမန် စိုက်ပျိုး ပေါင်းသင် ခြင်း ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုသည် သက်ကြီးရွယ်အိုများအတွက် အကျိုးဖြစ်စေ သည်ဟုဆိုသည်။

ယင်းလေ့လာမှုသည် သက်ကြီးရွယ်အို ၄၂၃၂ ဦးတို့ကို ၁၂နှစ်ကြာလေ့လာခဲ့ရာမှတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ကိုယ်လက်လှုပ်ရှားပြုလုပ် မှုရှိသူသက်ကြီးရွယ်အိုတို့သည် နှလုံးရောဂါနှင့်လေဖြတ်ခြင်းကို ၂၇ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပြီး အခြားကျန်းမာရေးပြသနာ ဖြစ်ပေါ်မှုများ ၃၀ရာခိုင်နှုန်း အထိ လျော့ကျကြောင်း တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု ပိုများသူများသည် နှလုံးရောဂါဖြစ်ပွားမှု အနည်းဆုံးဖြစ်သော်လည်း အနည်းငယ် သာကိုယ်လက်လှုပ်ရှားမှု ပြုသူတို့သည်ပင် လုံး၀မလုပ်သူများထက် နှလုံးရောဂါဖြစ်ပေါ်မူအန္တရာယ် ပိုမိုနည်း ပါးသည်ဟုဆိုသည်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိခြင်း တစ်နည်းအားဖြင့် အိမ်မှုကိစ္စများလုပ်ခြင်း နှင့် ဥယျာဉ်ပန်း မန်စိုက်ပျိုးခြင်းတို့သည် နှလုံးရောဂါ၊ လေဖြတ်ခြင်းစသည့်တို့ကို ထိထိရောက်ရောက် လျော့ကျစေနိုင်ပါသည်ဟု ကျွမ်းကျင်သူများက ထောက်ခံပြောကြားခဲ့ကြသည်။

သို့ရာတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် ကြွက်သားတစ်သျှူးများ အတွင်းထုတ်ပေးသည့် ဟော်မုန်းများကို ပြောင်းလဲစေနိုင်ပြီးကိုယ်တွင်း ဇီ၀ဖြစ်ပျက်မှုလုပ်ငန်းစဉ်ကို ပိုမိုလျော့ကျ စေသဖြင့် တာရှည်စွာ ထိုင်ခြင်းတို့ကို သုတေသီ များကသတိပေးထားသည် ဟုသိရသည်။

ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုသည်မှာ မြေကြီး လက်ခတ်မလွှဲ မှန်ကန်ပါသည်။ ငြင်းချက်ထုတ်ရန် အကြောင်းမရှိပါ။

ညွှန်ကြားရေးမှုး အဆင့်ဖြင့် အငြိမ်းစား ယူသွားသော ဆရာနှစ်ယောက် ရှိသည်။ နှစ်ယောက်စလုံး မူလဌာနတွင် အကြံပေးအဖြစ်ပြန်လုပ်ကြသေးသည်။ ဘီစီအက်စ်ဟောင်းကြီး တွေဖြစ်၍ လုပ်ငန်းတွင် အလွန်တော်သည်။ ဥပဒေ၊လုပ်ထုံးလုပ်နည်းများကို ထုံးလိုမွှေရေလိုနှောက် ထားကြသူများ ဖြစ်သည်။ ဌာနအတွက်အရေးအကြောင်းရှိ လျှင်သူတို့ဆီက အကြံဉာဏ်ယူကြရသည်။

ထိုဆရာနှစ်ဦးအနက် တစ်ဦးကအရက်ဆေးလိပ် အနည်းအကျဉ်း မှီဝဲသောက်သုံးတတ်သည်။ ကိုယ်လက် လှုပ်ရှားမှုနည်းသည်။ နောက်ဆရာတစ်ဦးကတော့ အရက်ဆေးလိပ်မသောက်။ နေ့စဉ် နံနက်တိုင်းကန်တော်ကြီး တစ်ပတ် ပုံမှန်လမ်းလျှောက်သည်။ ဒီဆရာကကျန်းမာသည်။ ရောဂါဘယ ထွေးထွေးထူးထူးမရှိဟုပြောရမည်။ နှစ်ဦးစလုံးကတော့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူများဖြစ်သည်။ တပည့်တပန်းတွေနှင့် စနောက်နေတတ်ကြသည်။

ပထမဆရာက ယခုတော့ ဆုံးပါးသွားပြီးဖြစ်သည်။ နဂိုကပိန်သူဖြစ်ပြီး အသက်အရွယ်အရ ရောဂါဖီစီးမှု ဒဏ်ကိုခံစားရပြီး ကွယ်လွန်ခဲ့သည်။ ကိုယ်လက်လှုပ်ရှား နေတတ်သူဒုတိယ ဆရာကတော့ မတွေ့ကြာပြီဖြစ်ပေမယ့် နေထိုင်မကောင်းဖြစ်သည့် သတင်းတော့ မကြားမိသေးပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုသည့်အတိုင်း နေထိုင်မကောင်းဖြစ်သည့် အခါမှကျန်းမာခြင်း၏ အကျိုးကျေးဧူးကို သိကြရသည်။ သို့ဖြစ်၍ ကျန်းမာအောင်နေကြရန် အနေအထိုင် အစားအသောက်ဆင်ခြင်ပြီးကိုယ်လက် လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပေးကြရန် လိုမည်ဖြစ်ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *