News

အင်္ဂလန်တွင် အိမ်မဲ့ရာမဲ့အရေအတွက် တိုးမြင့်လာဟုဆို

ပြည်တွင်းသတင်းတစ်ပုဒ်ဖြစ်တဲ့ ရန်ကုန်မြို့ရှိ ကျူးကျော်များအား မြေကွက်ပြန်ချပေးရန် အစီအစဉ်မရှိဟု မြို့တော်ဝန်ပြောကြား ဆိုတဲ့သတင်းကိုဖတ်ပြီးတဲ့နောက် Guardian သတင်းစာကြီးရဲ့ “အင်္ဂလန်တွင်အိမ်မဲ့ရာမဲ့ အရေအတွက်တိုးမြင့်လာ” ဆိုတဲ့သတင်းကိုလည်းတွေ့လိုက်ရလို့ ဆက်စပ်ပြီးတင်ပြချင်ပါတယ်။

အင်္ဂလန်မှာ သားသမီးရှိတဲ့မိသားစုဝင် ယာယီအခြေချနေအိမ် { Bed and Breakfast (B & Bs) } လို့ခေါ်တဲ့နေရာမှာ နေထိုင်မှုနှုန်းဟာ ဆယ်နှစ်တာကာလအတွင်း သိသိသာသာတိုးမြင့်လာခဲ့တယ်လို့ဆိုတယ်။ အတိုကောက် B & Bs ခေါ် ယာယီအခြေချနေအိမ်များဟာ အိမ်ခြေမဲ့မိသားစုဝင်များအတွက် အရေးပေါ်ယာယီတည်းခိုရန် ဌားရမ်းတဲ့နေအိမ်ဖြစ်ပြီး အိပ်ခန်းနဲ့နံနက်စာတို့ ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုတယ်။

ဒါပေမယ့် အိမ်ပိုင်ရာပိုင်မရှိတဲ့ မိသားစုဝင်တွေကို B & Bs တွေမှာသီတင်းပတ်ခြောက်ပတ်ထက်ပိုပြီး မနေရဘူးလို့ ကန့်သတ်မှုတွေရှိပေမယ့် ၂၀၀၉ ခုနှစ်ကစတင်ပြီးတော့ B & Bs မှာ အခြေချနေထိုင်တဲ့ မိသားစုဝင်အရေအတွက်ဟာ မြင့်တက်လာခဲ့ပြီး လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ B & Bs မှာနေထိုင်တဲ့မိသားစု ၂၀၉၀ ရဲ့ သုံးပုံတစ်ပုံဟာ ကန့်သတ်ထားတဲ့သီတင်းခြောက်ပတ်ထက်များစွာ ကျော်လွန်ကာနေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ B & Bs တွင်နေထိုင်တဲ့ မိသားစုဝင်အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အိမ်ခြေမဲ့မိသားစုဝင် ၄၃၀၀၀ ကျော်ဟာ အခြားသောအရေးပေါ်ယာယီ ခြေချနေထိုင်မှုပုံစံနဲ့ နေထိုင်ကြရတယ်လို့ သိရပါတယ်။

ဒီသီတင်းက ကျွန်တော်တို့နိုင်ငံနဲ့ယှဉ်ကြည့်ရင်တော့ ကျွန်တော်တို့ဆီမှာ အိုးအိမ်မဲ့လမ်းဘေးအိပ်ရတဲ့သူဆိုတာ ရာခိုင်နှုန်းအတော်နည်းပါတယ်။ ဘာပဲပြောပြော ကျူးကျော်လို့ပဲပြောပြော အိမ်ဆောက်ပြီးနေစရာမြေကြီးတွေပေါပါတယ်။ မြေကွက်လွတ်တွေပေါ်မှာ တဲကလေးတစ်လုံးထိုးပြီးနေကြတဲ့သူတွေ အများကြီးပါ။ များသောအားဖြင့်တော့ လက်လုပ်လက်စားတွေပေါ့။ တောနယ်ဘက်ကတက်လာကြပြီးရရာအလုပ်ကလေးတွေလုပ်ရင်းနဲ့ အိမ်ဌားနေဖို့တောင်မတတ်နိုင်တဲ့ အခြေအနေမို့ဒီလိုပဲလွတ်တဲ့မြေကွက်ပေါ်တဲထိုးပြီးနေခဲ့ကြတာ။

တာဝန်ရှိတဲ့သူတွေက နှင်ကာမှနှင်ရော။ ခုနင်ကသတင်းလိုဆို နှင်ထုတ်သူမရှိ၊ မောင်းထုတ်သူမရှိ အနှစ် ၂၀ လောက်တောင်နေလာခဲ့ကြတာ။ ဘိုးဘွားပိုင်မြေလို့တောင် အောက်မေ့နေကြပြီလားမသိ။ တချို့ဆိုရင် အဲဒီကျူးကျော်မြေကိုပဲတစ်ဆင့်ရောင်းစားသွားတဲ့ သူတောင်ရှိသေးတယ်။ ပြောချင်တာကတော့ အင်္ဂလန်မှာ (နိုင်ငံတကာမှာရောပေါ့) အိမ်မဲ့ရာမဲ့အခြေအနေတွေ တိုးမြင့်လာတယ်လို့ဆိုထားပေမယ့် မြန်မာနိုင်ငံမှာတော့မြေရှိရင် တဲထိုးနေလို့ရတယ်လို့တော့ ဆိုရမှာပါ။ ဥပဒေအရ နိုင်ငံတော်ဟာမြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေရဲ့ပိုင်ရှင်ပါ။ ရေမြေ့သေနင်း ပြည့်ရှင်မင်းလို့ဆိုထားတယ် မဟုတ်လား။ အဲဒီတော့နိုင်ငံတော်က မဖယ်ခိုင်းမချင်းတော့ အဲ့ဒီမှာနေလို့ရမယ်။

တကယ်တော့ခေတ်အဆက်ဆက် အိမ်ပိုင်မြေပိုင်ဖြစ်ဖို့ဆိုတာတော့ မလွယ်ခဲ့ပါဘူး။ သူ့ခေတ်နဲ့သူမြေစျေး၊ အိမ်စျေးတွေက သာမန်လူတန်းစားတွေအတွက် မကပ်နိုင်ခဲ့ပါဘူး။ ဌာနဆိုင်ရာဝန်ထမ်းတွေဆိုရင်လည်း ဝန်ထမ်းဘဝတစ်လျှောက် ဝန်ထမ်းအိမ်ရာတွေမှာပဲနေခဲ့ပြီး ပင်စင်ယူတဲ့အခါကျတော့ တော်ရုံတန်ရုံ အခြေအနေကောင်းတဲ့လူလောက်ပဲ အိမ်ဝယ်နိုင်ပါတယ်။ အများအားဖြင့် အိမ်ဌားဘဝရောက်ကြတာပါ။

တချို့ကလည်း ပင်စင်ယူပြီး အလုပ်ကလေးတစ်ခုဆက်လုပ်လို့ အိမ်ဌားခလေးပေးနိုင်အောင် ကြိုးစားကြရပါတယ်။ ဘာပဲပြောပြောကျောတခင်းစာနေရာရဖို့ ခက်ခဲတဲ့သူကလည်းခက်ခဲနေအုံးမှာပါ။ တစ်ခါကလည်းရေးဖူးပါတယ်။ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးမှာ နေရေးကနောက်ဆုံးမှာရှိနေပေမယ့် သူကထိပ်ဆုံးကိုရောက်သင့်တယ်လို့ ပြောလိုက်ပါရစေ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *