Education, Lifestyle, News

ဗြိတိသျှကောင်စီမှစီစဉ်သည့် အင်္ဂလိပ်စာဆရာ၊ဆရာမများ၏ (၁၅) ကြိမ်မြောက်နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

ဗြိတိသျှကောင်စီမှစီစဉ်သည့် အင်္ဂလိပ်စာဆရာ၊ဆရာမများ၏ (၁၅) ကြိမ်မြောက်နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော အင်္ဂလိပ်စာဆရာ/ဆရာမများ၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ (15th ELT Conference for Teachers of English) ကို ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၃ရက် နှင့် ၁၄ရက်တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများနှင့် ဆရာ၊ဆရာမကြီးများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများမှ အင်္ဂလိပ်စာဆရာ/ဆရာမများ၊ အခြားနိုင်ငံများရှိ ဗြိတိသျှကောင်စီနှင့် အဖွဲ့အစည်းများမှ အင်္ဂလိပ်စာဆရာ၊ ဆရာမများနှင့် နှီးနှောဖလှယ်ပွဲအား ပူးတွဲပံ့ပိုးကြသည့် Yoma Strategic Holdings နှင့် Dulwich College တို့မှ တာဝန်ရှိသူများ စုစုပေါင်း ၅၀ဝခန့် တက်ရောက်ခဲ့ကြပါသည်။ “Engage: Making Teaching and Learning More Engaging for All” ခေါင်းစဉ်ဖြင့် ယခုနှစ်တွင် ပြုလုပ်ခဲ့သော အဆိုပါ နှီးနှောဖလှယ်ပွဲအား စက်တင်ဘာလ ၁၃ရက်၊ နံနက် (၉) နာရီတွင် ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံညွန်ကြားရေးမှူး Kevin Mackenzie မှ အမှာစကားပြောကြား ဖွင့်လှစ်ပေးပြီး ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ တာဝန်ခံ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မြင့်မှ အဖွင့်မိန့်ခွန်း ပြောကြားပါသည်။

ဆက်လက်၍ Yoma Strategic Holdings မှ ညွှန်ကြားရေးမှူး ဒေါ်သီရိသန့်မွန်နှင့် ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်ဘာသာ သင်ကြားရေးဌာန ညွှန်ကြားရေးမှူး Ginny Rowlandsတို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားကြပါသည်။

ဗြိတိသျှကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin Mackenzie မှ ပြောကြားရာတွင် တက်ရောက်သူ ၅၀ဝ ခန့်ဖြင့် ဤနှီးနှောဖလှယ်ပွဲကြီးသည် မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် လွန်စွာအကျိုးရှိသည့် နှီးနှောဖလှယ်ပွဲဖြစ်ကြောင်း၊ ဤနှီးနှောဖလှယ်ပွဲကြီးကို ၁၉၉၉ ခုနစ်မှ စတင်၍ ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပခဲ့ပြီး မန္တလေးမြို့တွင်လည်း ၂၀၁၁ ခုနစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ၁၉၉၉ ခုနစ်တွင် ဆွေးနွေးပွဲ ပို့ချသူ ၁၆ ဦးဖြင့် စတင်ခဲ့သော တစ်ရက်တာ ဆွေးနွေးပွဲအဖြစ် စတင်ခဲ့ကြောင်း၊ ယခုနှစ်တွင် keynote ဟောပြောပွဲ ၁ ခု၊ ပေါင်းစည်းဆွေးနွေးပွဲ (panel discussion) ၂ ခု အပြင် ဆွေးနွေးပို့ချသူ ၆၅ ဦးမှ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၅၆ ခုဖြင့် နှစ်ရက်တာ ဆင်နွဲမည်ဖြစ်ကြောင်း၊ ဗြိတိသျှကောင်စီမှ မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအတွက် ယခင်ကထက် ကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်ပေးနေကြောင်း မိမိတို့ ကိုယ်တိုင် ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာသင်ကြားရင်း နိုင်ငံတစ်ဝှမ်းတွင်လည်း အင်္ဂလိပ်စာသင် ဆရာ၊ဆရာမများကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့်ရ၍ ဂုဏ်ယူမိပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ယူကေနိုင်ငံတို့အကြား ပိုမိုတောင့်တင်းခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားသွားပါသည်။

ယခုနှစ် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ နှီးနှောဖလှယ်ပွဲအား ပူးတွဲပံ့ပိုးကူညီပေးသည့် Yoma Strategic Holdings မှ ညွှန်ကြားရေးမှူး ဒေါ်သီရိသန့်မွန်မှ ယခုပွဲအား Dulwich Group နှင့် ပူးပေါင်းကာ ကူညီပံ့ပိုးခွင့် ရသည်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်၌ အောင်မြင်နိုင်ရန် အင်္ဂလိပ်ဘာသာသည် အလွန်အရေးပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာတွင် ဝင်ရောက်နေရာယူနိုင်ရန် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံနိုင်ခြင်းသည် အလွန်အရေးပါကြောင်း၊ယခုနှီးနှောဖလှယ်ပွဲကဲ့သို့ ပွဲများပြုလုပ်နိုင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ပြောကြားသွားပါသည်။

ထို့နောက် ယူကေနိုင်ငံမှ Cambridge University Press မှ David Bohlke မှ Sink or Swim: Working Together Using Cooperative Structures ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပါသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ (၅၆) ခုအား နှစ်ရက်တာဆက်လက် ကျင်းပပါသည်။ နှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲ သို့ တက်ရောက်သူတစ်ဦးဖြစ်သည့် ဒေါက်တာ ဒေါ်ခင်မာဝေ (ပါမောက္ခ၊ အင်္ဂလိပ်စာဌာန၊ ရန်ကုန်တက္ကသိုလ်) မှ ယခုကျင်းပသော အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ၏ နှီးနှောဖလှယ်ပွဲကြီးသည် မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာ ဆရာ/မများ၏ အရည်အသွေးများ မြှင့်တင်ရန်နှင့် အတွေ့အကြုံများ နှီးနှောဖလှယ်ရန် ဆုံစည်းရာနေရာ ဖန်တီးပေးသော ဗြိတိသျှကောင်စီ၏ အဓိက ပံ့ပိုးမှုကို သက်သေပြုနေကြောင်း၊ NCEL (National Centre for English Language) မှ ဆရာ၊ ဆရာမများသည် ယခင်ကာလများက ကျင်းပခဲ့သော နှီးနှောဖလှယ်ပွဲများမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း၊ ယခုကျင်းပသော တွေ့ဆုံပွဲကြီးတွင် ပြည်တွင်းတက္ကသိုလ်များမှ ဆရာ၊ ဆရာမများအတွက် အခြားသော ပုဂ္ဂလိက ကျောင်းများ၊ အပြည်ပြည်ဆိုင်ရာ ကျောင်းများမှ ဆရာ၊ ဆရာမများအပြင် အခြားသော တိုင်းပြည်များမှ အင်္ဂလိပ်ဘာသာသင်ကြားရေး ကျွမ်းကျင်သူများနှင့် တွေ့ဆုံကာ အတွေ့အကြုံဖလှယ်ရန် အခွင့်အလမ်းရရှိကြောင်း ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ တစ်ခုအား ဦးဆောင်ဆွေးနွေးမည့်သူ တစ်ဦးဖြစ်သည့် ဒေါ်ကက်သလင်းသိန်း (တွဲဖက်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အသင်း Mm-TESOL) မှ ပြောကြားရာတွင် မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် ဗြိတိသျှကောင်စီ၏ ပံ့ပိုးမှုမှာ လွန်စွာ အားရဖွယ်ကောင်းကြောင်း၊ မိမိလည်း ရန်ကုန်နှီးနှောဖလှယ်ပွဲကို မပျက်မကွက် တက်ရောက်လေ့ရှိကြောင်း၊ ဤနှီးနှောဖလှယ်ပွဲမှ အဖိုးမဖြတ်နိုင်သော
ခေတ်မှီသင်ကြားရေး နည်းစနစ်များကို ရရှိပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲ အလုပ်ရုံများ၊ သင်တန်းများ စသည့် အသက်မွေးဝမ်းကြောင်း ပျိုးထောင်ရေးဆိုင်ရာ လှုပ်ရှားမှုများဖြင့် တစ်နှစ်ပတ်လုံး ပံ့ပိုးမှုများပေးနေသည့် ဗြိတိသျှကောင်စီကို အထူးကျေးဇူးတင်ရှိကြောင်း၊ ရှေ့လျှောက်တွင်လည်း ဆက်လက်ပံ့ပိုးမှုများ ပြုလုပ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း နှင့် မိမိလည်း နောင်နှစ်များတွင် ဆက်လက်ပါဝင် လုပ်ဆောင်ပေးဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗြိတိသျှကောင်စီမှဦးစီး၍ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက်နှီးနှောဖလှယ်ပွဲများကို (၁၉၉၉) ခုနှစ်မှစ၍ ရန်ကုန်တွင် နှစ်စဉ်ကျင်းပလျှက်ရှိပြီး မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာဆရာ၊ ဆရာမများအတွက် တစ်ခုတည်းသော နှီးနှောဖလှယ်ပွဲ ဖြစ်သည်။ (၂၀၁၁) ခုနှစ်မှစ၍ မန္တလေးမြို့တွင်လည်း နှစ်စဉ်စတင်ပြုလုပ်ခဲ့သည်။ ယခုနှစ်နှီးနှော
ဖလှယ်ပွဲတွင် အလုပ်ရုံဆွေးနွေးပွဲ (၅၆) ပွဲ ပါဝင်ခဲ့ပြီး Cambridge University Press၊ Dulwich College၊ National Center for English Language (ရန်ကုန်တက္ကသိုလ်)၊ National Geographic Learning၊ ဗြိတိသျှကောင်စီ (စင်္ကာပူ)၊ ဗြိတိသျှကောင်စီ (သီရိလင်္ကာ)၊ ဗြိတိသျှကောင်စီ (မြန်မာ)၊ ဗြိတိသျှကောင်စီ (ထိုင်းနိုင်ငံ)၊ ဗြိတိသျှကောင်စီ (ဗီယက်နမ်)၊ ဗြိတိသျှကောင်စီ (မလေးရှား)၊ ဗြိတိသျှကောင်စီ (ကူဝိတ်)၊ American Center၊ Scholastic (South East Asia)၊ SMH Language Center (ရန်ကုန်)၊ Network International School (ရန်ကုန်)၊ Faith Baptist Theological Seminary (ရန်ကုန်)၊ Mote Oo Education (ရန်ကုန်)၊ Indra Educare (ရန်ကုန်)၊ Piti Education Centre (ရန်ကုန်)၊ Myanmar Noble College (ရန်ကုန်)၊ Cetana
Education Foundation (ရန်ကုန်)၊ Pride International School (ရန်ကုန်)၊ Yangon International School၊
International School Yangon၊ Myanmar International School Yangon တို့မှ ဆရာ၊ ဆရာမများ၊ ပညာရှင်များမှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ တစ်ခုအား ဦးဆောင်ဆွေးနွေးမည့်သူ နိုင်ငံခြားသားဆရာမ တစ်ဦးဖြစ်သည့် ၂၀၁၆ ခုနစ်တွင် သံလျင်မြို့ စတားစီးတီးတွင် ဖွင့်လှစ်မည့် British College Yangon ၏ မိခင်ကျောင်းဖြစ်သော Dulwich College International မှ အင်္ဂလိပ်ဘာသာသင်ကြားမှုဆိုင်ရာ အကြံပေး Sue Orr မှ ပြောကြားရာတွင် ရန်ကုန်မြို့တွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် နှစ်ပတ်လည် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ၏ နှီးနှောဖလှယ်ပွဲကြီးကို တက်ရောက်ခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ ကျွမ်းကျင်ထူးချွန်သော လုပ်ဖော်ကိုင်ဖက်များနှင့်
တွေ့ဆုံဆွေးနွေးကာ အကြံဉာဏ်များ ဖလှယ်ရန်အတွက် ဆရာ၊ ဆရာမများအတွက် ရခဲသော အခွင့်အရေးဖြစ်ကြောင်း၊ ဝါသနာတူ လုပ်ဖော်ကိုင်ဖက်များ ပို့ချသည့် ဆွေးနွေးပွဲများကို တက်ရောက်ပါဝင်မှာဖြစ်သလို မိမိ၏ နိုင်ငံတကာကျောင်းများတွင် ၁၆ နှစ်တာ စာသင်သက်မှ အတွေ့အကြုံများကိုလည်း မိမိဦးဆောင်သော ဆွေးနွေးပွဲများတွင်လည်း ပို့ချဦးမှာ ဖြစ်ကြောင်း၊ ဗြိတိသျှကောင်စီနှင့် ပူးတွဲပံ့ပိုးသည့် Dulwich College International တို့၏ မြန်မာနိုင်ငံတွင်း အင်္ဂလိပ်စာသင်ကြားရေးဆိုင်ရာများ အပေါ်တွင် အလေးထားမှုများကို ၎င်းတို့၏ ပံ့ပိုးမှုများက ဖော်ပြလျက်ရှိကြောင်း ပြောကြားသွားသည်။

နှီးနှောဖလှယ်ပွဲ အစီအစဉ်များအား စက်တင်ဘာလ ၁၄ရက် တနင်္ဂနွေနေ့ ညနေ (၅) နာရီခွဲတွင် ဗြိတိသျှကောင်စီ မြန်မာ၏ ပညာရေးနှင့်အနုပညာဌာန ညွန်ကြားရေးမှူး Susana Galván မှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြား၍ အဆုံးသတ်ခဲ့ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *