News, Opinion, Policy & Law

ကြားမဖြတ်တော့ဘူးတဲ့

ကြားမဖြတ်တော့ဘူးတဲ့

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး “ရွေးကောက်ပွဲဘာနဲ့ သွားမလဲ” ဆိုပြီး ကိုဘအေးဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ လက်ရှိကျင့်သုံးနေတာက FPTP ဆိုတဲ့ နိုင်သူအကုန်ယူစနစ်။ အချိုးကျကိုယ်စားပြုဆိုတဲ့ PR စနစ်ကို လွှတ်တော်မှာအဆိုတင်သွင်း ဆွေးနွေးကြလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ် တစ်ရပ်ကိုရွေးချယ်နိုင်ဖို့ လေ့လာသုံးသပ်ရေးကော်မရှင် တစ်ခုကို ဖွဲ့ပေးခဲ့တယ်။ PR စနစ်ကို NLD အပါအဝင် သဘောမတူကန့်ကွက်တဲ့လူတွေ ရှိတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကိစ္စလိုပဲ PR စနစ်ကို ကန့်ကွက်ကြောင်း လက်မှတ်တွေစုပြီး လွှတ်တော်ကိုတင်ဖို့ ကြိုးစားမယ်လို့ဆိုတယ်။ အခုတလောတော့ PR နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ သိပ်မတွေ့ရ တော့ပြန်ဘူး။

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဆီကတော့ ဘာအဖြေထွက်လာမလဲမသိဘူး။
ဒီမတိုင်ခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က၂၀၁၄ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလဆန်းလောက်မှာ လုပ်ပေးနိုင်မယ်လို့ ခန့်မှန်းပြောကြားထားတာရှိပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစီအစဉ်ရှိကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်ကို အနည်းဆုံးသုံးလ ကြိုတင်ပြီး ကြေညာပေးမယ်လို့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါသည်။
အဲဒီလိုဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့အတွက် လစ်လပ်နေရာတွေကတော့ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အသီးသီးမှာ ၁၆ နေရာ၊ စုစုပေါင်း ၃၅ နေရာရှိတယ်လို့ သိရပါတယ်။အချို့လစ်လပ် နေရာတွေမှာတော့ လုံခြုံရေးအခြေအနေအရရော၊ မဲစာရင်းနဲ့ မဲပေးခွင့်ကိစ္စရပ် အခြေအနေတွေအရရော ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှိမရှိ ပြန်လည်သုံးသပ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်နိုင်တဲ့ နေရာမှာတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်တွေရော၊ မဲထည့်ကြမယ့် မဲဆန္ဒ ရှင်တွေရောက မဲထည့်ကြဖို့ အားခဲထားကြတာပါ။ ဒီကြားဖြတ်ကလည်း ၂၀၁၅အတွက် အားစမ်းပွဲလို့ ဆိုနေကြတာမဟုတ်လား။

သို့သော်လည်း အဲတဲ့ပေါ့လေ၊ တစ်ချိန်တုန်းက “ဘကြီးအောင်ညာတယ်” ဆိုတဲ့ သီချင်းတစ်ပုဒ် ရှိခဲ့ဖူးတယ်။အဲဒီအတိုင်းပဲ ခုလည်း ဘကြီးအောင်ညာတယ်။ အဲလေ ဘကြီးအေးညာတယ်လို့ ပြောရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို မလုပ်တော့ဘူးတဲ့။ဘကြီးအေးက ခုတစ်မျိုး တော်ကြာတစ်မျိုးပဲတဲ့။ ခုစာကလေးကြော် ခုဆီထမင်းကြော်လို့ ပြောနေကြတယ်။ အမှန်ကတော့ အဲဒီကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်တော့တဲ့ အကြောင်းအချက်တွေ ပြောထားတာကျတော့လည်း ငြင်းစရာမရှိပါဘူး။

စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အမှတ်(၁၀) ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေရယ်၊ နိုင်ငံရေးပါတီတွေရယ်နဲ့ ညှိနှိုင်းတိုင်ပင်မှုတွေအရ ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွေ မလုပ်တော့ဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ အကြောင်းပြချက်လေးတွေကို ကြည့်ကြရအောင်ပေါ့နော်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွှတ်တော်မှာ ကတိပြုဖြေကြားထားတာနဲ့အညီ အာဆီယံထိပ်သီး အစည်းအဝေးတွေအပြီး နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလဆန်းခန့်မှာ ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို လုပ်ဖို့လျာထားခဲ့ပါကြောင်း ဒါပေမယ့် အာဆီယံအစည်းအဝေးက ယခုနှစ် နိုဝင်ဘာ ၁၂ရက်မှ ၁၃ ရက်ခန့်မှာ ကျင်းပမယ်လို့ သိရှိရတဲ့အတွက် အဲဒီအစည်းအဝေးအပြီး နိုဝင်ဘာ တတိယပတ်လောက်မှာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်စေပြီး ဒီဇင်ဘာနောက်ဆုံးပတ်လောက်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ရက်သတ်မှတ် ကျင်းပနိုင်မှာဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၃၀ သတ်မှတ်ထားတဲ့အတွက် ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေအရ စက်တင်ဘာတတိယပတ်ခန့်မှာ ရွေးကောက်ပွဲရက်များ သတ်မှတ် ကြေညာပြီး ဒီဇင်ဘာနောက်ဆုံးပတ်လောက်မှာ ရွေးကောက်ပွဲတွေ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီလို ရွေးကောက်ပွဲတွေလုပ်ပြီး သက်ဆိုင်ရာလွှတ်တော်တွေ အနေနဲ့ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ဖြည့်တင်းနိုင်ရုံမျှနဲ့ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွေမှာ သိသာတဲ့ အကျိုးရလာဒ်များ ပြောင်းလဲသွားနိုင်တာ မရှိပါကြောင်း၊ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ ယခုအခါ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးကိစ္စတွေ စတဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေရတာကြောင့် အဲဒီကော်မတီ၊ ကော်မရှင်လည်း ကြီးလေးတဲ့လုပ်ငန်း တာဝန်တွေနဲ့ မအားလပ်အောင် ရှိနေကြတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ရှိမယ်ဆိုပါက ၄င်းပါတီခေါင်းဆောင်၊ ပါတီကိုယ်စားလှယ်များက မိမိတို့ပါတီ အောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လိုအပ်သဖြင့် ထပ်မံပြီး ဝန်ပိကြရဦးမယ်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂(က) (၁)၏ ရှင်းလင်းချက်ပါ ပြဋ္ဌာန်းချက်အရ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီး နောက်ပိုင်းတွင်မှ မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၃၀ တို့ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်ဝင်ရောက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး အဲဒီလိုဝင်မပြိုင်နိုင်ဘူးဆိုရင် ပါတီမှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီဖျက်သိမ်းခံရနိုင်ပါကြောင်း အဲဒီပါတီ ၃၀ ထဲမှာ မကြာသေးခင်ကမှ မှတ်ပုံတင်ခွင့်ရရှိတဲ့ ပါတီသစ်များလည်း ပါဝင်ကြောင်း အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း လွှတ်တော်အတွင်း ရောက်ရှိနေကြတဲ့ နိုင်ငံရေးပါတီများလည်း ကြားဖြတ်ရွေးကောက်ပွဲကြောင့် ငွေကုန်လူပန်းဖြင့် ဝန်ပိနိုင်သလို ပါတီသစ်များအတွက်လည်း ပါတီတည်ထောင်စမှာပင် ရွေးကောက်ပွဲဝင်ရသဖြင့် စည်းရုံးချိန် လုံလောက်မှုမရှိတဲ့အတွက် ငွေကုန်လူပန်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံကြရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သက်တမ်းဟာလည်း ၂၀၁၅ ဇန်နဝါရီကစရင် တစ်နှစ်ခန့်သာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည်ဆိုပါက ထပ်မံပြီး ငွေကုန်လူပန်း ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေအနေနဲ့ ၂ ဘီလီယံကျော် ကုန်ကျနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိမရှိ စဉ်းစားရန် လိုအပ်လာကြောင်း၊ ဒါ့အပြင် ကော်မရှင် အနေနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရတဲ့ လုပ်ငန်းတာဝန်တွေ အများကြီးရှိတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်လိုက်မယ်ဆိုရင် အဲဒီလုပ်ငန်းတာဝန်တွေမှာ အားနည်းသွားနိုင်ကြောင်း၊ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အထက်ဖော်ပြပါ အားနည်းချက်၊ အားသာချက်တွေကို စဉ်းစားသုံးသပ်ပြီးတော့ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် သင့်၊ မသင့်ကို ဆုံးဖြတ်ရန် လိုအပ်လာတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၄ အရ ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် သတ်မှတ်ခြင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားချက်နှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ နိုင်ငံရေးပါတီများနဲ့ ညှိနှိုင်းတိုင်ပင်ချက်များအရ ၂၀၁၄ ခုနှစ်အတွင်း ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန် မသင့်ကြောင်း သုံးသပ်တွေ့ရှိရသောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၁(က)အရ ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်တော့မှာမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘကြီးအေးရဲ့ ရှင်းလင်းပြောကြားတဲ့ အချက်အလက်တွေဟာ အကြောင်းအကျိုး ဆီလျော်မှုရှိပါတယ်။ မှန်ကန်တဲ့ အခြေအနေတွေဖြစ်လို့ လက်လည်းခံနိုင်ပါတယ်။ ဒါပေမယ့် ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေးတုန်းက လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းရဲ့ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် ရှိမရှိ ကြယ်ပွင့်ပြ မေးခွန်းနဲပတ်သက်ပြီး အလျင်စလိုဖြေကြားခဲ့ဖို့ မသင့်ပါ။ အပေါ်က ရှင်းလင်းပြောကြားခဲ့တဲ့ အချက်တွေကို အစကတည်းက စဉ်းစားသုံးသပ်ပြီး ချင့်ချင့်ချိန်ချိန် ဖြေကြားခဲ့သင့်ပါတယ်။ ဒီအချက်အလက်တွေဟာ လီဆယ်လုပ်ကြံပြီး ပြောဆိုခဲ့တာမဟုတ်ဘဲ အမှန်တကယ် ဖြစ်လာနိုင်တဲ့ ပကတိအခြေအနေတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတွေက လက်ခံခဲ့တာပေါ့။ သူပြောပြခဲ့တာတွေကလည်း မှန်တယ်လေ။

ဒါပေမယ့် အဲဒီလိုပေါ့။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အထူးသဖြင့် နိုင်ငံတော်မှာ တာဝန်ကြီးကြီးယူထားရတဲ့ သူတွေအနေနဲ့ စကားတစ်ခွန်းကို ပြီးစလွယ်မပြောသင့်ဘူးဆိုတာ သင်ခန်းစာယူရမှာပါ။ ရွေးကောက်ပွဲဆိုတာ နိုင်ငံနဲ့ချီတဲ့ အလုပ်တစ်ခုပါ။ လူကြီးတွေဟာခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ စကားမတည်တဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ပြည်သူလူထုအနေနဲ့လည်း အယုံအကြည်ကင်းရမဲ့ အထင်အမြင်မျိုး မရှိရလေအောင် ကိုဘအေးက စေတနာထားပြီး ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *