Opinion

တာ၀န်နှင့် ၀တ္တရား

တာ၀န်ဆိုသည်မှာ မိမိအား အထက်မှပေးအပ်သော တာ၀န်ကို ပြီးစီးအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပြီး ၀တ္တရားဆိုသည်မှာတော့ ကျင့်၀တ်လိုပါပဲ။ စောင့်ထိန်းသိတတ်မှုများဖြင့် ပြည့်နှက်နေ၍ အခြေခံကျပြီး ပိုမို အရေးပါလှပါသည်။ သို့သော် ကျွန်မတို့မှာ တန်ဖိုးထားရမည့်အရာ၊ သစ္စာစောင့်သိရမည့်အရာ၊ တာ၀န်ယူရမည့် အရာတွေက တစ်ကြိမ်မှာ တစ်ခုဆိုလျှင် အကြောင်း မဟုတ်လှပါ။ ကိုယ့်သတ္တိ၊ ကိုယ့်စွမ်းအားအလျောက် လုပ်ကြ ကိုင်ကြရုံသာ ရှိပါသည်။  ထိုသို့မဟုတ်ဘဲ တစ်ခါတစ်ရံ၌ တန်ဖိုးတွေ၊ သစ္စာတွေ ပြဌာန်းချက်တွေက ထွေးရောယှက်တင် ရှိလာတတ်ပါသည်။ ကိုယ်တန်ဖိုးထားသော ကိုယ့်တာ၀န်ဟု ယူဆသော အရာများနှင့် အချင်းချင်း ဆန့်ကျင်ငြိစွန်းနေတာမျိုးလည်း ကြုံရတတ်ပါသည်။ အဲသည့်အချိန်အခါမှာ ရွေးချယ်ရ၊ ဆုံးဖြတ်ရ အလွန်ခက်လှသည့် အနေအထားတွေ ပေါ်ပေါက်လာပြီး ရွေးချယ်မှုများ ဖြစ်လာတတ်ပါသည်။ သာဓကပြောရလျှင် အများသိကြသည့် အရာလေးကိုပဲ ပြောပြရပေဦးတော့မည်။

မြန်မာရာဇ၀င်ထဲက သူရဲကောင်း ငခင်ညိုအကြောင်းလေးပင် ဖြစ်ပါသည်။ ငယ်စဉ်အခါက မြန်မာ့သမိုင်းဖတ်စာထဲတွင် သင်ရသောအခါ ငါးစီးရှင်ကျော်စွာ၏ ကျွန်ယုံတော် ငခင်ညိုအကြောင်း ဖတ်ခဲ့ရပါသည်။ အဲဒီအချိန်တုန်းက ခေါင်းထဲတွင် မရှင်းခဲ့တာကို ယခုချိန်တိုင် အမှတ်ရနေဆဲ ဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်သည့်အခါ ငခင်ညို၏လုပ်ရပ်က ကလေးတစ်ယောက်အတွက် အတော်မျက်စိလည်စေသော ကြောင့် ဖြစ်သည်ဟု သဘောပေါက်ခဲ့ပါသည်။  ငခင်ညိုသည် ဘယ်သို့သောသူဟူ၍ ကျွန်မတို့အား သင်ကြားမှတ်သားခဲ့ရပါသလဲ။ သမိုင်းစာအုပ်ထဲ (မှန်နန်းရာဇ၀င်) ပြန်ကြည့်သည့်အခါ ငခင်ညိုကို “ကျေးဇူးသိတတ်သော သူရဲကောင်း”ဟု ခေါင်းစဉ်တပ်ပြီး ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းဖော်ပြချက်ကို အနည်းငယ်ချုပ်၍ ပြောရလျှင်….

ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်ခယာစောယွမ်းကို လုပ်ကြံရန်အတွက် သူ့လူတစ်ဦးဖြစ်သူ ကျွန်ယုံတော် ငခင်ညိုအား စေလွှတ်လိုက်လေသည်။ ငခင်ညိုသည် စစ်ကိုင်းတွင် ပုန်းအောင်းချောင်းမြောင်းရင်း အခွင့်မသာသဖြင့် သုံးရက်မျှ ကြာမြင့်ခဲ့လေသည်။ သုံးရက်လုံး အစာရေစာ ငတ်ပြတ်ခဲ့သည်။ အခွင့်သာ၍ နန်းတွင်းသို့ ၀င်ရောက်သည့်အခါ စစ်ကိုင်းမင်း နတ်တင်ထားသော ပွဲတော် ထမင်းအုပ်ကို အရင်တွေ့သည်။ သုံးရက်ကြာမျှ အစာမစားရသေးသဖြင့် ထမင်းကို အရင်၀အောင် ယူစားပြီးနောက် အိမ်ဆောင်သို့၀င်၍ ဘုရင့်အား ဓားနှင့် ခုတ်မည်ပြုသည့်အခါ ချီတုံချတုံဖြစ်လေသည်။ သူ့ထမင်းကို ခုဘဲ စားခဲ့သည်။ ယခု သူ့ကိုသတ်မည်ဆိုလျှင် ထမင်းရှင်ကို သတ်သည့်အမှုအတွက် တမလွန်၌ အပြစ်ကြီးစွာ ခံရတော့မည်ဟု တွေးတောထိတ်လန့်ကြောက်ရွံ့လေသည်။ တစ်ဖက်တွင်လည်း သူ၏ သခင် ငါးစီးရှင်ကျော်စွာ ပေးအပ်လိုက်သည့် တာ၀န်ကလည်း ရှိနေသည်။ စစ်ကိုင်းမင်း၏ ခေါင်းရင်းတွင် ဓားအိမ်ကို ချွတ်လိုက်စွပ်လိုက် လုပ်နေမိပြီးနောက် စစ်ကိုင်းမင်းကို သတ်နိုင်သည့် အနေအထားထိရောက်ရှိကြောင်း အထောက်အထားအဖြစ် စစ်ကိုင်းမင်း၏ ပတ္တမြားဓားကို ယူပြီး ပြန်ခဲ့လေသည်။

ပင်လယ်သို့ ပြန်ရောက်၍ သူ၏ သခင်အား ဖြစ်ပျက်ပုံ အလုံးစုံတင်လျှောက်ပြီးသကာလ ပတ္တမြားကျောက်စီဓားကို ဆက်သသည့်အခါ ငါးစီးရှင်က ထမင်းတစ်ပွဲစားရရုံဖြင့် ဤမျှ ကျေးဇူးသိက အစဉ်ကျွေးမွေးနေသော ငါ၏ ကျေးဇူးကား ဆိုဖွယ်ရာရှိမည် မဟုတ်ဟု ၀မ်းမြောက်၀မ်းသာ ချီးကျူးကာ ငခင်ညိုအား ဆုလာဘ်တော်များ ချီးမြှင့်သည်ဟု ဆိုထားပါသည်။ ယခုလောက်ဆိုရင်ဖြင့် ဇာတ်လမ်းကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိမည်ဟု ယူဆမိပါသည်။ အဲသည်မှာ ကျွန်မ စဉ်းစားမရခဲ့သည်က ရှင်ဘုရင်ကရော သူခိုင်းလိုက်သည့် အလုပ်ကို မေ့သွားသည်လား။ လုပ်ကြံရန် တာ၀န်ကို ကျေပွန်စွာ မထမ်းရွက်ပဲ ဓားတစ်လက်သာ ယူဆောင်ပြီး ပြန်လာသည့် ငခင်ညိုအား ၀တ္တရားပျက်ကွက်မှုဖြင့် မသုတ်သင် မစီရင်ဘူးလား။ ကျန်သည့် အမှုထမ်းတွေပါ သူ့ပုံစံလိုက်ကာ ခိုင်းတာတခြား လုပ်တာတလွဲဖြစ်လာခဲ့လျှင် ရှင်ဘုရင် ဘယ်လိုစခန်းသွားမည်လဲ . . . စဉ်းစားစရာများပင်။ သို့သော် သူတို့အချင်းချင်းက အေးအေးဆေးဆေး ကိစ္စပြီးသွားခဲ့လေသည်။

သည်ကနေ့ ကျွန်မ ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါမှာတော့ . . .

ငခင်ညိုမှာ တန်ဖိုးထားရမည့် အရာနှစ်ခု သွားတိုက်ဆိုင်နေတာကို တွေ့ရှိခဲ့ရသည်။ နောက်ပြဌာန်းချက်နှစ်ခု အပြိုင်ဖြစ်နေတာ သွားတွေ့ရလေသည်။ ဘာလဲဆိုတော့ တာ၀န်နှင့် ကျေးဇူး ဒါမှမဟုတ် တာ၀န်နှင့် ပြုလုပ်သင့် ပြုလုပ်ထိုက်သည့် ၀တ္တရားပင် ဖြစ်သည်။ ပေးအပ်သော တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့နှင့် သူ့တစ်ဉီးရဲ့ ကျေးဇူးကို သိခြင်းတည်းဟူသော အခြေခံကိုယ်ကျင့်သီလကို စောင့်ထိန်းဖို့။ ဒါပေမယ့် နှစ်ခုလုံး လုပ်၍မရ တစ်ခုလုပ်လျှင် တစ်ခုပျက်ရမည်။ အဲသည်တွင် ကျေးဇူးရှင်ကို ပြစ်မှားရမှာ အကြီးအကျယ် တုန်လှုပ်ကြောက်လန့်မိတဲ့ ငခင်ညိုက ကိုယ်ကျင့်သီလကိုသာ ရွေးပြီး တာ၀န်အပိုင်းကို လျှော့ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဒီလို ငခင်ညိုနှင့် ဆင်တူယိုးမှား အနေအထားမျိုးတွေ ကြုံခဲ့ရသည့် လူမျိုးတွေ သမိုင်းတစ်လျှောက်မှာ အမြောက်အမြား ရှိပါလိမ့်မည်။ သူတို့တွေကော ဘာကို ဘယ်လို ရွေးချယ်ခဲ့ကြပါသလဲ။ ဒါကြောင့် နောက်ဆုံး မေးချင်တာလေးတစ်ခုကတော့ ယခုစာဖတ်သူကော တာ၀န်နှင့် ၀တ္တရား နှစ်ခု တိုက်ဆိုင်လာခဲ့ရင်ဖြင့် ဘယ်လို ပိုင်းခြား ခွဲခြမ်းစိတ်ဖြာမလဲဆိုတာ သိချင်နေမိပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

One thought on “တာ၀န်နှင့် ၀တ္တရား

  1. Zin Zin says:

    Good Article! I like it.

Leave a Reply

Your email address will not be published. Required fields are marked *