ကိုဘအေးလည်း အိမ်မှာ နားနေရတဲ့အချိန် သတိထားမိလာတာတစ်ခုက လူငယ်တွေကို လမ်းပေါ်မှာပဲ အတွေ့ကများလာတာ ဖြစ်ပါတယ်။ လတ်လျားလတ်လျားနဲ့ သွားလာနေကြတာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ အင်တာနက်ဂိမ်းဆိုင်တွေမှာ၊ ဟိုအိမ်ရှေ့မတ်တတ် ဒီအိမ်ရှေ့မတ်တတ်၊ ဟိုနား ငုတ်တုတ်၊ ဒီနားငုတ်တုတ်နဲ့ ကျောင်းသွားကြတာလည်းမတွေ့၊ အလုပ်သွားကြတာလည်းမတွေ့၊ ပညာရေး တပိုင်းတစနဲ့ ကျောင်းလည်းဆက်မတက်ကြ၊ ဆယ်တန်းမအောင်၊ ဘွဲ့မရနဲ့ဆိုတော့ တော်ရုံအလုပ်ရဖို့ ကလည်း မလွယ် ၊ အလုပ်မရွေးဘူးဆိုရင်တော့ အလုပ်တွေကတော့ရှိပါတယ်။ ဆယ်တန်းလောက်ထိ ပညာသင်လာကြတာဆိုတော့လည်း အလုပ်ကြမ်းကို လုပ်ချင်ကြမှာမဟုတ်ဘူး။ မရှက်မကြောက် ဈေးရောင်းချင်ရင်တော့ရမယ်။ မဟုတ်တာတွေရောင်းဖို့တော့ မဟုတ်ဘူးပေါ့။ သမ္မာအာဇီ၀ပေါ့။
တွေ့နေရတာ ကလေးတွေကအလုပ်ကို မလုပ်ချင်ကြတာလားမသိဘူး။ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ မရှိကြတော့ဘူးလား။ ရှေ့ရေးကို မတွေးကြတော့ဘူးလား။ လူကြီးမိဘတွေကလည်း မပြောကြတော့ဘူးလား။ သူတို့ရှိတုန်းတော့ကိစ္စမရှိဘူး။ သူတို့ကလည်း သက်တမ်းဘယ်လောက်ထိ နေနိုင်ကြမှာလဲ။ သူတို့မရှိတော့ရင် ဘယ်လိုလုပ်ကြမလဲ။ သူတို့စည်းစိမ်က ဆယ်သက်စားမကုန်တော့ ဘူးလား။ ကုဋေရှစ်ဆယ်သူဌေးသားဆိုတာ ပုံပြင်ထဲမှာရှိတာပဲမဟုတ်ဘူးနော်။ တချို့ကလည်း မိဘတွေ က ဒီလောက်ရှိတာမဟုတ်ဘူးဆိုတာ တွေ့နေရတာပဲ။ ကိုယ်ကသာကြားထဲက တွေးပူနေတာပါ။ ကလေးတွေကတော့ အေးဆေးပဲ။ ဘာမှအပူအပင်ရှိပုံမပေါ်ဘူး။
အလုပ်တခုရဖို့ဆိုတာကလည်း ဘွဲ့ရတွေ၊ ဒီပလိုမာလက်မှတ်ကိုင်ထားတဲ့သူတွေတောင် ခြေတို အောင် ရှာနေရတာ။ အချို့ကလည်း အလုပ်ရွေးတယ်ပဲပြောရမလား၊ ဟိုအလုပ်ကောင်းနိုးနိုး။ ဒီအလုပ် ကောင်းနိုးနိုးနဲ့ အချိန်တွေသာ ကုန်သွားတယ်။ အသက်သာကြီးသွားတယ်။ အလုပ်မလုပ်ဖြစ်တဲ့သူတွေ လည်း ရှိတယ်။
ကိုဘအေးတွေ့ဘူးတာပြောရရင် အလုပ်ခေါ်စာတွေ့လို့ ကုမ္ပဏီမှာ အလုပ်လာလျှောက်တယ်။ တချို့လည်း ဘွဲ့ရတာမကြာသေးဘူး။ တချို့လည်းဘွဲ့ရတာကြာပြီ။ ဘာအလုပ်မှမလုပ်ဘဲ အခုမှလာ လျှောက်တာ။ တချို့ကလည်း တခြားအလုပ်ကနေကူးလာတာ။ ကဲဘယ်လိုပဲလာလာ၊ ကိုယ့်ဆီ လာလျှောက်ပြီဆိုတော့ အရည်အချင်းဆန်းစစ်ချက်လေးတွေလုပ်၊ မျှော်မှန်းလစာကိုညှိ၊ သူကတော့ ဒီလောက်ဒီလောက်လိုချင်တယ်။ ကိုယ်ကတော့ဒီလောက်ဒီလောက်ပေးမယ်။ နောက်မှ လုပ်ရည်ကိုင်ရည် ကိုကြည့်ပြီး တိုးပေးမယ်။အိုကေလား၊ အိုကေတယ်ဆိုတော့မှ (၃) လအစမ်းလုပ်ကြည့် ဟုတ်ပြီလား။ ဘယ်နေ့အလုပ်စဆင်းမလဲ ဒီနေ့စဆင်းချင်လည်းရတယ်။ ဒါမှမဟုတ်လဲ မနက်ဖြန်မှ သဘက်ခါ မှ အဲဒီလိုသဘောတူပြီး ပြောပြီးမှ လုံး၀မလာတော့တဲ့သူရှိသလို တစ်ရက်ထဲလုပ်ပြီး ပျောက်သွားတဲ့လူလည်း ရှိတယ်။
တစ်ပတ်တစ်လလုပ်ပြီး ထွက်သွားတဲ့လူလည်းရှိတယ်။ အိမ်ကဝေးလို့ ၊ အဖေကဘာဖြစ်လို့၊ အမေကဘာဖြစ်လို့နဲ့ အကြောင်းပြတဲ့လူလည်းရှိတယ်။ ဒါတောင် ရုံးကနေ အကျိုးအကြောင်း ဖုန်းနဲ့လှမ်း မေးလို့ပြောတာ။ ဒီအကြောင်းပြချက်က အမှန်တော့မဟုတ်ဘူး။ တချို့ကလည်း အကျိုးအကြောင်းဘာမှ ကိုမပြောဘဲ မလာတော့တာ။ မလုပ်တော့တာ။ ကုမ္ပဏီမှာ နှစ်တွေအကြာကြီး တချို့လည်း လေးငါး ခြောက်လလောက်လုပ်ပြီးမှ အဆင်မပြေလို့ ထွက်သွားတဲ့လူတွေကိုတော့ မပြောလိုပါဘူး။ ခုဟာက အဲဒီလို မဟုတ်တော့ ဘာကြောင့်လဲဆိုတာအဖြေရှာလို့မရဘူး။ ကုမ္ပဏီလည်း ကြာတော့ အလုပ်ခေါ်ရတာ ဦးနှောက်စားလာတယ်။ သူတို့က တခြားအလုပ်တွေမှာလည်း ဒီလိုပဲဖြစ်နေမလား။ အလုပ်လုပ်ချင်စိတ် ကော ရှိကြရဲ့လား။ တကယ်အလုပ်လုပ်ချင်တဲ့စိတ်ရှိတဲ့သူဟာ ရတဲ့အလုပ်ကို စွဲစွဲမြဲမြဲနဲ့ ကြိုးကြိုးစားစား လုပ်မယ်လို့ ကိုဘအေးထင်တယ်။
စီးပွားရေးပညာရှင်တစ်ဦးက လမ်းပေါ်မှာလူတွေများနေတာနဲ့ပတ်သက်ပြီး သုံးသပ်ပြောကြား ထားတာတွေ့ဖူးတယ်။ သူက လက်ရှိ မြန်မာ့စီးပွားရေးတိုးတက်မှုရှိ/မရှိကို တစ်ခွန်းတည်းနဲ့ လူပြိန်း နားလည်အောင် ရှင်းသွားတာ။ သူပြောတာက ရန်ကုန်မြို့ထဲကို ကြည့်လိုက်ရင် လူတွေဟာ နည်းတာ မဟုတ်ဘူး။ ရှုပ်ယှက်ခတ်စည်ကားနေကြောင်း၊ အလုပ်ချိန်တွေမှာလည်းဒီလိုပဲ၊ တခါကရွှေတိဂုံကို ဧည့်သည်လိုက်ပို့လို့ရောက်သွားတော့ ဒီလိုပဲလူတွေစည်နေကြောင်း ၊ စည်တာမှ လူကြီးတွေတင်မကဘူး။ လူငယ်တွေရောပဲ။ အချို့က ယတြာချေဘာညာလုပ်ကြပေါ့။ နေ့လည်နေ့ခင်းမှာ အများကြီးပဲတွေ့ရကြောင်း သူပြောချင်တာက ဒါကဘာသာရေးပေမယ့် လူငယ်တွေဟာ ဒီလိုနေ့လည်နေ့ခင်းအချိန်တွေမှာ လုပ်ငန်း ခွင်ထဲမှာပဲ ရှိနေသင့်ကြောင်း၊ လမ်းတွေပေါ်မှာရှိမနေသင့်ကြောင်း၊ နောက်ယတြာချေတယ် ဘာညာ ဆိုတာက စီးပွားရေးမကောင်းလို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့စီးပွားရေး ကောင်းသလားမကောင်းဘူးလား ဆိုတာကို ဘာမှမကြည့်နဲ့ လမ်းပေါ်မှာ လူတွေဘယ်လောက်ရှိနေသလဲဆိုတာကိုသာ ကြည့်လို့ပြောတယ်။
လမ်းပေါ်မှာလူတွေသိပ်များနေရင် ဒါစီးပွားရေးမကောင်းဘူးလို့ သတ်မှတ်နိုင်ကြောင်း ၊ စီးပွားရေးကောင်း တယ်ဆိုရင် ဒီလူတွေကို စက်ရုံ၊ အလုပ်ရုံတွေက Absorb (အရည်ကိုစုပ်ယူသည်) လုပ်သွားတော့ လမ်းပေါ် မှာလူတွေမရှိကြတော့ဘူး။ သူက စီးပွားရေးဖိုရမ်တွေ၊ ဆီမီနာတွေ နိုင်ငံတော်တော်များများမှာ တက်ဖူး ကြောင်း၊ အမေရိကား ၊ ဥရောပ စတဲ့ မြို့ကြီးတွေမှာ ဆီမီနာတွေ ခဏတဖြုတ်နားတဲ့အချိန်ဆိုရင် သူက မြို့ထဲလမ်းလျှောက်ကြည့်ကြောင်း၊ လမ်းပေါ်မှာသူတစ်ယောက်တည်းဖြစ်နေပြီး လူတွေပျောက်နေ ကြောင်း၊ ဒါပေမယ့် ကားပါကင်တွေမှာတော့ ကားတွေပြည့်နေပြီး အကြောင်းအရင်းကတော့ ဒီလိုအချိန် မှာ လူတွေက ရုံးခန်းတွေ၊ အလုပ်ရုံ၊ စက်ရုံတွေထဲ ရောက်နေကြတာဖြစ်ကြောင်း ပြောသွားတာ ဖြစ်ပါတယ်။
ကိုဘအေးတို့ မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် စက်မှုဇုန်ပေါင်း (၂၈) ဇုန်ရှိပြီး လှိုင်သာယာတစ်ခုတည်းတွင် စက်မှုဇုန် (၇) ခုရှိတဲ့အတွက် စက်ရုံပေါင်း (၆၁၂) ဇုန် ရှိတယ်လို့သိရပြီး၊ စုစုပေါင်းအလုပ်သမား (၆၅၀၀၀) ရှိတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ တွက်ကြည့်ရင် ၁% မျှသာ ရှိတာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အသက် အရွယ် အပိုင်းအခြားအများစုဟာ လူငယ်လူရွယ်တွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ သူတို့ကို လမ်းပေါ်မှာ ရပ်ကွက်ထဲက ဘိလိယက်ခုံတွေမှာ ၊ အင်တာနက်ဂိမ်းဆိုင်တွေမှာ ၁၀၉ ၊ ၁၁၀ ယောင်ခြောက်ဆယ် တွေအဖြစ် တွေ့နိုင်ပါတယ်။
တချို့ဘွဲ့ရလူငယ်တွေက စီဗွီဖောင်ကိုင်ပြီး အလုပ်တကာလှည့်လျှောက်ပေမယ့် သူတို့နဲ့ အံ၀င်တဲ့ အလုပ်တွေနဲ့ မချိတ်ဆက်မိတာ၊ ချိတ်ဆက်မိရင်လည်း ကုမ္ပဏီတွေကတောင်းဆိုတဲ့ ကက်ပစီတီ သူတို့မှာ မရှိ၊ ပြည်ပက၀င်ရောက်အခြေစိုက်တဲ့ ကုမ္ပဏီတချို့ကတော့ ကက်ပစီတီ မပြည့်စုံရင်လည်း သူတို့က အကုန်အကျခံပြီးသင်တန်းတက်ခိုင်း၊ သင်တန်းပေး စတာလုပ်ကြတာရှိပေမယ့် ပြည်တွင်းကုမ္ပဏီအများ စုကတော့ အဲဒီလိုမရှိဘူး။ ဒီပြဿနာတွေက နေရာတိုင်းမှာ တွေ့မြင်နေရတယ်။ ဘွဲ့ရအလုပ်လက်မဲ့တွေ က ပုံနေတယ်။
ဘွဲ့မရအလုပ်လက်မဲ့တွေကလည်း မထူးဘူး။ စီးပွားရေးပညာရှင်တွေကတော့ လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့လူဉီးရေ ၃၃ သန်းကျော် ရှိပေမယ့် အမှန်တကယ် အလုပ်ရရှိမှုက သန်း၂၀ သာ ရှိတဲ့အတွက် ကျန် ၁၀ သန်းကို အလုပ်အကိုင်အမှန်တကယ် ဖန်တီးနိုင်မှသာ နိုင်ငံတော်သမ္မတကြီး ပြောတဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးလမ်းစဉ်အောင်မြင်မယ်လို့ဆိုပါတယ်။ ဒါမှသာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကိန်းဂဏန်းအစစ်အမှန်ရရှိမယ်လို့ဆိုပါတယ်။ သူတို့ကတော့ စီးပွားရေးအမြင်နဲ့ပြောတာပေါ့ လေ။ မျက်မှောက်မြန်မာနိုင်ငံရဲ့ လူတဦးချင်းတစ်လ၀င်ငွေဟာ Per Capital နဲ့တွက်ရင် အမေရိကန် ဒေါ်လာ ၄၀ လောက်ပဲရှိတယ်လို့သိရပါတယ်။ ဒီ၀င်ငွေဟာ မိသားစုတစ်စုအတွက် မစားလောက်ပါဘူး။ ဒါ့ကြောင့် အလုပ်လုပ်နိုင်တဲ့လူတိုင်း အလုပ်လုပ်ကြရပါမယ်။ ကိုဘအေးတို့ငယ်ငယ်ကတော့ အဖေ တစ်ယောက်တည်းလုပ်စာနဲ့ မိသားစုစားလို့ရပါတယ်။ အခုခေတ်ကတော့ ဒီလိုမဟုတ်ပါဘူး။ စီးပွားရေးကို ရှာနိုင်သမျှရှာမှ လောက်ငှတဲ့ခေတ်ပါ။ ဒီလိုအချိန်မှာ အလုပ်မလုပ်ဘဲ ထိုင်နေတာဟာ ကျန်တဲ့မိသားစု အပေါ်မှာ ရက်စက်ရာကျတယ်ဆိုတာ မတွေးမိကြဘူးလား မသိဘူး။
ကိုဘအေး အထက်ကရေးခဲ့သလိုပဲ အလုပ်လုပ်ချင်ရဲ့သားနဲ့ အဆင်မပြေတဲ့သူတွေရှိမယ်။ ဇွဲ မလျှော့ပါနဲ့ ကိုယ့်ကိုယ်သာ အရည်အချင်းပြည့်အောင် ကြိုးစားပါ။ မလွဲမသွေအဆင်ပြေမှာပါ။ တစ်ခုတော့ ရှိတယ်။ ဟိုအလုပ်ကောင်းနိုးနိုး ၊ ဒီအလုပ်ကောင်းနိုးနိုးနဲ့ ဈာန်ရွေးနေလို့တော့မရဘူး။ ကိုယ့်အရည်အချင်း နဲ့လည်း ကိုက်ညီမယ်။ သင့်တင့်တဲ့လစာလည်း ရမယ်ဆိုရင် စွဲစွဲမြဲမြဲလုပ်သင့်ပါတယ်။ ကိုယ့်လုပ်ရည် ကိုင်ရည်အလျောက် တိုးတက်မှုရရှိလာမှာပါ။ အဆင်ပြေမှုတွေ၊ အဆင်မပြေမှုတွေဆိုတာကတော့ ရှိနေမှာပါ။ အဆင်မပြေတဲ့အခါ စိတ်ဓါတ်ကျတာတွေ စိတ်ပျက်တာတွေ မဖြစ်ဖို့လိုပါတယ်။ ကိုဘအေး ၀န်ထမ်း ဘ၀တုန်းကဆိုရင် အလုပ်ထွက်ချင်စိတ်ပေါက်လောက်အောင် ဖိစီးမှုတွေဖြစ်ဖူးပါတယ်။ အလုပ်ထွက်ဖို့ လေးငါးကြိမ်လောက်တောင် စိတ်ကူးမိတယ်။ ဒါပေမယ့် ငါဒီအလုပ်ကထွက်ပြီး ဘာလုပ်မလဲ၊ ကိုယ်က ၀န်ထမ်းပဲလုပ်ဖူးတာ၊ လုပ်တတ်တာ။ Technician လည်းမဟုတ်ဘူး။ ဒီတော့ သည်းညည်းခံပြီးလုပ်ခဲ့တာ နောင်တော့လည်း ရာထူးတွေအဆင့်ဆင့်တိုးတက်ခဲ့တာပဲ။ မှန်တာပြောရရင် ဟိုဘက်ခေတ်က အလုပ် ရှားတယ်။ တစ်ခုအဆင်မပြေလို့ တစ်ခုရှာလုပ်ဖို့ဆိုတာ မလွယ်ဘူး။ ခုခေတ်ကတော့ အလုပ်တွေက ပေါမှပေါ အလုပ်ခေါ်တဲ့ ကြော်ငြာတွေဆိုတာလည်း ဒုနဲ့ဒေး ၊ အရည်အချင်းပြည့်မှီဖို့ပဲ လိုတယ်။
အလုပ်နဲ့ပတ်သက်ရင် တရုတ်ကလေးတွေ၊ ကုလားကလေးတွေကို အတုယူရမယ်။ သူတို့ ကတော့ ၀န်ထမ်းလုပ်တာနည်းတယ်။ အရောင်းအ၀ယ်သမားများတယ်။ သူတို့က လတ်လျားလတ်လျား နည်းတယ်။ ကျောင်းကဆင်းလာရင် မိဘကို ကူကြတယ်။ ကိုဘအေးငယ်ငယ်ကဆိုရင် သူငယ်ချင်းတွေ က တရုတ်ကလေးတွေများတယ်။ ကျောင်းကပြန်လာတာနဲ့ ကြီးကြီးငယ်ငယ် လွယ်အိတ်ချပြီး အိမ်က အရောင်းအ၀ယ်အလုပ်ကို ဝို်းလုပ်ကြတာ။ တချို့က စာလည်းကြိုးစားကြတယ်။ ဆေးကျောင်းမှာဆိုရင် တရုတ်ကလေးတွေချည်းပဲများတယ်။ ဗမာကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အားရင်ဆော့မယ်၊ ကစားမယ်။ ကန်သုံးဆင့်မှာ ရေသွားကူးမယ်။ ကျောင်းပြေးပြီးတောင် ရေကူးကြတာ။
လတ်လျား လတ်လျား လုပ်တာများတယ်။ လူဆိုတာက ကိုယ့်ရပ်တည်ရေးအတွက် ကိုယ့်တိုးတက်ရေးအတွက် ကြိုးစားနေရတာ။ Life is Struggle လို့ဆိုတယ်မဟုတ်လား။ ဒါ့ကြောင့် ဂျလေဘီလုပ်နေတဲ့ လူငယ်တွေ တွေ့ရင်အားမရဘူး။ ဘ၀င်မကျဘူး။ အင်း ကိုယ်ကဘ၀င်မကျလည်း ဘာလုပ်လို့ရမှာလဲ။ ကိုယ်က ဆရာသွားလုပ်ရင်လည်း ဒီအဘိုးကြီး လာပြီးစားမနေနဲ့ဦးလို့ အပြောခံရဦးမှာ။ တော်ကြာ သူတို့စကားနဲ့ ဆေးထိုးလွှတ်တာခံနေရဦးမယ်။
တိုင်းပြည်စီးပွားရေးမတိုးတက်တာ တခြားအကြောင်းအရာတွေရှိမှာဖြစ်သလို ဒီလိုအလုပ်လက်မဲ့ လူငယ်တွေပေါများနေတာကလည်း အကြောင်းတစ်ချက်ဖြစ်လိမ့်မယ်လို့ ကိုဘအေးထင်ပါတယ်။ အစဦး တုန်းက စီးပွားရေးပညာရှင်ကြီးပြောခဲ့သလိုပဲ လမ်းပေါ်မှာလူတွေများလာတာဟာ တိုင်းပြည်စီးပွားရေး အတွက် အလားအလာကောင်းတစ်ခုမဟုတ်ဘူးဆိုတာ မှန်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ လူတွေရောက်ဖို့ ဆိုတာ အဓိကအားဖြင့်တော့ လူတွေအလုပ်လုပ်ချင်စိတ်ရှိရမှာဖြစ်ပါတယ်။ ပဓာနအကျဆုံးကတော့ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေ အလုပ်လုပ်ချင်စိတ်ရှိဖို့ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ချည်တဲ့ အပြော တွေ ခဏထားပါဦး။ အိမ်တစ်အိမ် မိသားစုတစ်စုမှာတောင် အလုပ်မလုပ်ပဲ ထိုင်စားနေတဲ့သူတွေများ လာရင် ဒီအိမ်ရဲ့စီးပွားရေးဟာ ဘယ်လိုဖြစ်လာမလဲ။ စာဖတ်သူတွေးကြည့်နိုင်ပါတယ်။